Wednesday, October 16, 2013
သစ်တောထဲတွင် သဘာဝအလျှောက် လှုပ်ရှားသွားလာနေသည့် ဝက်ဝံတစ်ကောင်က စန္ဒရား တီးနေသော မြင်ကွင်းသည် အမှန်တကယ် အံ့ဩစရာ အခြေအနေမျိုး ဖြစ်နိုင်သည်။ သို့သော်လည်း အမေရိကန် နိုင်ငံမှ ဓာတ်ပုံဆရာ တစ်ဦးသည် ထိုမြင်ကွင်းမျိုးကို အစစ်အမှန် မှတ်တမ်းတင် ရိုက်ကူးပြခဲ့သည်။ မိန်းရှိ ပရက်စ်ကဲလ်အစ္စလီ သစ်တောမြေများတွင် ဓာတ်ပုံဆရာ ပေါလ်ဆိုင်ရာ ပိုင်ဆိုင်သည့် ဥယျာဉ်မြေတစ်ခု ရှိသည်။ ထိုဥယျာဉ်ထဲသို့ အမေရိကန် ဝက်ဝံနက်များ လာရောက်လေ့ ရှိတတ်ပြီး ပေါလ်ကလည်း ၎င်းတို့၏ လှုပ်ရှားမှုများကို သဘောတကျ စောင့်ကြည့်နေကျ ဖြစ်သည်။ ထို့နောက်တွင်မူ ပေါလ်သည် ဝက်ဝံနက်တို့၏ စပ်စပ်စုစု နိုင်လွန်းသော အကျင့်စရိုက်ကို သတိပြုမိပြီးနောက် စိတ်ကူးကောင်းလေးတစ်ခု ရရှိလာခဲ့သည်။ ယင်းမှာ ဝက်ဝံနက်များက လူသားတို့၏ဟန်ပန်အမူအယာမျိုးပြုလုပ်နေသည့် သဘာဝပုံရိပ်များကိုမှတ်တမ်း တင်ရန် ဖြစ်သည်။
ပေါလ်သည် ၎င်း၏ ဥယျာဉ်ခြံထဲတွင် လူသုံးကုန် ပစ္စည်းများကို ဖြန့်ချထားလိုက်သည်။ ထို့နောက် ဝက်ဝံ နက်များကို အစာဖြင့်မျှားကာ ၎င်းလိုချင်သည့် အခြေအနေမျိုးရရှိအောင် စိတ်ရှည်လက်ရှည် စောင့်ဆိုင်း ကာ ဓာတ်ပုံများ ရိုက်ယူခဲ့သည်။ ပေါလ်သည် (၃)နှစ်တာ အချိန်အတွင်း ထိုခြံမြေဘက် သွားရောက်ကာ ပုန်းလျှိုးကွယ်လျှိုး အနေအထားဖြင့် ဓာတ်ပုံများရိုက်ယူခဲ့ခြင်းဖြစ်သည်။ ထို့နောက်တွင်မူ ဝက်ဝံနက် မိသားစု (၄)ခု၏ ရယ်ရွှင်ဖွယ် ဓာတ်ပုံကောင်းများကို ပေါလ်က စုဆောင်းနိုင်ခဲ့သည်။
ပုံတစ်ပုံထဲတွင် ဝက်ဝံပေါက်လေးတစ်ကောင်က ထောက်တိုင်တပ်ဆင်ထားသည့် ကင်မရာပေါက်ကိုချောင်း မြောင်းနေသည်ကို တွေ့ရသည်။ နောက်တစ်ကောင်က စန္ဒရားခုံပေါ်တက်ထိုင်ကာ ခလုတ်များပေါ် လက်တင်ပြီး တီးခတ်နေဟန်ရှိနေပြီး နောက်တစ်ကောင်ကလည်း ဖွင့်ထားသည့် ကားစက်ဖုံးတွင် လက်နှိုက် ကာ ပြင်ဆင်နေသည့် ပုံစံမျိုး ဖြစ်နေသည်။ နောက်တစ်ကောင်က မှန်ကြည့်ရင်း အံ့ဩနေသလို ဝက်ဝံကြီး တစ်ကောင်ကလည်း ကွန်ပျူတာ အသုံးပြုနေဟန် တွေ့မြင်နေရသည်။
ပေါလ်က ထိုဓာတ်ပုံများ ဖန်တီးရန် အချိန်ယူပြီး အစာနေရာချမှုများကို တွက်ချက်ကာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းခဲ့ရကြောင်း ပြောကြားခဲ့သည်။ "ဝက်ဝံပေါက်လေးကို ကြည့်ရတာ ကင်မရာကို ကောင်းကောင်း ကိုင်တတ်တဲ့ ပုံစံမျိုးဗျ။ ကင်မရာနဲ့ ထောက်တိုင်ကြားမှာ ကျွန်တော် ယိုနည်းနည်း သုတ်ထားတယ်လေ။ ဒီကောင်လေး ရောက်လာတော့ သူ့လက် အနေအထား ကျွန်တော် လိုချင်တဲ့အတိုင်း ဖြစ်လာတယ်။ ဒီပုံကို ပြန်ကြည့်တိုင်း ကျွန်တော် ရယ်မိတယ်"ဟု ပေါလ်က ဆိုသည်။ ၎င်းက "စန္ဒရားတီးနေတဲ့ ဓာတ်ပုံမှာတော့ ကျွန်တော် နေကြာစေ့ကို သုံးခဲ့တယ်။ ဝက်ဝံတွေ သိပ်ကြိုက်တဲ့ အစာပေါ့ဗျာ။ ဒါပေမဲ့ အစေ့လေးတွေက သေး
တယ်လေ။ တစ်စေ့ချင်း လိုက်ကောက်ဖို့က ဝက်ဝံတွေအတွက် အရမ်းခက်ပါတယ်။ ဒီတော့ သူတို့က လက်သည်းတွေနဲ့ ကလော်ထုတ်ပြီး စန္ဒရားတီးတဲ့ ပုံစံမျိုး ဖြစ်သွားတာပါပဲ"ဟုလည်း ရှင်းပြသွားသည်။
Planet Myanmar Network

No comments:
Post a Comment