Friday, October 24, 2008

အာရှနှင့်အီးယူခေါင်းဆောင်များက မြန်မာစစ်အစိုးရအား ဖိအားပေးသင့်

HRW/ ၂၃ အောက်တိုဘာ ၂၀၀၈

တရုတ်နိုင်ငံ၌ ယခုသီတင်းပတ်အတွင်း ကျင်းပရန်ရှိသည့် အာရှ- ဥရောပ အစည်းအဝေးတက်ရောက်သူများအနေဖြင့် မြန်မာစစ်အစိုးရအား ၎င်း၏လူ့အခွင့်အရေးမှတ်တမ်းကို တိုးတက်စေရေး လုပ်ဆောင်ရန် ဖိအားပေးသင့်ကြောင်း လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch (HRW) က ယနေ့ထုတ်ပြန်ပြောဆိုသည်။ HRW မှ အာရှဒေသဆိုင်ရာဒါရိုက်တာ ဘရက်အဒမ်က “ASEM အဖွဲ့ဝင်တွေအနေနဲ့ မြန်မာ့နိုင်ငံရေးပြောင်းလဲမှုလုပ်ဖို့နဲ့ အခြေခံလွတ်လပ်မှုတွေနဲ့ပတ်သက်ပြီး စစ်အစိုးရကို ဖိအားပေးဖို့ အခွင့်အရေးတရပ် ရှိနေပါတယ်။ ASEM ခေါင်းဆောင်တွေ အနေနဲ့ ဒီနေ့မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ်မှာ ဆိတ်ဆိတ်နေလို့ မသင့်ပါဘူး” ဟုပြောသည်။

ယခုအစည်းအဝေးသည် ကုလသမဂ္ဂ၏ ညှိနှိုင်းကြိုးစားမှု မအောင်မမြင်ဖြစ်ပြီးနောက် စစ်အစိုးရကို အရေးပါသည့် ဖိအားပေးမှုမျိုးလုပ်နိုင်သည့် အစည်းအဝေးဖြစ်ကြောင်းလည်း HRW က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို အာရှနှင့် ဥရောပနိုင်ငံများ ပူးတွဲဖြေရှင်းရန် ရည်ရွယ်သည့် (၇) ကြိမ်မြောက် အာရှ-ဥရောပ အစည်းအဝေး (ASEM) ကို ပေကျင်းမြို့တွင် ယခုလ (၂၄-၂၅) ရက်များ၌ ကျင်းပမည်ဖြစ်ပြီး အစီအစဉ်အရ မြန်မာနိုင်ငံမှ ၀န်ကြီးချုပ်သိန်းစိန်အပါအ၀င် (၄၅) နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးကြမည်ဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့နိုင်ငံရေးပြောင်းလဲမှုတွင် “လက်ဆုပ်လက်ကိုင်ပြနိုင်သည့် တိုးတက်မှု” တစုံတရာ ရှိရမည်ဟု တောင်းဆိုခဲ့သော်လည်း ကုလအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီ၏ ယခုနှစ် မြန်မာခရီးစဉ်အတွင်း ထူးခြားသည့် တိုးတက်မှုတစုံတရာမရရှိခဲ့ပေ။ ပြီးခဲ့သည့် သြဂုတ်လတွင် ထိပ်တန်းမြန်မာခေါင်းဆောင်များက မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံရန်ငြင်းဆိုခဲ့သည်သာမက ၎င်းသည်မြန်မာ့ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်သည်ဟုပင် စွပ်စွဲခံရသည်။

မေလအတွင်းကလုပ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကြောင့် ဆိုင်ကလုန်းမုန်တိုင်းအတွက် လူသားချင်းစာနာမှု အထောက်ကူလုပ်ငန်းများ နှေးကွေးခဲ့ရကြောင်း၊ အဆိုပါ ဥပဒေသည်လည်း စစ်အစိုးရသက်ဆိုးရှည်ရေးအတွက်သာ ရည်ရွယ်ကြောင်းတို့ကိုလည်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် တားဆီးပိတ်ပင်မှုများအရ နအဖ၏ ထိပ်တန်းခေါင်းဆောင်များအနေဖြင့် “ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို အာမခံနိုင်သည့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးမလုပ်ဘဲ” အလည် အပတ်ဖြစ်စေ (သို့) နိုင်ငံတကာအစည်းအဝေးများ တက်ရောက်ရန်ဖြစ်စေ ဥရောပနိုင်ငံများသို့ ၀င်ရောက်ခွင့်မရှိပေ။

ယင်းသို့တားဆီးထားသော်လည်း ဥရောပသမဂ္ဂက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကို ယမန်နှစ် ASEM အစည်းအဝေး တက်ရောက်ရန် Hamburg သို့လာရောက်ခွင့်ပြုခဲ့သည်။ သို့သော် ဥရောပသမဂ္ဂက အစည်းအဝေးကာလအတွင်း ဦးဥာဏ်ဝင်း နှင့် သီးသန့်တွေ့ဆုံရာတွင် လူ့အခွင့်အရေးမှတ်တမ်းများ တိုးတက်မှုမရှိကြောင်း ပြောဆိုခဲ့သည်။

ယခုကျင်းပမည့် ASEM အစည်းအဝေး၌ မြန်မာနိုင်ငံကို အဓိကကျားကန်ပေးနေသော အိမ်ရှင်တရုတ်နိုင်ငံအပြင် အိန္ဒိယ၊ စင်ကာပူတို့အပါအ၀င် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အဖွဲ့ဝင်နိုင်ငံများကိုလည်း ဖိအားပေးရန် HRW အဖွဲ့ကြီးက ဥရောပ သမဂ္ဂအား တောင်းဆိုလိုက်သည်။

ထို့အပြင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား ပျှမ်းမျှ (၂,၀၀၀) ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးပြီး နိုင်ငံရေးလုပ်ငန်းစဉ်များတွင် လွတ်လပ်စွာလုပ်ပိုင်ခွင့်ပေးရန်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ စုဝေးခွင့်၊ ဖွဲ့စည်းခွင့်များအပေါ် ချမှတ်ထားသည့် တားဆီးမှုများကို ဖယ်ရှားပေးရန်၊ လူမျိုးစုများအပေါ် တိုက်ခိုက်နေမှုများကို ရပ်တန့်ပြီး ရာဇ၀တ်မှုကျူးလွန်မှုများအပေါ် တာဝန်ယူဖြေရှင်းပေးရန်၊ အသက် (၁၈) နှစ်အောက် ကလေးများကို စစ်သားအဖြစ် စုဆောင်းနေမှုကို ရပ်တန့်ပြီး စုဆောင်းထားသည့် ကလေးစစ်သားများကိုလည်း ပြန်လွှတ်ပေးရန် နအဖအား ဖိအားပေးရေးအတွက် အာရှနှင့် ဥရောပခေါင်းဆောင်များကို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ကြီးက ယနေ့ထုတ်ပြန်တောင်းဆိုလိုက်သည်။

No comments: