Wednesday, October 16, 2013

အများအနှောင့်အယှက်ဖြစ်စေသဖြင့် မက်ဒေါနားကို ရုပ်ရှင်ရုံ ဝင်ခွင့်ပိတ်ပင်


Wednesday, October 16, 2013

အများ အနှောင့်အယှက် ဖြစ်လောက်သည့် အပြုအမူ တစ်ရပ်ကြောင့် မက်ဒေါနားကို ရုပ်ရှင်ရုံ လုပ်ငန်းကြီး တစ်ခုက ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။ Popဂီတ ကြယ်ပွင့် အဆိုတော်သည် 12 Years A Slave ရုပ်ရှင်ဇာတ်ကားကို သွားရောက် ကြည့်ရှုခဲ့ပြီး ရုပ်ရှင်ရုံထဲတွင် တောက်လျှောက် Text Message ပေးပို့နေခဲ့ကြောင်း သတင်းများက ဆိုသည်။ နယူးယော့ခ် ရုပ်ရှင်ပွဲတော်တွင် ပြသသော ယင်းဇာတ်ကားကိုလေးလေးနက်နက် ကြည့်ရှုခံစားနေသူများ အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်သောကြောင့် ရုပ်ရှင်ရုံ တာဝန်ရှိသူများက မက်ဒေါနားကို Text Message ပေးပို့မှု မပြုလုပ်ပါရန် ပန်ကြားခဲ့သော်လည်း Material Girl အဆိုတော်က အလေးမထားခဲ့ဟု ဆိုသည်။

ထို့ကြောင့်လည်း Alamo Drafthouse ရုပ်ရှင်ရုံ လုပ်ငန်းစုက ယင်းတို့၏ ရုပ်ရှင်ရုံများသို့ မက်ဒေါနားအား ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်လိုက်ပြီဖြစ်သည်။ 

ယင်းတားမြစ်မှုသည် သူမက ပြန်လည် မတောင်းပန်မချင်း သက်ရောက်နေမည်ဟု သိရှိရသည်။ Salon Filmမှ ရုပ်ရှင် ဝေဖန်ရေးသမား ချားလ်စ်တေလာက "အနက်ရောင် ဇာပန်းလက်အိတ်နဲ့ ဆန်းကျယ်တဲ့ အမျိုးသမီး တစ်ယောက်ဟာ ရုပ်ရှင်ကို ကောင်းကောင်းမကြည့်ဘဲ ဇာတ်ကား တစ်ဝက်လောက်ထိ သူ့ရဲ့ Blackberry ဖုန်းကနေ Messageပို့ရင်း အလုပ်ရှုပ်နေခဲ့တယ်။ 

အဲဒီတော့ သူ့နောက်နားက အမျိုးသမီးတစ်ယောက်က ပခုံးကိုလက်နဲ့တို့ပြီး ဖုန်းကိုသိမ်းထားပါလို့ မေတ္တာ ရပ်ခံခဲ့တယ်။ ဒါပေမဲ့ အဲဒီအမျိုးသမီးက ဒါက အလုပ်လုပ်နေတာလို့ ပြန်ဖြေတယ်။ ကျွန်တော်ကတော့ အဲဒီ အမျိုးသမီးကို သူ့လုပ်ပုံကိုင်ပုံက ဘယ်လောက်တောင် ရှက်စရာဖြစ်နေသလဲဆိုတာကို ပြောပြလိုက်ချင် တယ်"ဟု ၎င်း၏ Blogတွင် ဝေဖန် ရေးသားခဲ့သည်။ 

မက်ဒေါနားသည် ရုပ်ရှင်ရုံမှ ပြန်အထွက်တွင် ဒါရိုက်တာ စတိဗ်မက်ကွင်းနှင့် တွေ့ဆုံကာ ၎င်း၏ ဖန်တီးမှု လက်ရာကို ချီးကျူးနေခဲ့သေးသည်။ ရုပ်ရှင်ရုံဘက်မှ ပိတ်ပင်မှုနှင့်ပတ်သက်ပြီး မက်ဒေါနား၏ ကိုယ်စား လှယ်က တစ်စုံတစ်ရာ မှတ်ချက် မပေးသေးဟုလည်း သိရှိရသည်။

Planet Myanmar Network

No comments: