မြန်မာနိုင်ငံတွင်
ဂျပန်အစိုးရ၏ အကူအညီဖြင့် တစ်ခုလျှင် ဒေါ်လာခြောက်သန်းတန်
မုန်တိုင်းစောင့်ကြည့်ရေး ရေဒါနှစ်ခုကို ၂၀၁၃ ခုနှစ်တွင် စတင်
တပ်ဆင်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန
ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောကြားခဲ့သည်။
ရေဒါများကို
ရန်ကုန်မြို့တော်နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တို့တွင် တပ်ဆင်ရန်
သဘောတူညီမှု ရပြီးဖြစ်ကြောင်း၊ ယင်းကဲ့သို့ ရေဒါများ တပ်ဆင်ခြင်းဖြင့်
မုန်တိုင်းအင်အား၊ တိုက်ခတ်မည့်မိုင်နှုန်း၊ နေရာနှင့် အကျယ်အဝန်းတို့ကို
ကြိုတင်သိရှိနိုင်မည်ဖြစ်ကြောင်း၊ မုန်တိုင်းအန္တရာယ်ကို မတိုက်ခတ်မီ ၄၈
နာရီခန့် ကြိုတင်သိရှိနိုင်ကြောင်း ၄င်းကရှင်းပြသည်။ ရေဒါတပ်ဆင်ရန်
နေရာများကို ကွင်းဆင်းလေ့လာပြီးဖြစ်ကြောင်း၊ ရေဒါတပ်ဆင်ပါက
ဂျပန်ပညာရှင်များက နည်းပညာ အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ
သတင်းပြန်ကြားရေး တာဝန်ခံ ဒေါ်သက်မွန်သန့်က ပြောကြားသည်။ “ကိရိယာထက် လူကလည်း
အရေးပါတယ်။ ကိရိယာရှိပြီး လူကအသုံးမချတတ်ရင်လည်း အလကားပဲ။
မုန်တိုင်းစောင့်ကြည့် လေ့လာရေးဆိုတာ မိုးလေဝသနဲ့ ဇလဗေဒမှာ
သီးခြားပညာရပ်တစ်ခုအနေနဲ့ လေ့လာရတာ။ အဲဒီတုန်းက ကိရိယာတွေလည်း ရှိမယ်။
လူကလည်း အသုံးချတတ်မယ်ဆိုရင် ထိခိုက်မှုနည်းမယ်” ဟု ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်
မေလက တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းတွင် မုန်တိုင်းစောင့်ကြည့်လေ့လာရေး
ကိရိယာများ ရှိခဲ့ပါက မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်မှုနှင့် ပတ်သက်၍
ဦးချစ်ကျော်က ပြန်လည်ပြောကြားခဲ့သည်။ ယခု ၂၀၁၃ ခုနှစ်တွင် တပ်ဆင်မည့်
မုန်တိုင်းလေ့လာရေး ရေဒါများကို ဂျပန်အစိုးရနှင့် မြန်မာနိုင်ငံ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်း၍
တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
From : ခေတ်လူငယ်
No comments:
Post a Comment