Friday, October 04, 2013

မိကျောင်းကန် သပိတ်စခန်းအား အင်အားသုံး မဖြေရှင်းဟု ဆို


Friday, October 4, 2013

မြို့ တော်ခန်းမရှေ့တွင် မိကျောင်းကန်အဖွဲ့များသပိတ်စခန်းဖွင့်လှစ်ပြီး ဆန္ဒဖော်ထုတ်နေမှုအား အင်အား သုံးဖြေရှင်းမှုကို ပြုလုပ်မည်မဟုတ်ကြောင်း ယနေ့ညနေပိုင်းကပြုလုပ်သည့် မြို့တော်ခန်းမ သတင်းစာ ရှင်းလင်းပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်သည့်အဖွဲ့က ပြောသည်။

အောက်တိုဘာ ၂ရက် မွန်းတည့် ၁၂နာရီအချိန်မှစတင်ပြီး ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် စုစုပေါင်း အကျယ်အဝန်း ဧက၃၀ ကျော်ရှိသော တပ်သိမ်းမြေ မိကျောင်းကန်ရပ်ကွက် အပိုင်း ၁၊ ၂၊ ၃မှ ပြည်သူ ၅ဝဝခန့်က မြို့တော်ခန်းမရှေ့တွင် သပိတ်စခန်းဖွင့် ဆန္ဒဖော်ထုတ်နေခြင်းဖြစ်ပြီး ယင်းအခြေအနေကို ဝင် ရောက်ညှိနှိုင်းမှုပြုလုပ်ပေးနေသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့က လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း ဦးဆောင်သည့်အဖွဲ့က အောက်တိုဘာ ၃ ရက်ညနေ၄နာရီခန့်တွင် ပြည်တွင်းသတင်း ထောက်များကို ခေါ် ယူတွေ့ဆုံပြောကြားခြင်း ဖြစ် သည်။

''သူတို့ရဲ့ ကိုယ်စားလှယ် အဖွဲ့ကိုလဲပြောပြီးသားပါ။ ဥပဒေနဲ့အညီ လုပ်ကိုင်ဖို့ပြောပြီးသားပါ။ ဒီသပိတ် စခန်းကို ဖျက်သိမ်းပြီး ကိုယ်စားလှယ်တွေက အချိန်မရွေးညှိနှိုင်းလို့ရတယ်လို့ လဲ ဖုန်းနံပါတ်နဲ့ တကွ ပြော ထားပါတယ်။ ဒီလို သပိတ်စခန်းဖွင့်လှစ် ဆန္ဒဖော်ထုတ်မှုကြောင့် နိုင်ငံရဲ့ ပုံရိပ်ကိုလဲ ထိခိုက်ပါတယ်။ ဆုံးရှုံး နစ်နာခဲ့မှုတွေအတွက် ပိုင်ဆိုင်မှုအထောက်အထား အပြည့်အစုံနဲ့ တင်ပြတောင်းခံပါ။ စိစစ်ပေးပါမယ်ဆိုပြီး ပြောထားပါတယ်''ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက အရေး ပေါ် ခေါ်ယူတွေ့ဆုံသည့် သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင် ပြောသည်။

''ပြောချင်တာကတော့ ဆန္ဒဖော်ထုတ်သူတွေအနေနဲ့ ဥပဒေနဲ့အညီသွားဖို့၊ ဒီအတိုင်းတော့ ရေရှည်နေလို့ မရဘူး။ ရေရှည်လဲ ခွင့်ပြုမှာမဟုတ်ပါဘူး''ဟု လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောသည်။

ရဲမှူးကြီးသက်လွင်က'' အခုချိန်အထိ စောင့်ကြည့်နေပါတယ်။ အင်အားသုံးဖြေရှင်းဖို့ မရှိပါဘူး။ မလိုအပ်ဘဲ နဲ့ အင်အားသုံးဖြေ ရှင်းလိုက်ရင်ပြည်သူလူထုရဲ့အမြင်မှာ ရွေးချယ်ခံ အစိုးရအတွက် နိုင်ငံရေးသိက္ခာကျမှာ
 ကြောက် တဲ့အတွက် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတို့နဲ့ တိုင်ပင်ပြီး အခုလိုအင်အားမသုံးဖို့ ဆုံးဖြတ် ထားပါတယ်။ ဒါဟာ မလုပ်ရဲတာထက် မလုပ်သင့်ဘူးလို့ မြင်လို့ပါ''ဟု အောက်တိုဘာ၃ရက် ညနေပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

Yangon Media Group

No comments: