Monday, February 09, 2015

အလောင်းဖျောက်ခံရသူတွေထဲ ဆရာမလေးနှစ်ဦးကို သတ်သူပါဝင်ဟု သတင်းထွက်ပေါ်


Sunday, February 8, 2015
မူဆယ်မြို့မှာ လူသတ် အလောင်းဖျောက်ခံရတဲ့ အမျိုးသားလေးဦးထဲက စေတနာ့ဝန်ထမ်း ဆရာမ နှစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်မှုနဲ့ ရဲတပ်ဖွဲ့ အလိုရှိနေတဲ့ ဖောယူဂွမ် ဆိုတဲ့လူ ပါနေတယ်လို့ သတင်းတွေ ထွက်ခဲ့တာကို မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးဆီက နေသိရပါတယ်။

“ကျောင်းဆရာမလေး နှစ်ယောက် မသေခင်မှာ တယ်လီဖုန်းနဲ့ အဆက်အသွယ်လုပ်ခဲ့သူက ကချင်တိုင်းရင်းသား ဖော်ယူဂွမ်လို့ သိရပေမယ့် ခုထိ စုံစမ်းလို့ မရသေးဘူး။ ခု လူသတ် အလောင်းဖျောက်ခံသူတွေထဲမှာ ဖော်ယူဂွမ် ပါတယ်လို့ သတင်းထွက်လာတာကို အတည်ပြုနိုင်အောင် မလွန်ဘန်ခါး ရွာဘက်ကို ဆက်သွယ် မေးမြန်းနေပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ နေရာမို့ နယ်မြေဆင်းပြီး သတင်းစုံစမ်းဖို့ အခက်အခဲ ရှိတာကြောင့် တပ်မတော်ကို အကူအညီ တောင်းထားတယ်” လို့ မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး ရဲအရာရှိတစ်ဦးက ပြောပါတယ်။
လူသတ် အလောင်းဖျောက်ခံရသူ လေးဦးရဲ့ အမှုကို တပ်မတော်ဘက်က ကူညီ စုံစမ်းပေးနေပြီး အလောင်းလေးလောင်းကို ကနဦး စုံစမ်းချက်အရ မလွန်ဘန်ခါး ရွာက သုံးဦးနဲ့ မလွန်ဖလန်းရွာက တစ်ဦးတို့ ဖြစ်ကာ မီးသွေးဖိုဖုတ်ဖို့ အလုပ်သွားရင်း ပျောက်ဆုံးသူတွေ ဖြစ်တယ်လို့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဆီကနေ သိရပါတယ်။
“လူသတ် အလောင်းဖျောက်မှုကို တပ်မတော်ဘက်က လုံးဝ မကျူးလွန်ခဲ့ဘူး။ ဘယ်အဖွဲ့က ကျူးလွန်ခဲ့တယ် ဆိုတာလည်း အတိအကျ မဖော်ထုတ်နိုင်သေးလို့ အမှုမှန်ပေါ်အောင် ကူညီစုံစမ်းနေတယ်။ ရဲတပ်ဖွဲ့က အလိုရှိနေသူ ပါတယ်၊ မပါဘူး ဆိုတာကလည်း ခုထိ စုံစမ်းဆဲပဲ” လို့ အဲဒီ စစ်ဌာနချုပ်က တပ်မတော် အရာရှိကြီး တစ်ဦးက ပြောပါတယ်။
“ဖော်ယူဂွမ်ဆိုတဲ့ နာမည် KIA တပ်မှာ မရှိဘူး။ ဆရာမ နှစ်ယောက် အသတ်ခံရမှု မှာလည်း KIA ဘက်က လုံးဝ မကျူးလွန်ခဲ့ဘူး။ ခု လူသတ် အလောင်းဖျောက် ခံရသူတွေထဲမှာ ဖော်ယူဂွမ်ဆိုသူ ပါတယ်လို့ သတင်းထွက်ပေမယ့် သတင်းရင်းမြစ်ကို သေချာ မသိသေးလို့ အတိအကျ မဖြေနိုင်သေးဘူး။
ခုထွက်ပေါ်နေတဲ့ သတင်းတွေက အရှေ့နဲ့ အနောက် လွဲမှားသလိုဖြစ်နေတယ်” လို့ KIA ပြည်နယ်အဆင့် ပဋိပက္ခ ညှိနှိုင်းရေး အဖွဲ့ဝင် ဗိုလ်မှူးကြီး ရာထူးအဆင့်ရှိသူ တစ်ဦးက ပြောပါတယ်။
The Voice Weekly

No comments: