Tuesday, February 04, 2014
အစိုးရကို ထော်လော်ကန့်လန့်လုပ်ပါက တောခိုရန်၊ အစိုးရကို ဆန့်ကျင်လျှင် အချုပ်ထဲထည့်ပစ်မည်၊ အစိုးရကို စေတနာပျက်အောင်လုပ်လျှင် ငွေကြေးထောက်ပံ့မှု လုံးဝပေးမည်မဟုတ်၊ မည်သည့် နိုင်ငံရေးသမားကိုမျှဂရုမစိုက်၊ နယ်တကာလှည့်၍ ပါးရိုက်ရဲသူ စသဖြင့် မကွေးတိုင်း၊ တင်္နသာရီတိုင်း ဒေသခံကျေးရွာသားများကို ပြောဆိုခဲ့သူဝန်ကြီး ဦးအုန်းမြင့်၏ စကားများ ကို လွတ်လပ်စွာထုတ်ဖော် ပြောဆိုသည်ဟူ၍လည်း သဘောထားနိုင်ပါသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဖေဖော်ဝါရီ ၄ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ယင်းသို့သောစကားများကို၂၀၁၃ခုနှစ် အောက်တိုဘာလ အတွင်း၌ တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာတွင် လည်းကောင်း၊၂၀၁၄၊ ဇန်န၀ါရီလ အတွင်း မကွေး တိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာတွင်လည်းကောင်း ဒေသခံများနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပြောဆိုခဲ့မှုများကို ပြည်ထောင်စုအစိုးရအဖွဲ့က အမြန်ဆုံးတာဝန်ယူ ဖြေရှင်းဆောင်ရွက်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လောင်းလုံးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးက အရေးကြီးအဆိုတင်သွင်းဆွေးနွေးစဉ် ပြန်ကြားရေးဝန်ကြီးကယင်းသို့ ကာကွယ်ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။
ဦးအုန်းမြင့်၏ ပြောဆိုချက်များအပေါ် သဘောရိုး သို့မဟုတ် ကောက်ကျစ်သော အကြံမသန့်သော စေတနာဖြင့် ပြောဆိုခဲ့ခြင်းစသဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့က လေ့လာသုံးသပ်နေသည်ဟုလည်း ဦးအောင်ကြည်က လွှတ်တော်သို့အသိပေးခဲ့သည်။
လွှတ်တော်နှင့် ပြန်ကြားရေးဝန်ကြီးတို့ အပြန် အလှန် ဆွေးနွေးပြီးနောက် အစိုးရအဖွဲ့၏ တာဝန် ယူဖြေရှင်းဆောင်ရွက်မှုကိုမှတ်တမ်းတင် စောင့်ကြည့်မည်ဟု ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
မဇ္ဈိမသတင်းဌာန
No comments:
Post a Comment