Saturday, October 05, 2013

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ NLD ၏ ပြည်သူ့ဆန္ဒ ကောက်ယူမှုအား ရန်ကုန်တိုင်းအတွင်း အောက်တိုဘာ ၁၂ ရက်တွင် စတင်ရန် စီစဉ်


Saturday, 05 October 2013 

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ NLD ပါတီမှ ပြည်သူ့ဆန္ဒ သဘောထား ကောက်ယူမှု ကို ရန်ကုန်တိုင်း ဒေသကြီးအတွင်းအောက်တိုဘာ ၁၂၊ ၁၃ ရက် ခန့်တွင် စတင်သွားမည်ဟု ရန်ကုန်နှင့် ပဲခူးတိုင်း ဒေသကြီး၏ ဦးဆောင်တာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။ အဆိုပါ ပြည်သူ့ဆန္ဒသဘောထား ကောက်ယူမည့်ပုံစံနှင့်ကောက်ယူမည့်ရက် သတ်မှတ်ရန် ရန်ကုန်တိုင်း ဒေသကြီး ဥပဒေပြု အထောက်အကူပြု အဖွဲ့နှင့် NLD ဖွဲ့စည်းပုံ ပြင်ဆင်ရေးကော်မတီဝင်တစ်ဦးဖြစ်သူ ဦးကိုနီတို့ အောက်တိုဘာ ၃ ရက်က တွေ့ဆုံဆွေးနွေးပြီး အဆိုပါ ရက်များတွင် စတင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''ရန်ကုန်တိုင်းမှာတော့ လာမယ့် ၁၂ ရက်၊ ၁၃ ရက် တစ်ရက်ရက်မှာ စနိုင်ဖို့ စီစဉ်နေတယ်။ ကျွန်တော်နဲ့ ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့၊ ရန်ကုန်တိုင်း ဥပဒေ အထောက်အကူပြု အဖွဲ့တွေ တွဲလုပ်ရမယ်။ ကျွန်တော်က ရန်ကုန်နဲ့ ပဲခူးတိုင်းတွေကို တာဝန်ယူရမှာ'' ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဆိုသည်။

ပြည်သူ့ဆန္ဒ ကောက်ယူရာတွင် နည်းလမ်းနှစ်မျိုးဖြင့် ကောက်ယူသွားမည်ဖြစ်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေကာ သိသင့်သည်များကိုရှင်းပြပြီး သဘောထားရယူခြင်းနှင့်ဟောပြောပွဲများ ပြုလုပ်ကာ တက်ရောက် လာသည့် ပြည်သူများ၏အသံများကို နားထောင်ခြင်းများပြုလုပ်ခြင်းတို့ ဖြစ်ကြောင်း သိရသည်။

သဘောထား ကောက်ယူမည့် ပုံစံနှင့် ပတ်သက်၍ ဦးကိုနီက ''ခရိုင်အစည်းအဝေး ခေါ်ပြီးတော့မှ ခရိုင်ဥပဒေ အထောက်အကူပြု အဖွဲ့နဲ့ ဗဟိုကော်မတီ အဖွဲ့တွေနဲ့ တွေ့မယ်။ ပြီးရင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ဘာလဲ။ နိုင်ငံအတွက် ဘယ်လောက် အရေးကြီးသလဲ။ ဒီမိုကရေစီ ဖွဲ့စည်းပုံရဲ့ စံနှုန်းတွေက ဘာတွေလဲ။ ၂၀၀၈ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီဖွဲ့စည်းပုံနဲ့ ညီရဲ့လား။ အဲဒါကို ပြင်ချင်သလား။ ပြင်ရင် ဘယ်လိုနည်းလမ်းတွေ ရှိတယ်။ ဒါမှမဟုတ် အသစ်ဆွဲရင် ဘယ်လိုနည်းလမ်းတွေ၊ကောင်းကျိုးဆိုးပြစ်တွေရှိမယ်။ အဲဒါတွေကို ပြည်သူတွေကို ချပြမယ်'' ဟု ပြောကြားသည်။

ယင်းကဲ့သို့ ပြည်သူ့ဆန္ဒ သဘောထား ကောက်ယူရန်အတွက် NLD မှ အဖွဲ့ခုနစ်ဖွဲ့ဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ အဆိုပါ အဖွဲ့ ခုနစ်ဖွဲ့ အနေဖြင့် တစ်ပြိုင်နက်တည်း ကွင်းဆင်းလုပ်ဆောင် သွားမည်ဖြစ်ပြီး
 ပြည်သူလူထုများ စုစည်းခြင်းကို NLD မြို့နယ်၊ ကျေးရွာရုံးများမှ စုစည်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

ဆန္ဒသဘောထား ကောက်ယူရာတွင် လက်မှတ်ရေးထိုးကောက်ခံခြင်းမျိုး ပြုလုပ်သွားမည်မဟုတ်ဘဲ ၎င်းတို့ ၏အသံများကိုသာ နားထောင်စုစည်း သွားမည်ဖြစ်ကာ နိုင်ငံလုံးဆိုင်ရာ သဘောမျိုးမဟုတ်ဘဲ နှစ်လ အတွင်းရောက်နိုင်သမျှ ရောက်အောင် ကွင်းဆင်းသွားမည် ဖြစ်ကြောင်းနှင့် ရရှိလာမည့် ပြည်သူ့အသံများကို ပြည်ထောင်စုလွှတ်တော်မှဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ
သို့ တင်သွင်းသွားမည် ဖြစ်သည်။

eleven media group

No comments: