Wednesday, October 30, 2013

အဖေ ယူစေချင်တဲ့ ငြိမ်းချမ်းရေးကို နှစ်ခါပြန် မယူချင်သူ (KNU ဗိုလ်ချုပ်မြရဲ့သား KNU-KNLA-PC ဗျူဟာမှူးစောနေစိုးမြနှင့်တွေ့ဆုံခြင်း)


Wednesday, October 30, 2013 

ယနေ့တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး သဘောထားလေး သိချင်ပါတယ်။

စိတ်သဘောထားကတော့ ရိုးရိုးလေးပါ။ လိုချင်တာကငြိမ်းချမ်းရေးပါပဲ။ နိုင်ငံတော်ကလည်း ငြိမ်းချမ်းရေး အပေါ် စိတ်ပါလက်ပါနဲ့ တံခါးဖွင့်ပေးဖို့လိုတယ်။  လက်ခံဖို့လိုအပ်တယ်။ အဲဒါတွေပံ့ပိုးပေးမှပဲ တိုင်းရင်း
သား တွေအနေနဲ့ တိကျတဲ့ အဖြေကို စုစည်းလို့ရမယ်။ နိုင်ငံတော် ဘက်ကလည်း အဲဒါမှသာ လိုချင်တဲ့ ထာဝရငြိမ်းချမ်းရေးရမယ်။

ယခုလက်ရှိ ငြိမ်းချမ်းရေးတွေလုပ်တယ်။ အောင်မြင်အောင်တော့ လုပ်နေတာပဲ။ ဒါပေမဲ့ ကချင်မှာ မပြတ် သေးဘူး။ ဒီအပေါ်မှာရော။ တိုက်ပွဲဖြစ်တယ်ဆိုတာ နှစ်ဦးနှစ်ဖက် အားနည်းချက်ရှိလို့ပဲ။ တစ်ဦးနဲ့တစ် ဦးယုံကြည်မှုမရှိလို့ပေါ့။ တိုက်ပွဲဖြစ်ကြတာပဲ။ တိုင်းရင်းသားအားလုံးမှာရော တစ်ဦးချင်းစီမှာရော ကိုယ်ပိုင် ခံစားချက်ရှိကြတယ်လေ။ သူရဲ့ခံစားချက်ကို သူပြောတာပဲ။ ဥပမာပေါ့ဗျာ ဆရာဝန်တစ်ဦးဟာ လူနာကဘာ ဖြစ်နေတယ်ဆိုတာ ပြောပြမှ ကုလို့ရမှာပေါ့။ လူနာမပြောရင် ဘယ်လိုကုလို့ရမှာလဲ။ ဘာဖြစ်မှန်းမှ မသိတာ။ မှန်မှန်ကန်ကန်နဲ့ ဖြစ်ရပ်မှန်ကို ဆွေးနွေးရမယ်လေ။ နိုင်ငံတော်ကလည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ သဘောထားဖြောင့်ရမယ်။ မှန်ကန်ရမယ်။ ဟိုတစ်နေ့ကပဲ ငြိမ်းချမ်းရေးဆွေးနွေးတယ်။ တစ်ယောက်မှ ပြတ်ပြတ်သား သားမပြောကြဘူး။ 

ကျွန်တော့်အနေနဲ့ကတော့ ပြတ်ပြတ်သားသားပဲ။ နိုင်ငံတော်က စိတ်ကောင်းစေတနာကောင်းနဲ့အထူး အလေးထားဖို့ လိုအပ်တယ်။ တိုင်းရင်း သားတွေညီညွတ်အောင်လည်း ရိုးသား ဖြောင့်မတ်စွာလုပ်ရမယ်။ အထူးသဖြင့် ကရင်တွေ ညီညွတ်မှဖြစ်မယ်။ ကရင်တွေ မညီညွတ်ရင် ဒီနိုင်ငံမှာ အေးချမ်းမှာ မဟုတ်ဘူး။ အိမ်ဘေးမှာတကျက်ကျက် ဖြစ်နေရင် ပတ်ဝန်းကျင်လည်း နေလို့မရဘူး။ အစိုးရကလည်း သံသယကင်းစွာနဲ့ စုစည်းတာကို ခွင့်ပြုရမယ်။

မြ၀တီမြို့မှာ ကရင်တိုင်းရင်းသား တွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်တယ်လို့ သိရတယ်။ အဲဒါကရော။

ငြိမ်းချမ်းရေးမအောင်မြင်တာက အဲဒီလိုပွဲတွေပဲဗျာ။ ဆွေးနွေးပါတယ်ဆို ပွင့်လင်းရမှာပေါ့။ ပွင့်ပွင့်လင်း လင်းပြောချင်တယ်။ ဒါပေမဲ့ ဒီပွဲကိုလာတဲ့ပုဂ်္ဂိုလ်တွေက ခေါင်းဆောင်တွေ လွှတ်ပေးလိုက်တဲ့ လူငယ်တွေ ဖြစ်နေတယ်။လူငယ် တွေစုစည်းတယ်။ အစည်းအဝေးပြီးတာ နဲ့အဖြေလည်းမထွက်ခဲ့ဘူး။ခေါင်းဆောင် ဆိုတာ တစ်ယောက်မှ မလာတော့ဘူး။ အစည်းအဝေးဆုံးဖြတ်ချက်က ဘာမှ မအောင်မြင်ဘူးပေါ့ဗျာ။ ကျွန်တော်ဆွေး နွေးပွဲကို တက်တာကလည်း က KNU-KNLA-PC တာဝန်ပေးချက်အရ ဖိတ်ကြားချက်အရ သွားရတာဖြစ်တယ်။ ကြည့်လိုက်တဲ့အခါမှာ တာဝန်ရှိတဲ့သူ တစ်ယောက်မှမပါဘူး။ အချိန်ကလည်း နည်း။ ဒီလိုနဲ့ ပြီးခဲ့ရတာ။

အဲဒီမှာ ဖဒိုမန်းငြိမ်းမောင်ကပြောတယ်။ ဒီနေ့ငြိမ်းချမ်းရေးဟာ ၉၀.၈ ရာခိုင်နှုန်းအောင်မြင်ပြီဆိုတော့ ဒီအပေါ် ရောဗျူဟာမှူးတို့အနေနဲ့ဘယ်လိုသဘော ရသလဲ။

အဲဒါလား။ အဲဒါက ကျွန်တော်တို့ ဘက်ကလေ။ ကျွန်တော်တို့ဘက်က ၉၀.၈ တောင်မကဘူး။ ၉၉ တောင် ရှိတယ်။ ဒါပေမဲ့ ၁ ရာခိုင်နှုန်းက နိုင်ငံ တော်အစိုးရသဘောထားအပေါ်မူတည်တယ်။ သူ့ဘက်ကမှ သဘော ထားမရှိရင် တိုက်ပွဲတွေက ဆက်ဖြစ်နေကြဦးမှာပဲ။ ဒါက ကျွန်တော်တစ်ယောက်တည်း အမြင်နော်။ ဦးမန်းငြိမ်းမောင်စကားပြောတာ ဖောင်းတာတွေရှိတယ်ဗျာ။ ဘယ်လိုဖောင်းလဲဆိုတော့ “KNU ဗဟို ကိုယ်စား အနေနဲ့ လာတယ်”” လို့ပြောတယ်။

နောက်တစ်ချက်ကတစ်စုံတစ်ရာဖြစ်ခဲ့ရင် သူလည်းပစ်သင့်ရင် ပစ်မယ်ပေါ့ဆိုတဲ့ စကားကလည်း အင်မတန် ဖောင်းတယ်။ ဒီစကားကသူမပြောသင့်ဘူး။ သာမန်စကားအနေနဲ့ ဒီစကားကို ထားမယ်ဆို ရင်သိပ်ကိစ္စ မရှိဘူး။ သူ့စကားကြောင့် ငြိမ်းချမ်းရေးထိခိုက်နိုင်တယ်။ သူပြောလိုက်တဲ့စကားက ရှေ့ဆက်တိုက်ပွဲဖြစ် ချင်တဲ့သဘော။ ဗိုလ်မှူးမုတ်သိုလ်ပြော သလိုပေါ့။ တိုက်စရာရှိရင် စားပွဲပေါ်မှာ တိုက်ပေါ့။ 

ကျွန်တော်တို့အနေနဲ့ကတော့ ပြည်သူလူထုအတွက် ပြည်သူလူထုတိုးတက်မှုကို စားပွဲဝိုင်းမှာ ဆက်ပြီး တိုက်ပွဲ ၀င်ရဦးမှာပဲ။ကရင်တွေမှာ အဖွဲ့ပေါင်းစုံဖြစ်နေ တယ်။မူတစ်ခုတည်းထားဖို့အစီအစဉ်ရော။စုစည်းလို့ တော့ရမယ်။ အချိန်တော့ ယူရမှာပေါ့။ KNU ကိုယ်တိုင်က အစည်း အဝေးပြီးတာနဲ့ ကွင်းဆင်းရမှာလေ။ ငြိမ်း ချမ်းရေးအတွက် တကယ် Action ပါတဲ့ အလုပ်လုပ်ရမှာပေါ့။ အခုဟာကအစည်း အဝေးပြီးတာနဲ့ အိမ်ပြန် တယ်ဆိုတော့ စုစည်းဖို့ မူတစ်ခုတည်းချဖို့ မဖြစ်နိုင်သေး ဘူး။ ဒီကြားထဲအော်ချက်ထုတ်ကြတာ တွေရှိတယ်။ အခုပြောနေတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေက နိုင်ငံတော်ကိုအယုံအကြည်မရှိ ဘူးလို့ပြောနေတယ်။ အဲဒီတော့ မေးစရာတွေဖြစ်ဖြစ်နေတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေအနေနဲ့ စိတ်ကဘယ်လောက် အထိ သန့်ရှင်းသလဲ။ အခုငြိမ်းချမ်းရေးမှာ အစိုးရလိမ်တယ်၊ ညာတယ်ဆိုတာကို လက်ခံလို့ရပေမဲ့ သံသယ ကတော့ ကျွန်တော့်အနေနဲ့ မရှိဘူး။ 

ဒါကြောင့် အဖေယူခိုင်းတဲ့ ငြိမ်းချမ်းရေးအတိုင်းပဲ တစ်ခါတည်း ယူလိုက်ပါ။ မူတစ်ခုရဲ့အောက်မှာတော့ ကျွန်တော်တို့ အကြီးအကဲတွေမကြာခင် ညှိနှိုင်းကြလိမ့်မယ်။လက်နက် ကိုင်တဲ့ပြဿနာ၊ ယူနီဖောင်းဝတ် တဲ့ပြဿနာတွေနဲ့ ကရင်အဖွဲ့ အစည်းတွေမှာ ရှုပ်ထွေးနေတယ်။ အဲဒါ လေးသိပါရစေ။

ငြိမ်းချမ်းရေးယူကြပြီးနောက် သူတို့ ကိုယ်ပိုင်အုပ်ချုပ်မှု ယန္တရားတွေ ပြောင်း ကြတယ်။ အဲဒီလိုပြောင်းတော့ ပုံစံတစ် မျိုးဖြစ်ရော။ ကရင်အဖွဲ့အစည်းကြီးက ဗိုလ်တွေဖြစ်ကုန်တာပေါ့ဗျာ။ အဲဒီဗိုလ် တွေအတွက် သူတို့လုပ်ချင်ရာလုပ်မယ်။ ပြဿနာက အဲဒါပဲ။ ကျွန်တော်အစိုးရ ဖြစ်ခဲ့ရင်လည်း လက်ရှိကိုင်နေတဲ့အနေ အထားအတိုင်းပဲ ကိုင်မှာပဲဗျ။ အခုတော့ဗျာ။ နေရာတိုင်းမှာ လက်နက်ကိုင်သူတွေကို ပြည်သူတွေက ကြောက်လန့်နေကြတယ်။ ဒီပြည်သူတွေကိုမပြောနဲ့ဦး။ ကိုယ့်အချင်းချင်းတောင် စိုးရိမ်နေရတဲ့ အခြေအနေ။ လက်နက်ကိုင်ရတဲ့အခြေအနေက နိုင်ငံတကာမှာဆိုရင် အရေးကြီးမှကိုင်တယ်။ အရေးမကြီးဘူးဆိုရင် သေနတ်မှာ ကျည်ကတ်နဲ့ ကျည်မပါရဘူး။ အဲဒီတော့ ကျွန်တော်တို့ညီနောင်တွေ လက်နက်မကိုင်ရင် ပြည်သူလူထုလည်း ထိတ်လန့်မှာမဟုတ်ဘူးလို့ပဲပြောချင်ပါတယ်။ ကျွန်တော်တို့ကရင်တွေမှာ ၀ါဒနှစ်ခု ရှိနေတယ်။ တိုက်ပွဲဝင်နေတဲ့ စစ်ဗိုလ်တစ်ဦးဟာ ဘယ်တော့မှအရှုံးမပေးဘူး။

ကရင်ပြည်သူတွေက မျှော်လင့်နေကြတယ်။ သူတို့အတွက် သူတို့ခေါင်းဆောင်တွေက ငြိမ်းချမ်းရေးယူပြီး ဘာလုပ်ပေးမလဲပေါ့။

ဒါကိုလည်းအဓိကထားပြီးကျွန်တော် တို့အဖွဲ့ပေါင်းစုံနဲ့ ညှိနှိုင်းဆွေးနွေးဦးမယ်။ ကျွန်တော်တို့ယူခဲ့တဲ့ ငြိမ်းချမ်း ရေးဟာ အဖေလျှောက်ခဲ့တာလည်း ပြည်သူ့ အတွက်ပဲ။ ကျွန်တော်တို့အဘိုး (ဗိုလ်ချုပ် ကြီးထိန်မောင်) နဲ့ ကျွန်တော်တို့လျှောက် ရင်လည်း ပြည်သူ့အတွက်ပဲလို့ ကရင် ပြည်သူတွေကို ပြောချင်တယ်။

အခု ကရင်အဖွဲ့အစည်းတွေ မူတစ် ခုရဲ့အောက်ကို ဘယ်တော့လောက် ရောက်မလဲ။

ကျွန်တော့်အမြင်က ဟိုအဖွဲ့ဒီအဖွဲ့ မမြင်ဘူး။ မူတစ်ခုရဲ့အောက်မှာပဲ ကရင် တွေလိုက်နာမယ့်မူနဲ့သွားမယ်။ အခုဘယ် လောက်ဆိုးသလဲဆိုရင် ဒီတိုင်းပြည်မှာဖြစ်နေတာက အမျိုးသားရေးမဟုတ်တော့ဘူး။ ဘယ် တိုင်းရင်းသားမဆို စစ်ကြောင့်ဖြစ်ကြတာလို့ မထင်စေချင်တော့ဘူး။ အကျိုးစီးပွားအတွက် ဖြစ်နေကြ တာလို့ပဲ ကျွန်တော်ရဲရဲတင်းတင်းပြောရဲတယ်။ အတန်းအစားရေးတွေလည်း ပါနေတယ်။ တကယ်တော့ အစိုးရက ကိုယ့်ဘက်ကို သံသယမဖြစ်ဘူး။ ကိုယ်ကသာ အစိုးရကို သံသယဖြစ်နေကြတာ။ အဲဒီတော့ ကရင်တွေကွဲနေတယ်။ အဲဒါကို ကျွန်တော်တို့ လူကြီးတွေ မကြာခင် ညှိ နှိုင်းပြီးရင် မူတစ်ခုရဲ့အောက်မှာ သွား ကြဖို့ စီစဉ်ထားပါတယ်။ အစိုးရဘက်ကလည်း ကျွန်တော်တို့ကရင်တွေ စုစည်းတဲ့အခါမှာ အစိုးရကို ပုန်ကန်ဖို့၊ တော်လှန်ဖို့ မဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ စုစည်းညှိနှိုင်းခြင်းဆိုတာကို နားလည် စေချင်တယ်။ ဒါက အရေးကြီးလို့ ဒီစကားပြောလိုက်တာ။ နောက် ဆုံးပြောချင်တာကတော့ အဖေယူစေချင် တဲ့ ငြိမ်းချမ်းရေးကို ကျွန်တော့်အနေနဲ့ နှစ်ခါမယူချင်ဘူးလို့ပဲ ပြောချင်တယ်။

Hot News Journal

No comments: