Friday, November 14, 2008

“ မြန်မာနှင့်တင်းမာမှု ပြေလည်ပြီဟု ဘင်္ဂလားဒေ့ရှ်ပြော ”

ဆစ်ဒစ် အစ္စလမ်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ရေပိုင်နက်ပြဿနာတင်းမာမှုများ လျော့ပါးပြေလည်သွားပြီဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်ဒေါက်တာအစ်ဖ်တက်ကာအာမက်ချောင်ဒရီက ဒါကာမြို့တွင် တနင်္လာနေ့တွင် ပြောကြားခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ်က “ ဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံနှင့် ရင်းနှီး သည့် အိမ်နီးချင်းပီသသော ဆက်ဆံရေးမျိုးကိုသာ အစဉ်တစိုက်လိုလားကြောင်းနှင့် ၎င်းတို့ကျင့်သုံးမည့် ပေါ်လစီသည်လည်း ဤလမ်းညွှန်မူဝါဒအတိုင်း ကျင့်သုံးသွားမည် ” ဟု ပြောကြားခဲ့ပါသည်။

ဒေ၀ူးကုမ္ပဏီသည် မြန်မာ့သီးသန့်စီးပွားရေးဇုန်အတွင်းရှိ ကမ်းလွန်လုပ်ကွက်များတွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး လုပ်ငန်းများကို မြန်မာအစိုးရနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေပေရာ ၂၀၀၀ ပြည့်နှစ်မှစ၍ ရခိုင်ကမ်းလွန် ဒေသရှိလုပ်ကွက်များတွင် သဘာဝဓာတ်ငွေ့ခိုအောင်းနိုင်မှု အခြေအနေများအား သိရှိနိုင်ရန်ဆိုက်စမစ် ( Seismic )တိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

လိုအပ်သည့်စမ်းသပ်တိုင်းတာမှုများအောင်မြင်စွာဆောင်ရွက်ခဲ့ပြီးဖြစ်သဖြင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် များအရ AD-7 နေရာမှ မူလသတ်မှတ်ထားသည့် လုပ်ငန်းအစီအစဉ်များ အတိုင်း ဆက်လက်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြန်မာအစိုးရ က သတင်းထုတ်ပြန်ခဲ့ပါသည်။

ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေးဌာန အတွင်းဝန် မိုဟာမက်ဟိုဟစ်ဟူစိန်ခေါင်းဆောင်သည့်အဖွဲ့ဝင် ၃ ဦးပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် ရန်ကုန်မြို့သို့ ၃ ရက်ကြာသွားရောက်ကာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မြင့်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မြန်မာနှင့်တင်းမာမှုပြေလည်ပြီဟု ဘင်္ဂလားဒေ့ရှ်ဘက်မှ လေသံပျော့ပျောင်း သွားခြင်းဖြစ်သည်။

ဒေ၀ူးအင်တာနေရှင်နယ်ကော်ပိုရေးရှင်း၏ လက်ရှိလုပ်ဆောင်နေသောလုပ်ကွက်များသည် မြန်မာရေပြင်ပိုင်နက်တွင် တည်ရှိကြောင်း အပြည်ပြည်ဆိုင်ရာဥပဒေများအရ သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် စားနပ်ရိက္ခာအတွက် မြန်မာနိုင်ငံအပေါ်မှီခိုနေရပြီး လျှပ်စစ်ဓာတ်အား လိုအပ်ချက်အရ သဘာဝ ဓာတ်ငွေ့အများအပြား လိုအပ်လျက်ရှိနေပါသည်။

ရေပြင်ပိုင်နက်များ ထပ်မံအငြင်းပွားမှုများမရှိစေရေးအတွက် စတုတ္ထအကြိမ်မြောက်ဆွေးနွေးပွဲကို လာမည့် အပတ်တွင် ဒါကာမြို့၌ ကျင်းပရန်ရှိကြောင်းနှင့်ထိုအစည်းအဝေးသို့ မြန်မာအစိုးရ ဒုတိယ၀န်ကြီး လာရောက်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments: