ဒီဗွီဘီ။ ၂၈။ အောက်တိုဘာ။ ၂၀၀၈ နော်စေးဖော
လာမည့် ပွင့်လင်းရာသီတွင် ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူတပ်ဖွဲ့များကို နအဖစစ်အစိုးရမှ အမြစ်ပြတ်ချေမှုန်းရန် ပြင်ဆင်နေသည်ဟု စစ်ဘက်ဆိုင်ရာ သတင်းများအရ သိရှိရသည်၊ နေပြည်တော် ကက/ကြည်း စစ်ဌာနချုပ်မှ တောင်ပိုင်းတိုင်း။ အရှေ့တောင်ပိုင်းတိုင်းနှင့် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်များကို ပြီးခဲ့တဲ့အပတ်က လျှို့ဝှက်ညွန်ကြားခဲ့သည် ဟုလည်း ဆိုသည်။
သက်ဆိုင်ရာ စစ်တိုင်းနယ်မြေအလိုက် မိမိတို့နယ်မြေအတွင်းတွင် လှုပ်ရှားနေကြသည့် ကေအန်ယူ တပ်မဟာများ၊ တပ်ရင်းတပ်ဖွဲ့အင်အားများ၊ လက်နက်အင်အားစာရင်းများနှင့် နေ့စဉ်လှုပ်ရှားမှုများကိုလည်း စာရင်းကောက်ယူရန် ညွှန်ကြားထားသည်ဟုလည်း သိရှိရသည်။
ကရင်ပြည်နယ်အတွင်းရှိ မော်ဖားသူး၊ ၀ါးခ၊ ဝေါ်လေး အစရှိသည့် အမြောက်စခန်းများကိုလည်း လက်နက်ကြီး ကျည်ဆံများပေးရန် အားဖြည့်နေတယ်ဟုလည်း သိရှိရသည်၊ ထို့အပြင် ထိုင်းမြန်မာနယ်စပ်တလျှောက်တွင် အခြေပြုထားသည့် ကေအန်ယူ တပ်များကို ထိုးစစ်ဆင်တိုက် ခိုက်သည့်အခါ ထိုင်းစစ်တပ်မှ အကူညီမပေးနိုင်စေရန် ထိုင်းစစ်တပ်၏ စစ်ရေးလှုပ်ရှားမှု များကိုလည်း လေ့လာစောင့်ကြည့်ရန် ညွှန်ကြားထားသည်ဟု သိရသည်၊ အဆိုပါ စစ်ဖက်ဆိုင်ရာ သတင်းများနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် ကေအန်ယူ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးစောလှငွေကို မေးမြန်းကြည့်ရာ ယခုလို ပြောကြားသည်။
“ကျနော်တို့ကို လောလောဆယ်မှာတော့ အဲလိုပဲ ခန့်မှန်းသတင်းတွေ အနေနဲ့ပဲ သိရတယ်၊ ကျနော်တို့အနေနဲ့ သိတာကတော့ အမြစ်ပြတ်ချေမှုန်းရေးဆိုတာကတော့ တနှစ်တရာသီအတွက်ပြောတဲ့ ကိစ္စမဟုတ်ဘူး။ဒါဟာသူတို့ရဲ့ မဟာဗျူဟာ စီမံချက်ပဲ၊စီမံချက် အပေါ်မှာ နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်နေတာပဲ၊ ဒါကတော့ ကျနော်တို့အတွက် သိပ်ပြီး ထူးခြားတဲ့သတင်းတရပ် တော့မဟုတ်ဘူး။ ဒါက ပုံမှန်ရှိနေကျကိစ္စပဲ။”
လောလောဆယ်တွင် တိုက်ပွဲငယ်လေးများသာရှိပြီး ကြီးမားသည့်တိုက်ပွဲများမရှိသော်လည်းကေအန်ယူအနေနှင့်ကြိုတင် ပြင်ဆင်ထားမှုများရှိကြောင်းလည်း ဗိုလ်မှူးစောလှငွေမှ ပြောသည်၊
“ကျနော်တို့ရဲ့ ပြင်ဆင်ထားမှုကတော့ ပျောက်ကျားနဲ့ ခံစစ်တွေပဲ ကျနော်တို့က ပြင်ဆင်ထားတယ်၊ ကျန်တဲ့အပိုင်း တွေက စစ်ရေးပိုင်းရှိတဲ့အတွက်ကြောင့် ဒါကတော့ သေနတ်ပေါက်လာပြီး အထိခိုက် တွေပေါ်လာမှပဲ သိမှာပေါ့လေ၊ စစ်မြေပြင် တိုက်ပွဲ အကျအဆုံးစာရင်းတွေပေါ်လာမှပဲ ဆက်ခန့်မှန်းလို့ရမှာ ပေါ့၊ လောလောဆယ်မှာတော့ ဒါပြောလို့မရဘူး၊နအဖရဲ့ တောက်လျှောက်ရှိထားတဲ့ ထိုးစစ်တွေအပေါ် ပွင့်လင်းရာသီမှာလည်း ဆက်ပြီးလုပ်လာမှာပဲဆိုတဲ့အပေါ်မှာ ကြိုတင်မျှော်လင့် ထားပြီးသားလည်း ဖြစ်တယ်၊ မျှော်လင့်ထားတဲ့အလျှောက် ပြင်ဆင်တာလည်းရှိတယ်လို့ ပြောရမှာပဲ။”
နအဖ မှ အဘယ့်ကြောင့် ယခုလို အမြစ်ပြတ်ထိုးစစ်ဆင်ချေမှုန်းရန် ပြင်ဆင်ရကြောင်းနှင့် ပတ်သက်ပြီး ထိုင်းအခြေစိုက်စစ်ရေးအကဲခတ် ဦးဌေးအောင်မှ ယခုလို ပြောသည်။ “စစ်အစိုးရကို လက်နက်ကိုင်ပြီးတော့ တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၇ ဖွဲ့ဟာ စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲထားပေမဲ့ သဘာအရင့်ဆုံးလို့ ပြောလို့ရတဲ့ ကေအန်ယူအဖွဲ့ရော၊ ကေအန်ပီပီလို့ခေါ်တဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီရော၊ အက်စ်အက်စ်အေ တောင်ပိုင်း တပ်တွေရောက အခုချိန်အထိ စစ်အစိုးရဆီမှာ လက်နက်မချဘဲနဲ့ ခုခံတိုက်ခိုက်တာ ရှိနေတယ်၊ အဲဒီအခြေအနေပေါ်မှာ အခု အပစ်ရပ်အဖွဲ့တွေကို စစ်အစိုးရက လက်နက်ဖြုတ်သိမ်းဖို့ကြိုးစားတဲ့နေရာမှာ တချို့ ပစ်ခတ်ရပ်စဲရေး အဖွဲ့တွေဟာ လက်နက်ဖြုတ်သိမ်းမခံဘဲနဲ့ ပြန်ပြီးတိုက်ခိုက်ဖို့ အတွက် ပြင်ဆင်နေတာတွေ တွေ့ရတယ်၊ အဲတော့ စစ်အစိုးရဘက်က တွက်ဆတာက အပစ်ခတ်ရပ်စဲရေးအဖွဲ့တွေ အခုလို ပြင်ဆင်လာတာက သူတို့မှာ ကျောထောက်နောက်ခံဖြစ်နေတဲ့ ကေအန်ယူ၊ ကေအန်ပီပီ၊ အက်စ်အက်စ်အေ တောင်ပိုင်းတပ်ဖွဲ့ တွေလို နောက်မဟာမိတ်အဖွဲ့အစည်းတွေရှိနေလို့ ဖြစ်နိုင်တယ်၊ ဒါကြောင့်မို့လို့ သူတို့အနေနဲ့ အရင်ဆုံးပစ်ခတ်ရပ်စဲရေးအဖွဲ့တွေကို လက်နက်မဖြုတ်သိမ်းခင်မှာ အခုလက်နက်ကိုင်ပြီးတော်လှန် နေဆဲအဖွဲ့သုံးဖွဲ့ကို အရင်ဆုံး ထိုးစစ်ဆင်ပြီးတော့ ခြေမှုန်းပစ်ဖို့လိုတယ်လို့ စစ်အစိုးရတွက်ဆပုံရတယ်လေ။”
နအဖဘက်မှ အမှန်တကယ်ထိုးစစ်ဆင် တိုက်ခိုက်လာလျှင် ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများကိုလည်းဦးဌေးအောင် က ယခုလို သုံးသပ်ပြောဆိုသွားသည်၊ “တကယ်လို့စစ်ပွဲကြီးတွေဖြစ်လာမယ်ဆိုရင်တော့ အဓိက အဲဒီနယ်မြေမှာရှိတဲ့ ပြည်သူ လူထုကတော့ ဒုက္ခရောက်မှာပေါ့လေ၊ သူတို့အနေနဲ့ လက်နက်ကိုင်တိုက်ပွဲကြီးတွေဖြစ်လာလို့ရှိရင် အရင်ဆုံးကျေး ရွာတွေကို သူတို့အနေနဲ့ မီးရှို့ဖျက်ဆီးတာတွေ။ လူထုတွေကို သတ်ဖြတ်တာတွေ။ ဒါမျိုးတွေက ဖြစ်ခဲ့ကြတဲ့ သာဓကတွေက အများကြီး ရှိတယ်၊ အဲလို ရန်သူစစ်ကြောင်းတွေတက်လာပြီး ထိုးစစ်တွေဆင်လာပြီဆိုရင် အရင်ဆုံးလူထုက ပြေးလွှား ပုန်းအောင်းရတယ်၊ တချို့အများစုကလည်း ဒီထိုင်းနယ်စပ်တွေကို ထွက်ပြေးလာတဲ့ အနေအထားတွေ။ ဒုက္ခတွေရှိတာပေါ့နော်၊ အဲဒီဒုက္ခကို လူထုက ခံစားရမယ့် အနေအထားရှိတယ်။
No comments:
Post a Comment