Friday, November 07, 2008

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာတောင်းဆိုမှုကို လက်ခံနိုင်ခြင်းမရှိသဖြင့် ပယ်ချကြောင်း မြန်မာစစ်အစိုးရမှ သတင်းထုတ်ပြန်

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် လက်တလောအငြင်းပွာနေသော ရေပိုင်နက်နှင့် ပတ်သက်၍ နေပြည်တော်မှ နိုဝင်ဘာ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။ ၎င်းသတင်းထုတ်ပြန်ချက်အရ-မြန်မာ့သီးသန့်စီးပွားရေးဇုန်အတွင်း ကျရောက်သော ရခိုင်ကမ်းလွန်လုပ်ကွက်အမှတ် AD-7 လုပ်ကွက် ကို ၂၀၀၅ ခုနှစ်တွင် တင်ဒါခေါ်ယူခဲ့ရာ ကိုရီးယားသမ္မတနိုင်ငံ ဒေ၀ူးအင်တာနေရှင်နယ် ကော်ပို့ရေးရှင်းမှ တင်ဒါ အောင်မြင်ခဲ့ကြောင်း။

ဒေ၀ူးအင်တာနေရှင်နယ် ကော်ပို့ရေးရှင်းအနေဖြင့် အဆိုပါ AD-7 လုပ်ကွက်အတွင်း ၂၀၀၇ ခုနှစ်၌ ရှာဖွေရေးလုပ်ငန်းများကို လည်းကောင်း၊ ၂၀၀၈ခုနှစ်၊စက်တင်ဘာလမှစ၍ စမ်းသပ်တူးဖော်ခြင်း လုပ်ငန်းများကိုလည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်နေစဉ် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက AD-7 လုပ်ကွက် သည် ၎င်းတို့၏ ရေပိုင်နက်အတွင်း ကျရောက်ကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံမှ တူးဖော်နေမှုများကို ချက်ချင်း ရပ်တန့်ပေးရန်ဖြစ်ကြောင်း ဥပဒေမဲ့မှားယွင်းစွာ တောင်းဆိုလာခဲ့ကြောင်း။

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရသည် နယ်နိမိတ်ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာဥပဒေများ အတိုင်း ဆောင်ရွက်ရန်ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်အစိုးရ၏ နိုဝင်ဘာလ ၆ ရက် နေ့ထုတ် သတင်းစာများတွင် ဖော်ပြထားပါသည်။

No comments: