Monday, January 05, 2015

ကေအိုင်အေ ဖမ်းဆီးခံ၊ သတ်ဖြတ်ခံရသူများ၏ ကျန်ရစ်သူမိဘများက ဆွမ်းသွတ်ခြင်းနှင့် ပြန်လည်လွတ်မြောက်ရေးအတွက် လူသုံးထောင်ဝန်းကျင် ဆုတောင်းမေတ္တာပို့

Monday, January 5, 2015

ကေအိုင်အေ ဖမ်းဆီးခံ၊ သတ်ဖြတ်ခံရသူများ၏ ကျန်ရစ်သူမိဘများက ဆွမ်းသွပ်ခြင်း နှင့်ပြန်လည်လွတ်မြောက်ရေး လူသုံးထောင်ဝန်းကျင် ဆုတောင်းမေတ္တာပို့ အခမ်းအနားကို မြစ်ကြီးနားမြို့ ဆုတောင်းပြည့်စေတီတော်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။


ယင်းဆုတောင်းပွဲကို မြစ်ကြီးနားမြို့အခြေ စိုက်ရှမ်းရေးရာအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့ပြီး ဇန်နဝါရီ ၃ ရက် နံနက် ၇ နာရီတွင် ဝန်းသိုဘုန်းတော်ကြီးကျောင်းမှ ဆုတောင်းပြည်စေတီသို့ တစ်မိုင်ခန့်ခရီးကို လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ယင်းဆုတောင်းပွဲသို့ ကချင်ပြည်နယ် မိုးညှင်း၊ မိုင်ကောင်း၊ ဖားကန့်၊ ဟိုပင်၊ တာလောကြီး၊ ဆင်ဘို၊ ဝိုင်း မော်၊ ခတ်ချို၊ ဗန်းမော် စသည့်ဒေသများမှ ရှမ်းတိုင်းရင်းသားအများစု တက်ရောက်ခဲ့ပြီး ဖမ်းဆီးခံလူငယ်များ၏ မိဘများ၊ ဆွေမျိုးသားချင်းများလည်း တက်ရောက်ခဲ့သည်။ နံနက်ပိုင်းတွင် ဆရာတော်အပါးနှစ်ဆယ်ကျော်အား သင်္ကန်းပရိက္ခရာများလှူဒါန်းကာ ကေအိုင်အေဖမ်းဆီးခံရပြီး အကြောင်းအမျိုးမျိုးကြောင့် အသက်ဆုံးရှုံးခဲ့ရသောသူများအတွက် အမျှအတန်းပေးဝေခြင်း၊ ဖမ်းဆီးခံရပြီး မလွတ်သေးသူများအား ဆုတောင်းမေတ္တာပို့သခြင်းများ၊ ပရိတ်တရားတော်များကို စုပေါင်းရွက်ဆို ပူဇော်ခဲ့ကြသည်။

ရှမ်းရေးရာအဖွဲ့မှဥက္ကဠ ဦးစိုင်းထွန်းရင်က “ကေအိုင်အေက ကျွန်တော်တို့အပေါ်မှာ ဆက်ကြေးကောက်တယ်။ သူတို့က အခွန်ကောက်တယ် ပြောပါတယ်။ ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။ ကျွန်တော်တို့ကို နိုင်ထက်စီးနင်းလုပ်တယ်လို့ ခံယူထားပါတယ်။ ကျွန်တော်တို့ အခု ဖမ်းဆီးခံထားရတာ ၂၃၄ ဦးရှိပါပြီ။ သေဆုံးသွားတဲ့ဦးရေတောင် အတိအကျမသိရတဲ့အထိ ဖြစ်ပါတယ်။ ခင်ဗျားတို့နောက်တစ်ချိန်မှာ လူ့အခွင့်ရေးချိုးဖောက်ခံရတာရှိရင်၊ မတရားဖမ်းဆီးခံရတာရှိရင် ကျွန်တော်တို့နဲ့ ဆက်သွယ်ပါ”ဟု လူထုကို ပြောကြားသည်။

ဆုတောင်းပွဲအတွင်း ဖမ်းဆီးခံများ ပြန်လွတ်နိုင်ရေးဒေသခံများ၏လက်မှတ်များ စုဆောင်းနေပြီး စုဆောင်းပြီးပါက အစိုးရ၊ လွှတ်တော်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများသို့လည်း တင်ပြသွားမည်ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

ထို့နောက် ယင်းလူထုကြီးက လူထုဟောပြောပွဲအသွင် ကျင်းပခဲ့ရာ အသတ်ခံရသည့် မိဘများ၊ ဆွေမျိုးများက ယင်းတို့၏ ဖြစ်စဉ် နှင့် ရင်တွင်းစကားများကို လူထုအား ပြောပြခဲ့ကြသည်။ ယင်းဆုတောင်းပွဲတွင် ၂ဝ၁၁ ခုနှစ်နောက်ပိုင်း အသတ်ခံရမှုများ၊ အဖမ်းခံရမှုများနှင့် ၁၉၉၄ ရှေ့ပိုင်း အသတ်ခံရမှုများ၏ မိဘများနှင့် ဆွေမျိုးသားချင်းများလည်း တက်ရောက်ဟောပြောခဲ့ပြီး အများစုမှာ ဟောပြောနေစဉ်အတွင်း ငိုယိုမှုများလည်း မကြာခဏ ဖြစ်ပေါ်ခဲ့သည်။

ယင်းဆုတောင်းပွဲသို့ တက်ရောက်လာသည့် ဟိုပင်မြို့မှ ဦးတင်မောင်ထွန်းက “ကျွန်တော်ဟာ တပ်မတော်ကထွက်ပြီး အပြင်မှာ ဝမ်းစာရှာစားနေရသူ တစ်ယောက်ပါ။ ကျွန်တော့်သားက အသတ်ခံရတာပါ။ ဖိုးတူးလို့ခေါ်တဲ့ အကြီးဆုံးသားပါ။ ပန်းရန်လုပ်စားနေတာပါ။
ကျွန်တော်မရှိတုန်း ကျွန်တော့် မြေးလေးယောက်ရှေ့မှာ ကြိုးတုပ်ခေါ်သွားပြီး ရွာအပြင်မှာပဲ ခွေးလို၊ ဝက်လို သတ်လိုက်တာပါ။ ဘာအပြစ်မှမရှိဘဲ သေရတာပါ။ ငြိမ်းချမ်းရေး ဆွေးနွေးပါတယ်ဆိုတဲ့အချိန်မှာ ကျွန်တော့်သား အသတ်ခံရတာပါ။ ငြိမ်းချမ်းရေးလည်း ဘယ်လောက်ပဲဆွေးနွေး ဆွေးနွေး ရင်ထဲမှာမပါရင် မအောင်မြင်နိုင်ဘူးလို့ပြောချင်တယ်။ အစိုးရလူကြီးတွေကို ပြောချင်တာက အချိန်အကြာကြီး ဆွေးနွေးမယ့်အစား ပြတ်ပြတ်သားသား ဆွေးနွေးစေချင်တယ်။ ကျွန်တော်တို့လိုနေတာ ရွှေလည်းမဟုတ်ဘူး။ ငွေလည်း မဟုတ်ဘူး။ ငြိမ်းချမ်းရေးပါ။ ပြောနေကြတာကြာလှပြီ ဘာအရသာမှ မခံရသေးဘူး။ ငြိမ်းချမ်းရေးမရှိရင် ကျွန်တော်တို့ဆက်ပြီး ဒုက္ခသည်တွေခံစားရဦးမှာပါ။ ငြိမ်းချမ်းရေးကို အမြန်ဆုံးဆောင်ရွက်ကြပါလို့ပဲ ပြောချင်ပါတယ်”ဟု လူထုကို ပြောကြားသည်။

ဆလင်းကြီးမြို့နယ် ဆင်ဖြူကြည်ရွာမှ ဦးသန်းနိုင်က “ကျွန်တော်တို့ ညီအစ်ကိုသုံးယောက်ရဲ့သား နောက်ပြီးတော့ ညီပါသွားတယ်။ အားလုံး ဝမ်းကွဲမောင်နှမ၊ ဦးလေးတွေ ငါးယောက်ပါ။ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလထဲမှာပါ။ ကျွန်တော့်သားနှင့် ကျွန်တော့်ညီရဲ့သားက အသတ်ခံရတယ်ဆိုပြီး ပြောနေကြတယ်။ ကျွန်တော်တို့ လွန်ခဲ့တဲ့နွေရာသီ ဆွေးနွေးတုန်းကလည်း ဗိုလ်ချုပ်ဂွမ်မော်နှင့် တိုက်ရိုက်တွေ့ပါတယ်။ နှစ်ပတ်လောက်စောင့်ပေးပါ။ ပြန်လွှတ်ပေးမယ်လို့ ပြောပါတယ်။ အခုတော့ တစ်နှစ်ပြည့်တော့မယ်။ ဘာသတင်းမှကို မရတာဗျာ”ဟု The Daily Eleven သို့ ပြောကြားသည်။

ကချင်ပြည်နယ်အတွင်း ရှမ်းတိုင်းရင်းသားများ အဓမ္မ စစ်သားစုဆောင်းခံရမှုများကြောင့် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက်တွင် ပြည်နယ်အနှံ့မှ ရှမ်းတိုင်းရင်းသားများ ဆန္ဒဖော်ထုတ်ရန် လူစုလူဝေးဖြစ်ပေါ်ခဲ့ပြီး ဆန္ဒဖော်ထုတ်ခွင့်ကိုမူ အစိုးရက ခွင်မပြုခဲ့ပေ။

ကချင်ပြည်နယ်အတွင်း ရှမ်းတိုင်းသားများ စုဆောင်းခံရမှုကြောင့် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက်ကလည်း ကေအိုင်အေကို ဆန္ဒဖော်ထုတ်ရန် ကချင်ပြည်နယ်နယ်ပေါင်းစုံမှ မြစ်ကြီးနားမြို့တွင် လူတစ်သောင်းခန့် လူစုလူဝေးဖြစ်ပေါ်ခဲ့ပြီး ပြည်နယ်လွှတ်တော်တွင် အရေးကြီးအဆိုလည်း တင်သွင်းခဲ့သည်။ ကချင်ပြည်နယ်တွင် တိုင်လုံ၊ တိုင်းဆာ၊ တိုင်းလိုင်၊ တိုင်းခန္တီး၊ တိုင်းလေ စသည် ရှမ်းမျိုးနွယ်စု ငါးမျိုးနေထိုင်ပြီး ရှမ်းတိုင်းရင်းသားဦးရေ သုံးသိန်းကျော်ရှိကြောင်း အစိုးရစာရင်းများအရ သိရသည်။ 

Eleven Media Group

No comments: