Tuesday, October 28, 2008

နေပြည်တော်လွှတ်တော်ရုံးအဖွဲ့ ၂၀၀၉ မှာ စတင်ရုံးထိုင်မည်

NEJ/ ၂၇ အောက်တိုဘာလ ၂၀၀၈

၂၀၁၀ ခုနှစ်နောက်ပိုင်း ပေါ်ပေါက်လာမည့် ရုပ်သေးအရပ်သားအစိုးရသစ်အတွက် ရည်ရွယ်ဆောက်လုပ်နေသည့် နေပြည်တော် လွှတ်တော်အဆောက်အဦတွင် ၂၀၀၉ ခု စက်တင်ဘာလမှ စတင်၍ ရုံးဝန်ထမ်းများ စတင်ရုံးထိုင်တော့မည်ဟု ၀န်ကြီးချုပ်ရုံး သတင်းရပ်ကွက်က ပြောသည်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို ချောချောမောမော ကျင်းပခွင့်ရမည် မရမည် မသေချာသေးသော်လည်း ၂၀၀၉ ခု စက်တင်ဘာလမှ စတင်ပြီး နေပြည်တော်လွှတ်တော်မှာ ရုံးအဖွဲ့ စတင်ရုံးတက်ဖို့ စစ်အစိုးရ ခေါင်းဆောင်ပိုင်းက စီစဉ်ခဲ့ခြင်းဖြစ်သည်။ နေပြည်တော် လွှတ်တော်ရုံးအဖွဲ့တွင် တာဝန်ပေးအပ်နိုင်ရေးအတွက် စစ်တပ်မှ ဗိုလ်ကြီးအဆင့်နှင့် အရာခံဗိုလ်များကို စတင်ရွေးချယ်နေပြီဟုပါ အဆိုပါ သတင်းရပ်ကွက်က ပြောသည်။
တည်ဆောက်နေဆဲ လွှတ်တော်အဆောက်အဦကြီးမှာလည်း ၅၀ ရာနှုန်းကျော်ပြီးစီး နေပြီဖြစ်သည့်အတွက် ရုပ်လုံးပေါ်နေသော်လည်း အပေါ်ပိုင်းတွင် သံမဏိဂဟေလုပ်ငန်းများ လုပ်ကိုင်နေဆဲဖြစ်သည်ဟု နေပြည်တော်ဆောက်လုပ်ရေးတာဝန်ခံ တစ်ဦးက ပြောသည်။

No comments: