Tuesday, February 04, 2014
Tata Nano အပါအ၀င် အိန္ဒိယထုတ် နာမည်ကြီးကားတွေဟာ ကြံ့ခိုင်မှု
အားနည်းတယ်လို့ နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တခုက သောကြာနေ့မှာ ပြောလိုက်ပါတယ်။
ကြံ့ခိုင်မှုအားနည်းတဲ့အတွက် မတော်တဆဖြစ်လာရင် အကြီးအကျယ် ဒဏ်ရာရတာမျိုး၊ အသက် ဆုံးရှုံးနိုင်တာမျိုးအထိ ကြုံရနိုင်တဲ့သဘောပါပဲ။
စည်းကမ်းချက်တွေထုတ်ပြီး ယာဉ်မောင်းသူတွေကို ပညာပေးရမယ်၊ အကာအကွယ်ပေးရမယ်၊ ဒီလို ဖြစ်သင့်ပေမယ့် အိန္ဒိယမှာတော့ အဲသလို ဖြစ်မနေဘူးလို့ Global NCAP က ဆိုပါတယ်။
အိန္ဒိယမှာ လူလတ်တန်းစားအရေအတွက်များလာတဲ့အတွက် ကားသစ်တွေ ပိုဝယ်လာကြတယ်၊ ကားထုတ်လုပ်ရေးပိုများလာတယ်၊ သို့သော်လည်း လုံခြုံစိတ်ချရမှုအပိုင်းကတော့ တိုးတက်မလာဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်ကဆိုရင် သူတို့ဆီမှာ ထုတ်လုပ်တဲ့ ကားအရေအတွက်က သုံးသန်းစွန်းစွန်းရှိတယ်လို့ ဆိုတယ် - ၂၀၀၈ ခုနှစ် အရေအတွက်နဲ့ ယှဉ်လိုက်ရင် ဒါဟာ နှစ်ဆ တိုးလာခြင်းပါပဲ။
အိန္ဒိယမှာရောင်းခဲ့တဲ့ကားတွေမှာ လေအိတ် မပါတာ၊ ထိုင်ခုံတွေမှာ ခါးပတ် ထည့်မထားတာ တွေ့ရလိမ့်မယ် တဲ့။
ဒီလို စိတ်ချရမှုမရှိတဲ့အခြေအနေ၊ အရမ်းကာရောမောင်းနှင်မှု၊ ကားလမ်း
ဆိုးဆိုး စတဲ့ စတဲ့ အကြောင်းအရာတွေကြောင့် လမ်းပေါ်ကအသေ
အပျောက်နှုန်းဟာ အမေရိကန်ထက် ၆ ဆ များနေတယ် လို့ ကမ္ဘာ့
ကျန်းမာရေးအဖွဲ့ရဲ့ ပြီးခဲ့တဲ့နှစ် အစီအရင်ခံစာတစောင်မှာ ရေးထားပါတယ်။
ဆိုလိုတာက တကမ္ဘာလုံးက အချက်အလက်တွေ ပြန်ကြည့်တော့ - လမ်းပေါ်မှာ ဆယ်ယောက် သေတယ် ဆိုရင် တယောက်က အိန္ဒိယကဖြစ်နေတာပါပဲ။
မနှစ်က သူတို့ဆီမှာ လူကြိုက်အများဆုံးလို့ ဆိုနိုင်တဲ့ Tata Nano, Maruti Suzuki Alto 800, Hyundai i10 တို့ကို စစ်ဆေးကြည့်ရာမှာ လုံခြုံရေး စိတ်မချရဘူးဆိုပြီး အဖြေထွက်လာပါတယ်။
ကားထုတ်လုပ်ရေးဌာနတွေက ဘယ်လို တုန့်ပြန်ကြပါသလဲ -
Tata ကား သုတေသနဌာန အကြီးအကဲ Tim Leverton ကတော့ Tata Nano ဖွဲ့စည်းပုံ ပိုအားကောင်း တိုးတက်လာရေး နည်းနာတွေ ထပ်ရှာနေပြီလို့ ဆိုပါတယ်။
လုံခြုံစိတ်ချရမှု ဆိုတာ ကားချည်းပဲ ကောင်းရုံနဲ့ မရပါ၊ လမ်းကလည်း
ကောင်းရမယ်မဟုတ်လား။
သူတို့ဆီမှာ ကားမောင်းရတာလည်း မလွယ်ပါ - လမ်းတွေက ကျင်းတွေချိုင့်တွေ ရှိတယ်၊ မြို့တွေမှာ ယာဉ်ကြောပိတ်တယ်၊
နေပူလွန်းတယ်၊ ကားလမ်းပေါ်မှာ ကားတွေသာမက နွားအုပ်၊ နွားလှည်း၊ စက်ဘီး၊ ဆိုက်ကား စသဖြင့်တို့လည်း ရှိတယ်လို့ ဆိုပါတယ်။
ဧရာဝတီblog

No comments:
Post a Comment