Thursday, January 29, 2009

စစ်ပြိုင်အစိုးရများအပေါ် သူတို့ရဲ့သဘောထားများ

နယ်မြေမရှိ၊ စစ်တပ်မရှိ၊ ပြည်ပရောက် သန်းနှင့်ချီသည့် အောက်ခြေလူထုကို စည်းရုံးမှုလုံးဝမရှိ၊ အင်အားတည်ဆောက်မှုမရှိ၊ နိုင်ငံတကာအစိုးရများက တွန်းတင်ပေးချင်လောက်အောင် Figure နှင့် အရည်အချင်း ရှိသည့် ခေါင်းဆောင်မျိုး ပြည်ပတွင်မရှိပါဘဲနှင့် ဘယ့်အတွက်ကြောင့် အစိုးရဖွဲ့ချင် ၀န်ကြီးများလုပ်ချင်နေကြ သနည်း၊ ရှိပြီးသား အန်စီဂျီယူဘီ အစိုးရသည်ပင် အနှစ် ၂၀ လုံးလုံး လူရယ်စရာ၊ နောက်ပြောင်စရာဖြစ်ခဲ့သည်ကို သင်ခန်းစာမယူနိုင်ကြ၍လော ....

ဒေါက်တာ လွဏ်းဆွေ

လူဦးရေ ၂၀ ၀န်းကျင်ခန့် တက်ရောက်တဲ့ လူတစုအစည်းအဝေးမှာ ထုံးစံအတိုင်း ကိုယ့်ကိုယ်ကို ဆန္ဒခံမဲပေးပြီး အစိုးရဖွဲ့လိုက်ကြတယ်။ နိုင်ငံရေးပွဲစားအများစုက တစ်လကို ဒေါ်လာနည်းနည်းပါးပါးရနေခြင်း၌ ခုံမင်နေကြသောကြောင့် ဒီမိုကရေစီမျက်နှာကို မမြင်ချင်ယောင်ဆောင်ပြီး ပရောဂျက် ရှာပေးနေကြ လူကိုပဲ နေရာထပ်ပေးထားလိုက်ကြတယ်။ လူထုနဲ့ အဆက်ပြတ်ပြီး အထီးကျန်နေပါစေ လူတစုအဆင်ပြေရင် ကျေနပ်တယ်ဆိုတဲ့ မိရိုးဖလာဗမာပဒေသရာဇ်ဥာဉ်ဆိုးက ၂၁ ရာစုတိုင် အသစ်ဝင်နေဆဲပဲဆိုတာ ဒီနေရာမှာ သက်သေခံပြနေတယ်။
ထုံးစံအတိုင်း NGOs များကို အခြေပြုတဲ့ အစိုးရဖြစ်လာသောကြောင့်နေရာတိုင်းမှာ ကန့်သတ်မှုတွေ ရှိနေမယ်။ လူအများရဲ့ဆန္ဒကို မျက်ကွယ်ပြုသောကြောင့် တဖြည်းဖြည်းနဲ့ လုံးပါးပါးလာပြီး နောက်ဆုံး လူတော မတိုးတဲ့အဆင့်ထိ ရောက်သွားနိုင်ပါတယ်။ ပိုဆိုးတာက ဒီမိုကရေစီတော်လှန်ရေးမအောင်မြင်ရတာ ဒီလို ဒီမိုကရေစီ မျက်နှာကို အိုးမဲသုတ်နေတဲ့ နိုင်ငံရေးပွဲစားများရဲ့ ပယောဂမကင်းဘူးဆိုပြီး နောင်တချိန်မှာ သမိုင်းတရားခံဘွဲ့ပါ အဆစ်ရလာနိုင်တယ်။ သေချာတာက စစ်အုပ်စုကို ဖြုတ်ချဖို့ အရေအတွက်ရော အရည်အချင်းပါလိုနေတယ်။ သွေးသစ်လောင်းရမယ့် ကာလမှာ လက်ပန်းကျနေတဲ့ မျက်နှာဟောင်းတွေနဲ့ပဲ ကျိတ်ဝိုင်းဖွဲ့ပြီး နိုင်ငံရေးကစား နေတာကို ရပ်သင့်တယ်။
ညီညီထွေး (နယ်သာလန်)
စင်ပြိုင်အစိုးရဖွဲ့ စည်းရာမှာ မူလရည်ရွယ်ချက်နဲ့ တိမ်းဆောင်းသွားပါတယ်။ မဟာမိတ်တွေနဲ့ မကင်းကွာ ကြောင်းပြ ချင်ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ NCUB နေခွဲထွတ်ဖို့ ဒေါက်တာစိန်ဝင်း ကဆောင်ရွက်ခဲ့ပါတယ်။ ဒေါက်တာစိန်ဝင်း က NCUB မှာ သဘာပတိ အနေနဲ့ ဆွဲခေါ်ထားပေမဲ့ တစ်ခါမှမတက်ရောက်ခဲ့ပါဘူး။ မျိုးဆက်သစ်တွေနဲ့ လည်းအတွေးအခေါ်အယူအဆ ချင်းအရမ်း ကွာဟနေပါတယ်။ အမတ်တွေကလည်း နေရာရရှိရေးအတွက်အချင်းချင်းထိုးကြိတ်လို့ နဖူးကွဲပြီးချုပ်ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ကျမ အနေနဲ့ကတော့ ဗမာပြည်နိုင်ငံရေး အတွက်ရင်လေးမိပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂ ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်း

No comments: