Sunday, February 02, 2014
ပါတိတ်လုံချည်မှာ ၉၆၉ တံဆိပ် ထည့်နှိပ်ထားတယ်၊ အဲဒီလုံချည်ကို နာမည်ကြီးပါတီတခုက ဖြန့်နေတယ် ဆိုတဲ့ စွပ်စွဲချက်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း facebook မှာ ပွဲဆူခဲ့တဲ့ အကြောင်းအရာတခုပါ။
အဲဒီပို့စ်တွေမှာ NLD ပါတီကို ဆဲဆိုရေးသားမှုတွေ Facebook လုံး ပြည့်သွားတယ်လို့ ထင်ရလောက်အောင် မြင်ခဲ့ကြရမှာပါ။
NLD ကရော တခြား ပါတီကပါ ဒီ ပါတိတ်ဒီဇိုင်းကိစ္စကို တုန့်ပြန်ခြင်း မရှိခဲ့ပါ။
စနေနေ့မှာတော့ ဦးဝီရသူရဲ့ Facebook မှာ စာတစောင် ရောက်လာပါတယ်၊ ပါတိတ်လုံချည်ဖြန့်ဝေတာဟာ ဘယ်ပါတီရဲ့ လက်ချက်မှ မဟုတ်ဘူးလို့ သိရတယ်၊ ကွင်းဆက်များ လိုက်နေပါတယ် လို့ ရေးထားပါတယ်။ အပြည့်အစုံကို ကူးယူ ဖော်ပြလိုက်ပါတယ်။
- “ဦးဝီရသူ၏ တောင်းပန်လွှာ”
^^^^^^^^^^^^^^^^
၉၆၉ အထည်သတင်းကို ဦးပဉ္စင်းကစသိပါတယ်။ လိုင်းမမိသည့်မြို့နယ်ရောက်နေ၍ ဓာတ်ပုံ မရခဲ့ပါ။ ကျောင်းကိုပဲ ပို့ခိုင်းလိုက်ပါတယ်။
သတင်းခိုင်မာသည်ထက် ခိုင်မာအောင် မြစ်ကြီးနားသို့ ဖုန်းအဆက်အသွယ်လုပ်ခဲ့ပါတယ်။ စက်ပိတ်၊ ဧရိယာအပြင် လိုင်းမမိ၊ စသည့်အခက်အခဲများကြောင့် အချိန်မီ သတင်းမရေးနိုင်ခဲ့ပါ။
အွန်လိုင်းမှာ ပျံ့နေမှ ကူးယူတင်ခိုင်းလိုက်ရပါသည်။
တင်ခိုင်းပြီးမှ ဖုန်းအဆက်အသွယ်ရရှိခဲ့ပါသည်။ တာဝန်ရှိ ဝန်ထမ်းတွေ၊ ၉၆၉ အဖွဲ့ဝင်တွေ၊ မ.ဘ.သ အဖွဲ့ဝင်တွေ အားလုံးကို ဆက်သွယ်စုံစမ်းကြည့်ပါသည်။
မည်သည့် ပါတီ လက်ချက်မျှ မဟုတ်ကြောင်း-အတိအကျ ပြောကြပါသည်။ ကွင်းဆက်များ လိုက်နေပါသည်။
မြစ်ကြီးနား မ.ဘ.သ ဥက္ကဋ္ဌဆရာတော် ဦးသီလာစာရကလည်း မည်သည့်ပါတီမှ မဟုတ်ကြောင်း အတိအလင်း ပြောလာပါသည်။
ပေးပို့သော သတင်းအပေါ် အရေးတကြီး ကူးယူတင်ပြလိုက်မိသည့်အတွက် ဦးပဉ္စင်းမှာ တာဝန်ရှိပါသည်။
ထင်ယောင် ထင်မှား အဖြစ်ခံရသော ပါတီကြီးနှစ်ခုလုံး နစ်နာခဲ့ရသည့်အတွက် ဦးပဉ္စင်းက ပြန်လည် တောင်းပန်အပ်ပါသည်။
ဘာသာရေး စော်ကားမှုသာဖြစ်ပြီး၊ နိုင်ငံရေး လုပ်ကြံမှု လုံးဝမပါဝင်ကြောင်း တွေ့ရသောကြောင့် တာဝန်ခံ ဖြေရှင်းရခြင်းဖြစ်ပါသည်။
အပြုသဘောဖြင့် ဝင် “မန့်” သူများရော
အပျက်သဘောဖြင့် ဝင် “မန့်” သူများပါ
ချစ်သူချဉ်သူ အားလုံးကို ကျေးဇူးတင်ပါသည်။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
1.2.2014 PM 10:50
The Irrawaddy



No comments:
Post a Comment