Sunday, February 02, 2014

တနင်္သာရီတိုင်းတွင် ငှက်သိုက်စုသိမ်းခွင့် ကျပ်သိန်း ၉၀၀၀ ကျော်ဖြင့် ဦးပိုင်ရရှိ


Sunday, February 02, 2014

တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၁၃-၂၀၁၄ခုနှစ် ငှက်သိုက်စုစည်း သိမ်းဆည်းရာသီတွင် ငှက်သိုက်များ စုသိမ်း ထုတ်ယူခွင့်အတွက် ကျပ်သိန်း ၉၀၀၀ ကျော်ဖြင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ရရှိခဲ့ကြောင်း ယင်းကုမ္ပဏီရုံးချုပ်မှ အထွေထွေမန်နေဂျာ ဦးလှမျိုးက ပြောကြားသည်။ 

တိုင်းဒေသကြီး သစ်တောဦးစီး ဌာနရုံးတွင် ဇန်နဝါရီလ ၃၀ ရက်နေ့၌ ရန်ကုန်မြို့မှ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ မြိတ်မြို့မှ ငွေပင်လယ်မွေးမြူရေးနှင့် ရေလုပ်ငန်း ကုမ္ပဏီနှင့် ထားဝယ်မြို့မှ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင် တစ်ဦးတို့က ဈေးပြိုင်စနစ်ဖြင့် တင်ဒါဆွဲခဲ့ကြသည်။

လောင်းလုံးမြို့နယ် မော်စကိုကျွန်းအုပ်စုကို ကျပ်ခုနစ်သိန်း၊ ကျွန်းစုမြို့နယ် ရေအေး ကျွန်းအုပ်စုကို ကျပ် ၁၇ သိန်း၊ ကော့သောင်း မြို့နယ် ကဆိုင်းလှနှင့် ကော့ငါးကျွန်းအုပ်စုကို ကျပ် ၁၇၀၀ သိန်းနှင့် ပုလောမြို့နယ် မလိကျွန်းကို ကျပ် ၇၅၀၀ သိန်းတို့ဖြင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က တင်ဒါ အောင်မြင်ခဲ့သည်ဟု သစ်တောဦးစီးဌာနရုံး အိတ်ဖွင့်တင်ဒါ မှတ်တမ်းတွင် ဖော်ပြထားသည်။

ဇီဝဇိုး ငှက်သိုက်များ တစ်ဦးတည်း စုသိမ်းထုတ်ယူခွင့်ကို ဈေးပြိုင်အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချရန် တင်ဒါခေါ်ယူရာ အိတ်ဖွင့်တင်ဒါ လျှောက်လွှာ ဝယ်ယူသူ ငါးဦးအနက် လေးဦးက တင်ဒါတင်သွင်းခဲ့ပြီး သုံးဦးသာ ဈေးပြိုင်ဆွဲခဲ့သည်ဟု အဆိုပါဌာနထံမှ သိရသည်။

ယင်းတင်ဒါသည် တိုင်းဒေသကြီး သစ်တောဦးစီးဌာနရုံးတွင် ပထမဆုံးအကြိမ် ပြုလုပ်ခြင်း ဖြစ်သည်။

တင်ဒါအောင်မြင်ပြီး ဖြစ်၍ ပေးသွင်းရမည့်ငွေ၏ ၂၅ ရာခိုင်နှုန်းကို တိုင်းဒေသကြီး အစိုးရကို ပေးသွင်းခဲ့ပြီး ကျန်လက်ကျန်ငွေ ၇၅ ရာခိုင်နှုန်းကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ မတိုင်မီ ပေးသွင်းရမည် ဖြစ်ကြောင်း အထက်ပါ အထွေထွေမန်နေဂျာက ပြောကြားသည်။
“အရင်ကတည်းက လုပ်နေပါတယ်။ ငှက်သိုက် ဆွတ်ခူးရာသီ တစ်နှစ်မှာ သုံးကြိမ်ကနေ လေးကြိမ်အထိ ရှိတယ်။ ကျန်တဲ့အချိန်တော့ အနားပေးထားတယ်။ အကောင်အထည်တော့ ဆက်တိုက် ဖော်နေပါတယ်။ အနားပေးလိုက် ခူးလိုက်ပါပဲ” ဟု ဦးလှမျိုးက ဆိုသည်။

ဇီဝဇိုး ငှက်သိုက်ဈေးမှာ တစ်ပိဿာ ကျပ်သိန်း ၂၀ ဝန်းကျင်ခန့် ပေါက်ဈေးရှိ၍ ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့တို့နှင့် အချို့မြို့များတွင် အိမ်များ၌ ငှက်အသံအတုများ ပြုလုပ်၍ ဇီဝဇိုး ငှက်သိုက်များ ရရှိစေရန် ဖန်တီးလုပ်ဆောင်ကာ စီးပွားဖြစ် တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေကြသည်။

Dawei Watch

No comments: