Thursday, July 05, 2012

အစိုးရအတွင်း ပြောင်းလဲရေး လုပ်ရမည့်အချိန်

သမ္မတဦးသိန်းစိန်၏ အစိုးရ အဖွဲ့အတွင်း ရာထူးနေရာ အပြောင်းအလဲများ ပြုလုပ်တော့မည်ဟု သတင်းများ ထွက်ပေါ်နေပြီ ဖြစ်သည်။အစိုးရအဖွဲ့အတွင်းရှိ ခေါင်းမာဂိုဏ်းသားများ၊ လူမှန်နေရာမှန် မဟုတ်သူများ၊ စနစ်ဟောင်းတွင် နေခဲ့ချင်သူများကို ထုတ်ပယ်ရန် မြန်မာပြည်သူပြည်သားများ မျှော်လင့်နေသည်မှာ ကြာမြင့်ခဲ့ပြီ။မကြာခင်က လစ်လပ်ခဲ့သော ဒုတိယ သမ္မတ၏ နေရာကို အစားထိုးမှုအပြင် ဝန်ကြီးဌာန တချို့ကို ပေါင်းစည်းခြင်း၊ ခွဲဝေ နေရာပေးခြင်း၊ နေရာမှ အပြီးတိုင် ဖယ်ရှားခြင်း စသည်တို့ကို ဦးသိန်းစိန်အစိုးရ လုပ်ကိုင်တော့မည်ဟု မျှော်လင့်နေကြသည်။

သမ္မတ ဦးသိန်းစိန်ကလည်း ခေါင်းမာဂိုဏ်းသားများနှင့် ခေတ်နောက်ပြန် ဆွဲလိုများ နောက်ချန်နေရစ်ခဲ့ရန် အတိအလင်း ကြေညာခဲ့ပြီး ဖြစ်သည်။
လက်တွေ့တွင် နိုင်ငံတော်သမ္မတ အနေဖြင့် ရဲရဲဝံ့ဝံ့ ဆုံးဖြတ်လုပ်ကိုင်မည်လား ဆိုသော မေးခွန်းကို အများက မေးနေဆဲ ဖြစ်သည်။
သမ္မတ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အကောင်အထည် မဖော်နိုင်ခြင်း၊ တုံ့ဆိုင်း တုံ့ဆိုင်း ဖြစ်နေရခြင်း၏ တရားခံမှာ ဝန်ကြီး ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း၊ သမ္မတက ချမှတ်ထားသော စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု လမ်းစဉ်များကို ကိုယ်တိုင်ကိုယ်ကျ တာဝန်ယူ လုပ်ဆောင်မှု မရှိခြင်း၊ စနစ်ဟောင်း၊ အကျင့်ဟောင်းထဲတွင် တဝဲလည်လည် ဖြစ်နေသည့် ယခင် စစ်အစိုးရဟောာင်း၏ ဝတ္တရားကိုသာ ဖက်တွယ်နေခြင်း တို့အပြင် တာဝန်ယူမှု ကင်းမဲ့ခြင်းတို့ ဖြစ်သည်။
ထို့အပြင် လက်ရှိအစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူ အများစုသည် ယခင် စစ်အစိုးရ လက်ထက်တွင် တာဝန် ထမ်းဆောင် ခဲ့သူများ၊ လာဘ်စားမှု၊ ငွေအလွဲသုံးစားမှုကြီးများတွင် ပါဝင်ခဲ့သူများ ဖြစ်နေသည်ကို တွေ့ရသည်။
ထိုသူများကို ပြည်သူ အများစုက လက်မခံ၊ အသိအမှတ် မပြုကြကြောင်းကို အင်တာနက် လူမှုကွန်ယက်များ၊ သတင်းများ၊ ပြည်သူလူထု၏ အသံများမှတဆင့် သိရပြီး ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်၏ အစိုးရအဖွဲ့တွင် ထိုသူများကို မဖယ်ရှားနိုင်သေးသည့် အချက်အား ထောက်ပြကာ ဦးသိန်းစိန် အစိုးရအပေါ် ယုံကြည်မှု လျော့နည်းလာခဲ့သည်ကို တွေ့ရသည်။
ပြည်သူလူထု၏ ယုံကြည်မှုကိုးစားမှုကို ရယူရန် ယခုလုပ်ဆောင်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆက်လက်၍ အင်တိုက်အားတိုက် ရွေ့နိုင်ရန်အတွက် လူတော်လူကောင်း၊ လူမှန်နေရာမှန်များ၊ တိုင်းပြည်အကျိုးကို အမှန်တကယ် ဆောင်ရွက်မည့်၊ တိုင်းပြည်ဝန်ကို ထမ်းရွက်မည့် သူများ၊ ပြည်သူ့ဝန်ထမ်း များအား ရွေးချယ် ခန့်ထားရမည့် အချိန် ရောက်နေပြီဟု ဧရာဝတီက တိုက်တွန်းလိုက်ပါသည်။

No comments: