မြစ်ကြီးနား ဇွန် ၈
မြစ်ကြီးနားမြို့တွင်းသို့ ၀င်နိုင်ထွက်နိုင်တဲ့ လမ်းကြောင်း တွေမှာ လှည့်ကင်းတွေထားရှိ လှည့်လည် စစ်ဆေး နေပေမဲ့ အဖျက်သမားတွေဟာ မြို့ထဲကို အလွယ်တကူ ၀င်ရောက် နေထိုင်မှုတွေ ရှိနေတယ်လို့ မြစ်ကြီးနားမြို့က ဒေသခံ အချို့ပြောပြပါတယ်။ ဒါကြောင့် တပ်မတော်အနေနဲ့ မြို့ကြီးနားမြို့ရဲ့လမ်းဆုံလမ်းခွတွေနဲ့ အချက်အချာ ကျတဲ့နေရာတွေမှာ စနစ်တကျ စောင့်ကြပ်ပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။ လက်ရှိအခြေအနေမှာ ကချင်လက်နက်ကိုင် (KIA)အဖွဲ့တွေကြောင့် မြစ်ကြီးနားမြို့ပေါ်မှာကို လုံခြုံရေး စိတ်မချရတဲ့ အခြေအနေဖြစ်နေပါတယ်။ ဒေသခံပြည်သူတွေအနေနဲ့ စားဝတ်နေရေး မပြေလည်တဲ့ကြားထဲက ကိုယ့်အပေါ်ကျရောက်လာမယ့် အန္တရာယ်တွေ ကိုလဲ ဂရုတစိုက်ကြည့်နေရတယ်လို့ ပြောပါတယ်။
ဗန်းမော်မြို့မှာ ရေကြောင်းသွား သင်္ဘောတွေအတွက် နွေရာသီရေနည်းတဲ့ကာလမှာ တပ်ကလေး အောက်ဘက် ဆိပ်ကမ်းမှာ ဆိုက်ကပ်ရပါတယ်။ အခုရေများလာတဲ့အခါမှာတော့ မြို့နဲ့အနီးဆုံးဖြစ်တဲ့ ကန်သာဦးရွှေဗန်းမော်ဆိပ်ကမ်း မှာ ဆိုက်ကပ်နိုင်တော့မှာဖြစ်ပါတယ်။ ဆိပ်ကမ်းအလုပ်သမားတွေ အတွက်တော့ ကုန်တင်ကုန်ချလုပ်ငန်းတွေ ပြန်လည် စည်ကားလာပြီး ၀င်ငွေတွေတိုးလာမှာဖြစ်တဲ့ အချိန်ကာလကိုရောက်လာပါတော့မယ်။ ဒါပေမယ့်လို့ ကချင် လက်နက် ကိုင် အဖွဲ့(KIA)နဲ့ အစိုးရတပ်တွေ တိုက်ပွဲတွေဖြစ်နေတာကြောင့် အရင်နှစ်တွေကလို ကုန်တင်ကုန်ချလုပ်ငန်းတွေကနေ ၀င်ငွေမျှော်မှန်း သလောက်ရမှာ မဟုတ်လို့ စားဝတ်နေရေး ပြေလည်ရုံလောက်ပဲ ရှိလိမ့်မယ်လို့ ဗန်းမော်မြို့က ဆိပ်ကမ်း အလုပ်သမားတွေ ပြောဆို နေကြပါတယ်။
ဝိုင်းမော်မြို့ပေါ် ရပ်ကွက်တွေမှာ နေထိုင်တဲ့ ဒေသခံတွေက အစိုးရတပ်တွေနဲ့ KIA တပ်တွေ တိုက်ပွဲဖြစ်နေတာ ကြာမြင့်နေပြီဖြစ်လို့ မြစ်ကြီးနား-လိုင်ဇာလမ်းနှင့် မြစ်ကြီးနား ကန်ပိုက်တီးလမ်းတွေကနေ ကုန်ပစ္စည်းပို့ဆောင်မှုတွေ သိပ်မလုပ်နိုင်တော့တဲ့အတွက် သူတို့ ဒေသရဲ့ စီးပွားရေးတွေ ကျဆင်းနေတဲ့အကြောင်းပြောဆိုပါတယ်။ ပစ္စည်းဝင် ရောက်မှု နည်းပါး လာတာကြောင့် ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေပါတယ်။ အများပြည်သူတွေသွားလာနေတဲ့ လမ်းကြောင်းတွေကို ဖျက်ဆီးခြင်းမပြုဖို့နဲ့ လူထုတွေကို သေနတ်နဲ့ပစ်သတ်ခြင်းမပြုလုပ်ဖို့ KIA အဖွဲ့ကို တောင်းဆို နေကြပါတယ်။ ကချင် လက်နက်ကိုင်(KIA)ကတော့ ဘယ်သူဘာပြောပြော ဂရုစိုက်မဲ့အနေအထားမရှိပါဘူး။ ငြိမ်းချမ်းရေးလဲ အောင်မြင်အောင် လုပ်ဆောင်မှာ မဟုတ်လို့ ဒေသခံတွေ အလွန်ပဲ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေကြကြောင်း ဝေဖန်ပြောဆိုနေကြပါတယ်။
မိုးညှင်းမြို့မှ ဒေသခံပြည်သူတွေကတော့ ဇွန်လ(၁၅)ရက်နေ့မှာ စတင်ဖြန့်ဝေမဲ့ ငွေကျပ် တစ်သောင်းတန်နဲ့ ပတ်သက်လို့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ငွေကြေးသယ်ဆောင်မှုနဲ့ ငွေကြေးရေတွက်ရတာလွယ်ကူပေမဲ့ ၀ယ်ယူ သုံးစွဲသူတွေအနေနဲ့တော့ အခက်အခဲ ဖြစ်ပေါ် နိုင်တဲ့ အကြောင်း ပြောပါတယ်။ ဒါ့အပြင်ငွေကျပ်ငါးထောင်တန် တုန်းက အတုတွေ ထွက်တာရှိ သလို ငွေကျပ်တစ်သောင်းတန်ကိုလဲ အတုထွက်ပေါ်လာမှာကို စိုးရိမ်နေကြပါတယ်။ ၀ိုင်းမော် မှာရှိတဲ့ ဒေသခံတွေကတော့ သူတို့ဒေသမှာ အကြွေရှားပါးမှုပြဿနာ ဒီကနေ့တိုင်ရှိနေသေးတဲ့ အတွက် ကျပ် တစ်သောင်းတန် ထုတ်ပေးမဲ့ အစား ငါးဆယ်၊တစ်ရာ၊နှစ်ရာတန်များ ပေါပေါများများ ထုတ်ပေးစေလိုကြောင်း ပြောဆိုနေပါတယ်။ဒါ့အပြင် ငွေကျပ်တစ်သောင်းတန်ထုတ်ပေးတာနဲ့ တစ်ပြိုင်နက် ကုန်ဈေးနှုန်းမတက်အောင်လည်း တာဝန်ရှိသူတွေအပိုင်းက ထိန်းသိမ်းပေးမယ်ဆိုရင် ပြည်သူတွေအားလုံး ပျော်ပျော်ရွှင်ရွှင်ဖြစ်နေကြလိမ့်မယ်လို့ ကြားသိရပါတယ်။
မိုးမောက်မြို့နယ်အတွင်းမှာရှိတဲ့ ဒေသခံပြည်သူအချို့ကလည်း သူတို့ရဲ့ ရင်တွင်း ခံစားချက်တွေကို အခုလိုမျိုး ပြောပြပါတယ်။ နိုင်ငံတော်အတွင်းမှာ ငွေကျပ်တစ်သောင်းတန် ငွေစက္ကူ အသစ်ထုတ်လုပ်တာနဲ့ ပတ်သက်ပြီး စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ဘဏ်တွေငွေကြေး လွှဲပြောင်းခြင်းတွေမှာ ပိုမိုအဆင်ပြေ လွယ်ကူ လာပေမဲ့…အောက်ခြေနိုင်ငံ့ဝန်ထမ်း တွေနဲ့ အခြေခံ လူတန်းစားတွေကတော့ ကုန်ဈေးနှုန်းကြီးလာမှာကို အလွန်ပဲ စိုးရိမ်နေကြပါတယ်။ စီးပွားရေး သမားတွေ အနေနဲ့ ရွှေနဲ့ အခြားကုန်ပစ္စည်းတွေ သိုလှောင်တာတွေ လုပ်လာမယ် ဆိုရင်ကုန်ဈေးနှုန်းလဲကြီးလာမှာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။ အောက်ခြေ၀န်ထမ်းတွေနဲ့ အခြေခံ လူတန်းစားတွေ ၀င်ငွေနည်းပါးမှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု အကြောင်းပြ၍ ငွေကြေးအသစ် ထုတ်လုပ်သုံးစွဲမှုအပေါ် နိုင်ငံရေး အမြတ်ထုတ်လိုသူတွေက သွေးထိုးလှုံ့ဆော်မှုကြောင့် ဆန္ဒ ပြပွဲတွေ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မိတဲ့ အကြောင်း ပြောဆိုနေကြပါတယ်။http://kachindailynews.blogspot.com/2012/06/blog-post_08.html မှကူးယူဖော်ပြသည်။
No comments:
Post a Comment