Wednesday, October 16, 2013
မွန်ပြည်နယ်ဘီးလင်းတွင် အောက်တိုဘာ ၁၅ရက်ကဖမ်းဆီးရမိသည့် ဗုံးဖောက်ခွဲမှုတရားခံဟု ယူဆရသူ သုံးဦးက ၎င်းတို့ဖောက်ခွဲမှုများကျူးလွန်ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီး ချုပ် ဦးမြင့်ဆွေက အရှေ့တောင်အာရှ အားကစားပြိုင်ပွဲလုပ်ငန်းအကြိုညှိနှိုင်းပွဲတွင် ထုတ်ဖော်ပြောကြား ခဲ့သည်။
ဦးမြင့်ဆွေက''ထရိတ်ဒါး အပါအဝင် ဗုံးဖောက်ခွဲမှုတွေမှာ ကျူးလွန်တဲ့သူတွေကို ၂၄နာရီ အတွင်း ဖော်ထုတ် ဖမ်းဆီး နိုင်ခဲ့ပါပြီ။ သူတို့တွေကို စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါမှာ ဖောက်ခွဲမှု တိုင်းမှာ သူတို့သုံးဦးပါဝင်ပတ် သက်ခဲ့တယ်လို့ ဝန်ခံလိုက်ပါပြီ။ ဆီးဂိမ်းပြိုင်ပွဲကို ဆုံးရှုံးအောင် နှောင့်နှေးအောင်ဆောင်ရွက်နေတဲ့ အဖွဲ့ အစည်းတွေ အများကြီး ရှိပါတယ်''ဟု ပြောသည်။
ယခုဖမ်းဆီးရမိသောသူ သုံးဦးမှာ ရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားနေသော ဗုံးပေါက်ကွဲမှုများ၊ ဗုံးတွေ့ရှိမှု များနှင့်ဆက် နွှယ်ပတ်သက်သောသူများဖြစ်ပြီး ၎င်းသုံးဦးအား ဘီးလင်းမြို့တွင် ဖမ်းဆီးရမိခဲ့ကာ ထိုမှတစ် ဆင့် ရန်ကုန်သို့ ခေါ်ဆောင်လာပြီး အောက်တိုဘာ၁၅ရက်က စတင် စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ အရှေ့ ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး ကြီးမြင့်အေးက''သူတို့ကို ဘီးလင်းကနေ ဖမ်းဆီး ရမိခဲ့တာပါ။လောလောဆယ်တော့ဖမ်းဆီးရမိတဲ့သူသုံးယောက်ကို စစ်ဆေးနေတယ်။ သူတို့တွေသုံးယောက် က လတ်တလောဖြစ်ပွားနေတဲ့ ပေါက်ကွဲမှုတွေ၊ ဗုံးတွေ့ရှိမှုတွေနဲ့ပတ် သက်ဆက်နွှယ်မှုတွေရှိတယ်''ဟု ပြောသည်။
၎င်းတို့သုံးဦးသည် ထရိတ်ဒါးဟိုတယ် အခင်းဖြစ်ပွားရာအခန်းတွင် အောက်တိုဘာ၁၂ရက် မှ ၁၃ရက်အထိ တည်းခိုနေထိုင်သွားကြောင်း၊ ၎င်းတို့၏ပုံသဏ္ဌာန်များကို သက်ဆိုင်ရာတာဝန်ရှိသူများက စီစီတီဗွီကင်မရာ မှ မှတ်တမ်းရယူနိုင်ခဲ့ကြောင်းသိရသည်။
ထို့အပြင် ၎င်းတို့အား စစ်ဆေးဆောင်ရွက်မှုများမှတစ်ဆင့် ကျန်ဆက်နွှယ်ပတ်သက်သည့် တရားခံများကို လည်း ဆက်လက် ဖမ်းဆီးနိုင်ရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
ယခုဖမ်းဆီးရမိသူများမှာ စောမြင့် လွင် ၂၆နှစ်၊ ကရင်ပြည်နယ် ဖာပွန်မြို့တွင်နေထိုင်သူ နှင့် အခြားနှစ်ဦး တို့ဖြစ်ပြီး ၎င်းတို့အားသထုံခရိုင်ရဲတပ်ဖွဲ့မှူးပါဝင် သောအဖွဲ့နှင့် ရန်ကုန်တိုင်းရဲအ ထူးဖမ်းဆီးရေးတပ်ဖွဲ့တို့ ပူးပေါင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၉ရက်မှ၁၅ ရက်အထိ ရန်ကုန်၊ ဖြူး၊ တောင်ငူ၊ မန္တလေး၊ စစ်ကိုင်းတို့တွင် ဗုံးပေါက်ကွဲမှုနှင့် ဗုံးတွေ့ရှိမှုအရေအတွက်မှာ စုစုပေါင်း ၁ဝလုံးခန့်ရှိကြောင်း သိရသည်။
Yangon Media Group

No comments:
Post a Comment