Monday, January 5, 2015
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ အပါအဝင် လုံခြုံရေးဂိတ်များတွင် အစစ်ဆေးမခံဘဲ သေနတ်ဖြင့်ပစ်၍ ကားမောင်းထွက်ပြေးသည့် ကျောက်စိမ်းတုံး မှောင်ခိုသယ်သူ သုံးဦးကို ဇန်နဝါရီလ ၂ ရက်နေ့က လားရှိုးမြို့အနီးတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ်စန်းယုက ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ အပါအဝင် လုံခြုံရေးဂိတ်များတွင် အစစ်ဆေးမခံဘဲ သေနတ်ဖြင့်ပစ်၍ ကားမောင်းထွက်ပြေးသည့် ကျောက်စိမ်းတုံး မှောင်ခိုသယ်သူ သုံးဦးကို ဇန်နဝါရီလ ၂ ရက်နေ့က လားရှိုးမြို့အနီးတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ်စန်းယုက ပြောကြားသည်။
၎င်းတို့သည် နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့များသို့ သွားရာ လမ်းတစ်လျှောက်ရှိ တံတားလုံခြုံရေးကင်းများ၊ လမ်းလုံခြုံရေးကင်းများ၊ သတင်းအရ ကြိုတင်စောင့်ဆိုင်း ပိတ်ဆို့ထားသည့် နေရာများကို ဖြတ်သန်းခဲ့ပြီး လားရှိုးမြို့လယ်ကောင်တွင်လည်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသအာဏာပိုင်များထံမှ သိရှိရသည်။
မန္တလေးဘက်က မောင်းနှင်လာသည့် Landcruiser ခဲပုတ်ရောင် ယာဉ်တစ်စီးသည် ဇန်နဝါရီလ ၁ ရက်နေ့ ည ၁၀ နာရီ ဝန်းကျင်တွင် နောင်ချိုမြို့ မိုဘိုင်းလ်တင်းမ်း စစ်ဆေးရေးဂိတ်တွင် အစစ်ဆေးမခံဘဲ သေနတ်ဖြင့် ပစ်ခတ်ကာ မောင်းနှင်ထွက်ပြေးကြောင်း လားရှိုးမြို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဖေဝင်းက ဆိုသည်။
ယင်းသို့ မောင်းနှင်ထွက်ပြေးသဖြင့် နောင်မွန်၊ ခေးနင်း၊ ဟိုပိတ်ကျေးရွာတို့တွင် ပိတ်ဆို့ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းကားသည် နောင်မွန် ရဲကင်းက ပိတ်ဆို့တားဆီးမှုကို ထပ်မံဖြတ်ကျော်သည့် အပြင် အေးရှားဝေါလ် တိုးဂိတ်တွင် တားဆီးပိတ်ဆို့မှုကိုလည်း တိုက်ဖျက် မောင်းနှင်ထွက်ပြေးသဖြင့် လုံခြုံရေးတပ်ဖွဲ့များက လိုက်လံပစ်ခတ်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
မြို့ရှောင်လမ်းခွဲတွင် ပိတ်ဆို့မှုကိုလည်း ထပ်မံထိုးဖောက်ကာ လားရှိုးမြို့ အတွင်းသို့ ဝင်ရောက်လာရာ ရပ်ကွက် ၆ သိန်းထိုက်ရုပ်ရှင်ရုံ အနီး လမ်းမပေါ်တွင် ပိတ်ဆို့တားဆီးသည့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဖေဝင်း၏ ကားကို ကားချင်းပွတ်တိုက်၍ ထွက်ပြေးမောင်းနှင်သွားခဲ့ကြောင်း ရဲမှူး တင်ဖေဝင်းက ပြောဆိုသည်။
ယင်းကားသည် မြို့တွင်း ရပ်ကွက် ၅ နှင့် ၆ အစပ်အရောက်တွင် နယ်ထိန်း ဒုရဲအုပ် အောင်မျိုးသွင် စီးနင်းလာသော ကားကို အရှိန်ပြင်းစွာတိုက်၍ ထွက်ပြေး မောင်းနှင်သွားခဲ့သဖြင့် ဒုရဲအုပ် အောင်မျိုးသွင် စီးနင်းသော ကားမှာ လမ်းဘေး ရေမြောင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့ကြောင်း ရဲမှူး တင်ဖေဝင်းက ဆက်လက်ရှင်းပြသည်။
နံနက်လင်းအားကြီး အချိန်၌ လားရှိုးမြို့မှ မူဆယ်မြို့သို့ အထွက် အေးရှားဝေါလ် တိုးဂိတ်သို့ အရောက်တွင် သတင်းအရ ကြိုတင်ပိတ်ဆို့ထားသော ကုန်ကားကြီး ၂ စီး၏ ကြားမှ လမ်းလယ် ဘလောက်တုံးများကို တိုက်ဖြတ်ကာ ထွက်ပြေးသွားကြောင်း ၎င်းကဆိုသည်။
“အေးရှားဝေါလ် တိုးဂိတ်မှာ အတားအဆီးတွေကို တိုက်ဖြတ်ပြီး မောင်းထွက်သွားတော့ တပ်မတော်လုံခြုံရေး အဖွဲ့ကရော၊ ကျွန်တော်တို့ ရဲတပ်ဖွဲ့ကပါ ပစ်ခတ်တားဆီးတာမျိုး လုပ်ခဲ့ရပါတယ်” ဟု ၎င်းက ပြောဆိုသည်။
၎င်းတို့သည် လားရှိုးနှင့် သိန္နီမြို့ အကြားတွင် ပျောက်ဆုံးသွားပြီး ဇန်နဝါရီလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် လားရှိုးမြို့နှင့် နှစ်မိုင်အကွာ ပြည်ထောင်စုလမ်းမကြီးဘေးရှိ စားသောက်ဆိုင် တစ်ခု၏ ခြံဝင်းအတွင်း ဖမ်းဆီးရမိကြောင်း၊ ၎င်းတို့ စီးလာသည့် ကားကို ကားနံပါတ်ပြား ပြောင်းလဲတပ်ဆင်ကာ မိုးကာဖြင့် ဖုံးအုပ်၍ ဝှက်ထားခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းအနီးအနားရှိ ကျောက်ပုံတွင်လည်း ပိဿာ ၈၀ ခန့်ရှိ ကျောက်စိမ်းတုံးများကို ရောနှောချထားသည်ကို ရှာဖွေဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲအုပ်စန်းယုက ရှင်းပြသည်။
မှောင်ခိုသမားများ စီးနင်းလာသည့် ကားကို မိုးကာဖြင့်အုပ်၍ ဖုံးအုပ် ဝှက်သိမ်းပေးခဲ့သော နေအိမ်ခြံဝင်း ပိုင်ရှင်ကို သတင်းပေးရန် ပျက်ကွက်မှုဖြင့် အမှုဖွင့်ထားကြောင်း ရဲမှူးတင်ဖေဝင်းက ပြောကြားသည်။
မှောင်ခိုသမားများဟု ယူဆရသည့် မူဆယ်မြို့နယ်မှ အသက် ၁၆ နှစ်အရွယ် အမျိုးသားတစ်ဦး၊ လားရှိုးမြို့နယ်မှ ဦးထွန်းအေး၊ ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်မှ အောင်ထက်ပိုင် (ခ) မွတ်စတာဖာတို့ကို ကျောက်မျက်ဥပဒေ ပုဒ်မ ၄၂ (က) ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားပြီး ၎င်းတို့ထံမှ လက်နက်ကိုမူ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း လားရှိုးမြို့ နယ်မြေရဲတပ်ဖွဲ့ စခန်းထံမှ သိရှိရသည်။
(နေမျိုးနွယ်)
The Voice Weekly
No comments:
Post a Comment