Monday, February 09, 2015

သီပေါရဲကင်းကို လက်နက်ကိုင်အဖွဲ့ တိုက်၊ ရဲအရာရှိတစ်ဦး ကျဆုံး

Monday, February 9, 2015

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်၊ ကုန်းသာကျေးရွာရှိ ရဲအရာရှိတစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး တာဝန် ထမ်းဆောင်နေသော ကုန်းသာ ရဲကင်းစခန်းကို ဖေဖော်ဝါရီလ ၇ ရက် နံနက် ၄ နာရီ ၃၅ မိနစ်ခန့်က လက်နက်ကိုင်ဆောင်ထားသော လူတစ်စုက လက်နက်ဖြင့် ပစ်ခတ်ခဲ့ရာ ရဲအရာရှိတစ်ဦး သေဆုံးခဲ့ကြောင်း သီပေါမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။


ရဲအုပ်တစ်ဦး၊ ရဲတပ်သားတစ်ဦးတို့ တာဝန်ထမ်းဆောင်နေသော ရဲကင်းကို လူတစ်စုက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ရဲကင်းစခန်းတွင် ရှိနေသော ရဲတပ်ဖွဲ့များက ခုခံပစ်ခတ်ခဲ့ရကြောင်း မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ကြောင်း၊ ယင်းပစ်ခတ်မှုကြောင့် အသက် ၄၀ နှစ်အရွယ် ရဲအုပ်မျိုးအောင်ဆွေ သေနတ်ထိမှန် သေဆုံးခဲ့ပြီး အသက် ၂၀ ကျော်အရွယ် ရဲတပ်သား ပြည့်စုံညီညီ၏ ခြေထောက်တွင် သေနတ်ဒဏ်ရာ ရရှိခဲ့သဖြင့် သီပေါမြို့နယ်ရှိ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း အဆိုပါစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

“ဆုတ်ပစ်ပစ်သွားတာပါ၊ ဝေလီဝေလင်းဆိုတော့ အင်အား ဘယ်လောက်နဲ့ ဘယ်အဖွဲ့အစည်းကမှန်း သဲသဲကွဲကွဲ မသိလိုက်ရဘူး၊ လတ်တလောတော့ ဒီရဲကင်းကို ခေတ္တရုပ်သိမ်းထားတယ်” ဟု အဆိုပါအရာရှိက ပြောဆိုသည်။
အမည်မသိ လက်နက်ကိုင် လူတစ်စု၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော ရဲအုပ်၏ ဈာပနကို သီပေါမြို့မ ရဲစခန်း၏ အစီအစဉ်ဖြင့် ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီခန့်က ပြုလုပ်ခဲ့ကြောင်း၊ ယင်းပစ်ခတ်မှုကြောင့် ပြစ်မှုပုဒ်မ ၃၀၂/၃၀၇ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သီပေါမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ကုန်းသာရဲကင်း ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ တပ်မတော် တပ်ရင်းတပ်ဖွဲ့များက လိုက်လံပိတ်ဆို့ ရှာဖွေလျက်ရှိရာ အမှတ် (၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များက လိုက်လံပိတ်ဆို့ ရှာဖွေလျက်ရှိကြောင်း သီပေါမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

No comments: