Wednesday, October 16, 2013
အာဖဂန် နစ္စတန်တွင် ဗလီတစ်ခုအား ဗုံးခွဲတိုက်ခိုက်မှုအတွင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးတစ်ဦး သေဆုံး သွားကြောင်း သိရှိရသည်။ လိုဂါဒေသ အုပ်ချုပ်ရေးမှူး အာဆာလာ ဂျာမဲလ်သည် ဗလီတစ်ခုရှေ့တွင် အီးဒ်နေ့ အခမ်းအနား၌ လာရောက် ဝတ်ပြု ဆုတောင်းသူများအား နှုတ်ဆက်နေစဉ် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ရှေ့ စားပွဲအောက်တွင် ဗုံးထောင်ထားပြီး အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲခဲ့ခြင်းဟု ယူဆရသော တိုက်ခိုက်မှုတွင် အုပ်ချုပ်ရေးမှူး သေဆုံးခဲ့ပြီး လူ(၁၅)ဦးထက်မနည်း ဒဏ်ရာများ ရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာ ရရှိသူများအနက် အခြေအနေ ဆိုးရွားသူများလည်း ပါဝင်ကြောင်း ဂျာမဲလ်၏ ပြောရေးဆို ခွင့်ရ အရာရှိများက ပြောကြားခဲ့သည်။
လိုဂါဒေသသည် မြို့တော်ကဘူးလ်၏ တောင်ဘက်တွင် တည်ရှိပြီး ယခုဗုံးခွဲမှုသည် အာဖဂန်ကို တစ်စထက်စ တစ်စ ဩဇာသက်ရောက် ကြီးစိုးလာသည့် တာလီဘန် စစ်သွေးကြွတို့၏ လက်ချက်ဟု ယူဆရသည်။ လိုဂါရှိ အဓိက ဗလီကျောင်းကြီးရှေ့တွင် ယခုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဟုလည်း သိရသည်။ လက်ရှိအချိန်ထိ မည်သည့်အဖွဲ့ကမှ တိုက်ခိုက်မှုနှင့်ပတ်သက်၍ တာဝန်ရှိကြောင်း မကြေညာသေးချေ။ ဂျာမဲလ်သည် ကနေဒါမှ အာဖဂန်သို့ ပြန်လာခဲ့ပြီး ဧပြီလကမှ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခံရသူ ဖြစ်သည်။
၎င်းသည် ယခင်က အရှေ့ဘက်ပိုင်းရှိ ကော့စ်ဒေသကို အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့ဖူးသည်။ အိမ်နီးချင်း ပါကစ္စတန်တွင် တာလီဘန် ခေါင်းဆောင် တစ်ဦးဖြစ်သော လာတစ်ဖ်မာဆာ့ဒ်ကို အမေရိကန် တပ်ဖွဲ့များက ဖမ်းဆီးပြီးနောက် ရက်ပိုင်းမျှ အကြာတွင် ယခုတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
Planet Myanmar Network

No comments:
Post a Comment