Thursday, October 17, 2013

လုံခြုံရေး အခြေအနေအရ ဆီးဂိမ်းစ်အတွက် လျာထားသော ဟိုတယ်များကို စစ်ဆေးမည်


Thursday, 17 October 2013 

လုံခြုံရေးအခြေအနေအရ ဆီးဂိမ်းစ်အတွက် လျာထားသော ဟိုတယ်များကို လာမည့်အပတ်မှစ၍ ဟိုတယ် ဇုန်အဖွဲ့မှ လိုအပ်ချက်များ စစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်းနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနတို့မှ တာဝန်ရှိသူများက ပြောကြားသည်။

မြန်မာနိုင်ငံသည် အိမ်ရှင်အဖြစ်လက်ခံ ကျင်းပမည်ဖြစ်သော ဆီးဂိမ်းစ်ပြိုင်ပွဲကာလမှာ နီးကပ်လာပြီ ဖြစ် သော်လည်း ပြိုင်ပွဲများ အဓိက ပြုလုပ်မည်ဖြစ်သော ဒေသများရှိ နေရာများတွင် ဗုံးပေါက်ကွဲမှုများ၊ ဗုံးတွေ့ရှိ မှုများ ဖြစ်ပေါ်နေသည့်အပြင် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် နိုင်ငံခြားသားများ တည်းခိုရန် လျာထားသော ကုန်သည်ကြီးများ ဟိုတယ်မှာဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အတွက် ယင်းကဲ့သို့ ပြုလုပ်ရခြင်း ဖြစ်ကြောင်း လည်း သိရသည်။

ဟိုတယ်များအနေဖြင့် စီစီတီဗွီ ကင် မရာများ တပ်ဆင်ခြင်းနှင့် ဟိုတယ်ရှိ လုံခြုံရေးဝန်ထမ်းများနှင့် တာဝန်ရှိ အကြီးအကဲများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

"လုံခြုံရေးကတော့ ဂရုစိုက်မှဖြစ်မယ့်အနေအထားပါ။ ဒါကြောင့်မို့ လာမယ့်တစ်ပတ်ကစပြီး ဆီးဂိမ်းစ်မှာ အဓိကပါဝင်တဲ့ ဟိုတယ်တွေရဲ့လုံခြုံရေး လိုအပ်ချက်တွေ၊ စံနှုန်းတွေကို စစ်ဆေးမှုတွေ ပြုလုပ်သွားရ မှာပါ"ဟု ရန်ကုန်ဟိုတယ်ဇုန် ဥက္ကဋ္ဌက ပြောကြားသည်။

ရန်ကုန်-နေပြည်တော်-မန္တလေးတို့တွင် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ဟိုတယ်အလုံးပေါင်း ၈၆ လုံးမှ အခန်းပေါင်း ၇၀၀၀ ကျော် ထားရှိမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ရန်ကုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အဓိကလျာထားပြီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော ကုန်သည် ကြီးများဟိုတယ်၊ Sedona ဟိုတယ်၊ စင်ထရယ်ဟိုတယ်၊ အင်းလျားလိတ်တို့မှာ အဓိက ပါဝင်မည် ဖြစ်ပြီး ပြည်တွင်း ဟိုတယ်အချို့ကိုလည်း လျာထားကြောင်း သိရသည်။        

အောက်တိုဘာ ၁၅ ရက်မှစပြီး တစ်နိုင်ငံလုံး အတိုင်းအတာရှိ ဟိုတယ်များအား လုံခြုံရေးကို သတိထားပြု လုပ်ရန် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနက သတိပေးမှုများ ပြုလုပ်ခဲ့သည်။       

eleven media group

No comments: