Sunday, April 06, 2014

ရန်ကုန်-မန္တလေး အမြန်လမ်း စီမံကိန်းအတွက် ပေးအပ်သည့် နစ်နာကြေးငွေ လယ်သမားများ လက်မခံ

Sunday, April 06, 2014
ရန်ကုန်-မန္တလေး အမြန်လမ်း စီမံကိန်းများတွင် လယ်မြေများအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနက တစ်ဧက ငွေကျပ် ၃၅၀,၀၀၀ နှုန်းဖြင့် ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ရုံး၌ နစ်နာကြေး ပေးအပ်ခဲ့သောလည်း ဖြူးမြို့နယ်ရှိ လယ်သမားများနှင့် တောင်ငူမြို့နယ် အတွင်းရှိ လယ်သမားအချို့ နစ်နာကြေးငွေ လက်မခံခဲ့ကြောင်း ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်းက ပြောကြားသည်။

အမြန်လမ်းစီမံကိန်း စတင် တည်ဆောက်သည့် ၂၀၀၄-၀၅ ခုနှစ်ခန့်ကတည်းက လယ်မြေတစ်ဧက ပေါက်ဈေးမှာ တောင်ငူမြို့နယ် အတွင်း ကျပ်လေးသိန်းခန့် အနည်းဆုံး ရှိနေသည့်အတွက် ယခုလက်ရှိ ပေးလျော်သော နစ်နာကြေး တစ်ဧက ကျပ်သုံသိန်းခွဲကို မယူနိုင်ကြောင်း တောင်ငူမြို့နယ်အတွင်း ဘိုကတော်ကျေးရွာမှ ဒေသခံတောင်သူများက ပြောကြားသည်။
ယမန်နှစ် ဒီဇင်ဘာလမှ စတင်ကာ ဆောက်လုပ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ အကြိမ်ကြိမ် တွေ့ဆုံ ညှိနှိုင်းခဲ့ကြပြီး ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များကို မြို့နယ်အတွင်းမှာ ရှိသော လယ်ယာမြေ ကာလပေါက်ဈေးအတိုင်း ပြန်လည် တင်ပြပေးရန် လယ်မြေနှင့် အခြားမြေယာများ စုံစမ်းလေ့လာ ဖော်ထုတ်ရေး ကော်မရှင်က ညွှန်ကြားခဲ့သော်လည်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ ကွင်းဆင်း ဆောင်ရွက်ပေးမှု မတူညီခြင်းကြောင့် လျော်ကြေးငွေ ရရှိမှု မတူညီခြင်းဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး စုံစမ်းလေ့လာရေး ကော်မတီအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“ကျောက်တံခါးမှာ အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက တော်တော်လေး ကောင်းတယ်။ ကျန်တဲ့ မြို့နယ်တချို့မှာ စုံစမ်းလေ့လာ ဖော်ထုတ်ရေး ကော်မရှင်နဲ့ ပူးပေါင်း ဆောင်ရွက်မှု နည်းတဲ့အပြင် ဒေသခံတောင်သူတွေရဲ့ အသံကို နားထောင်တာ မရှိတော့ အခုလိုမျိုး ပြဿနာတွေ ပေါ်ပေါက်လာတာပါ” ဟု ပဲခူးတိုင်းဒေသကြီး လယ်မြေနှင့် အခြားမြေယာများ စုံစမ်းလေ့လာဖော်ထုတ်ရေး ကော်မတီ အဖွဲ့ဝင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

ပဲခူးခရိုင် ကျောက်တံခါး မြို့နယ်အတွင်း လယ်ယာမြေဧက ၇၁၅ ဒသမ ၀၈ ဧကအတွက် လယ်မြေ တစ်ဧကလျှင် ငွေကျပ် ၁၂ သိန်းနှုန်း၊ ယာမြေ တစ်ဧကကို ငွေကျပ် ၁၀ သိန်းနှုန်းဖြင့် ဒေသခံတောင်သူ ၂၂၈ ဦးအား လျော်ကြေးငွေ စုစုပေါင်း ကျပ် ၇၉၃၂ ဒသမ ၃၂ သိန်းကို မတ်လ နောက်ဆုံးပတ်တွင် ပေးလျော်ခဲ့သော်လည်း ဖြူးမြို့နယ်၊ တောင်ငူမြို့နယ်နှင့် ရေတာရှည် မြို့နယ်တို့တွင် လယ်မြေအတွက် ငွေကျပ်လေးသိန်းနှင့် ယာမြေအတွက် သုံးသိန်းအထိသာ ပေးလျော်ခဲ့သည့် အတွက် မိမိတို့ ဒေသခံတောင်သူများ အနေနှင့် လျော်ကြေးငွေ မယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဖြူးမြို့နယ် ခင်တန်းကြီးကျေးရွာမှ ဦးအောင်မြင့်က ပြောကြားသည်။

“လယ်ယာမြေ လျော်ကြေးငွေ မတူညီတာနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနနဲ့ ပြန်လည်ညှိနှိုင်း ဆောင်ရွက်ပေးသွားပါမယ်။ မရရင်တော့ လွှတ်တော်မှာ မေးခွန်းများ မေးမြန်းပြီး ဒေသခံတောင်သူတွေရဲ့ နစ်နာမှုများကို တင်ပြပေးသွားပါမယ်” ဟု ဖြူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးညွန့်လှိုင်က ဆိုသည်။

တောင်ငူမြို့နယ်အတွင်းရှိ အမြန်လမ်းစီမံကိန်း ဖောက်လုပ်ရာတွင် ပါဝင်ခဲ့သော လယ်ယာမြေများ အတွက် မတ်လ ၃၀ ရက်နေ့တွင် ဒေသခံတောင်သူများအား တစ်ဧကလျှင် ငွေကျပ် သုံးသိန်းခွဲဖြင့် လျော်ကြေးငွေ ကျပ်တစ်ထောင့်သုံးရာ ငါးဆယ့်ခုနစ်သိန်းကို ထုတ်ပေးခဲ့ပြီး လက်ရှိတွင် တောင်သူ ၁၆ ဦးသာ ထုတ်ယူရန် ကျန်ရှိကြောင်း အမြန်လမ်း တာဝန်ခံ အင်ဂျင်နီယာတစ်ဦးက ပြောကြားသည်။

The Voice Weekly

No comments: