Sunday, November 09, 2008

မြန်မာ-တရုတ် ကုန်သွယ်မှု ကန်ဒေါ်လာ ၂.၄ ဘီလီယံ ထိ တိုးတက် ဟုဆို

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းလောလောဆယ်ကမ္ဘာ့စီးပွားရေးအင်အားကြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ကုန်သွယ်မှုမှာ အရှိန်အဟုန်ဖြင့်တိုးတက်နေပြီး ၂၀၀၇-၂၀၀၈ ခုနှစ်စာရင်း ကိန်းဂဏန်းများအရ နှစ်နိုင်ငံကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂.၄ဘီလီယံ ထိတိုးတက်ရောက်ရှိလာကြောင်း မြန်မာနိုင်ငံအစိုးရ ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန်၏ ပြောကြားချက်အရ သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံနန်နင်းမြို့တွင်ကျင်းပသော(၅)ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေးတွင် မြန်မာနိုင်ငံအစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။


တရုတ်ပြည်သူ့သမ္မတနိုင်ငံဒုတိယဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ ၂၀၀၄ခုနှစ်က ချစ်ကြည်ရေးခရီးလာရောက်စဉ် နှစ်နိုင်ငံအကြား လက်မှတ် ရေးထိုးခဲ့သည့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ မြှင့်တင်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာတွင်တရုတ်-မြန်မာကုန်သွယ်မှုပမာဏကို ၂၀၀၅ခုနှစ်တွင် အမေရိကန် ဒေါ်လာ၁.၅ဘီလီယံ ရရှိစေရန် အတွက်ပူးပေါင်းဆောင်ရွက်ကြရန် ဖော်ပြပါရှိကြောင်း၊ သို့ရာတွင် ၂၀၀၇-၂၀၀၈ခုနှစ်တွင် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂.၄ဘီလီယံထိတိုးတက်လာပြီး အဆိုပါကုန်သွယ်မှုပမာဏမှာ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏ စုစုပေါင်း ၏ ၂၄.၂ရာခိုင်နှုန်း ရှိကြောင်း ၄င်းကပြောကြားသည်။

ရင်းနှီးမြှုပ်နှံမှုအနေဖြင့် မြန်မာနိုင်ငံတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုမှာ စတုတ္ထနေရာတွင် ရှိကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်နေသည့် ကဏ္ဍများမှာ သတ္တုကဏ္ဍ၊ စက်မှုကဏ္ဍ၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍ၊ လျှပ်စစ်ကဏ္ဍတို့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများ၏ ကုန်သွယ်ပမာဏမှာ ၂၀၀၇-၂၀၀၈ခုနှစ်တွင်စုစုပေါင်း ကုန်သွယ်မှု ပမာဏ၏၅၁.၈၈ရာခိုင်နှုန်းရှိကြောင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က အစည်းအဝေးတွင်ပြောကြားကြောင်း ၂၀၀၈ခုနှစ် နိုဝင်ဘာလ၁၀ရက်နေ့ ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments: