Saturday, January 31, 2009

`` ကရင်ပြည်နယ်မှ ကရင်လူမျိုးများ ပေးပို့သည့် သ၀ဏ်လွှာ ´´

`` နှစ် (၆၀)ပြည့် ကရင်အမျိုးသားတော်လှန်ရေးနေ့သို့ ဂုဏ်ပြုသ၀ဏ်လွှာ ´´


၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ကျရောက်သည့်နေ့ နှစ်(၆၀)ပြည့် ကရင်အမျိုးသား တော်လှန်ရေးနေ့သို့ ကရင်တိုင်းရင်းသားပြည်သူအပေါင်းမှ ၀မ်းသာဂုဏ်ပြုစွာဖြင့် ဤသ၀ဏ်လွှာကို ပေးပို့ပါသည်။ ကရင်အမျိုးသားအစည်းအရုံးမှ ခေါင်းဆောင်များ၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်မှ စစ်သည်တော်အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာစေရန် ဆုတောင်းမေတ္တာ ပို့အပ်ပါသည်။

ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦး ခေါင်းဆောင်၍ ၁၉၄၉ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စတင်ခဲ့သော ကရင်အမျိုးသားတော်လှန်ရေးသည် ယနေ့ဆိုလျင် နှစ်(၆၀)ပြည့်ပြီ ဖြစ်ပါသည်။ နှစ်ပေါင်း ၆၀ မျှကြာခဲ့သော်လည်း ကရင်အမျိုးသားတို့၏ မျှော်လင့်ချက်ပန်းတိုင်သို့ မရောက်ရှိသေးပဲ ကရင်လူမျိုး အချင်းချင်း စိတ်ဝမ်းကွဲပြား တိုက်ခိုက်ကြသည်မှာ ကရင်ပြည်သူတစ်ရပ်လုံးအတွက် စိတ်မကောင်းဖွယ်ရာ ဖြစ်ပါသည်။ ကရင်ပြည်သူတစ်ရပ်လုံးဆန္ဒမှာ ကရင်လူမျိုးများအားလုံး စိတ်ချမ်းမြေ့ပျော်ရွှင်စွာ နေထိုင်နိုင်ရေး ဖြစ်ပါသည်။ ယခုဖြစ်ပျက်နေသည်မှာ KNU ကရင်အမျိုးသားအစည်းအရုံးအတွင်း စိတ်ဝမ်းကွဲပြားကာ အဖွဲ့ငယ်များခွဲထွက်နေခြင်း၊ ကရင်တော်လှန်ရေးခေါင်းဆောင်ပိုင်းနှင့် ငယ်သားများအတွင်း ဆင်းရဲချမ်းသာ ကွာဟမှုများနေပြီး အထက်အမိန့်ကို လိုက်နာမှုမရှိဘဲ ကရင်ပြည်သူတို့အကျိုးစီးပွားကို ထိခိုက်စေသည့် တာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးခြင်း၊ ရထားလမ်း၊ ကားလမ်းများတွင် ဓားပြတိုက်ခြင်း၊ ပြန်ပေးဆွဲခြင်းစသည့် လုပ်ရပ်များကြောင့် ကရင်အမျိုးသားတော်လှန်ရေးကို အရုပ်ဆိုးအကျည်းတန်လျက်ရှိပါသည်။

ထိုလုပ်ရပ်များကြောင့် ကရင်ပြည်သူအားလုံးမှာ စိတ်ဒုက္ခကြီးမားစွာ ဖြစ်နေကြရပါသည်။ အမှန် တကယ်တော့ DKBA လဲကရင် KNU လဲကရင်၊ ကရင်များသာဖြစ်သည့်အတွက် အချင်းချင်း မတိုက်ခိုက် သင့်တော့ပါ။ လက်ရှိစစ်အစိုးရနှင့်လဲ မတိုက်ခိုက်ဘဲ ပြေလည်မှုယူကာ ကရင်အမျိုးသားများ လူနေမှုဘ၀ မြင့်မားရေးကို ဆောင်ရွက်စေလိုပါသည်။

အနှစ် ၆၀ လုံးလုံး လက်နက်ကိုင်တိုက်ခိုက်မှုမှာ အောင်မြင်မှုမရှိဘဲ တိုက်ပွဲများအကြားမှာ ကရင်ပြည်သူများ ဆင်းရဲငတ်ပြတ်ဒုက္ခများလျက်သာရှိနေပါသည်။ ကရင်ပြည်သူများအနေဖြင့် စစ်အစိုးရနှင့် ပြေလည်မှုရှိပြီး အေးချမ်းစွာနေရသော မိုင်းလား၊ လောက်ကိုင်၊ ပန်ဝါ၊ လိုင်ဆာတို့လို တည်ငြိမ်းအေးချမ်းတဲ့ တိုင်းရင်းသားနယ်မြေများ ဖြစ်စေချင်ပါသည်။ ကရင်အမျိုးသားတော်လှန်ရေးအပေါ် သတ္တိရှိရှိ၊ မှန်မှန်ကန်ကန်၊ ရဲရဲဝံ့ဝံ့ဝေဖန်ရမည်ဆိုလျင် သည်ပုံစံအတိုင်း လျှောက်လှမ်းမည်ဆိုပါက အနှစ် ၁၀၀ ပြည့်သည့်တိုင် လက်နက်ကိုင်တော်လှန်ရေး မအောင်မြင်နိုင်ပါ။ ကရင်တော်လှန်ရေးကြောင့် ကရင်လူမျိုးများ မချမ်းသာပါ။ အများစုမှာ ဒုက္ခရောက်၍ ဒုက္ခသည်များအဖြစ်သာ ထိုင်းနိုင်ငံတွင် နေထိုင်ရပါသည်။ တော်လှန်ရေးကို အကြောင်းပြု၍ ချမ်းသာကြွယ်ဝသူများမှာ ထိုင်းနိုင်ငံအခြေပြု ကရင်ခေါင်းဆောင်ပိုင်းနှင့် မိသားစုများ၊ ထိုင်းနိုင်ငံမှကုန်သည်များနှင့် ကရင်ဒုက္ခသည်များကို လက်ညှိုးထိုး အမြတ်ထုတ်နေသူ နိုင်ငံရေးလုပ်စား သူများသာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မှန်ကန်သော ကရင်တော်လှန်ရေးကြီး မုချအောင်မြင်ပြီး ကရင်အမျိုးသားများ ကောင်းစားရေးကို အမှန်ဆောင်ရွက်ပါလျင် `` အနှစ် ၆၀ လုံးလုံး ဆောင်ရွက်ခဲ့သော လက်နက်ကိုင်လမ်းစဉ် ´´ အစား ကရင်အမျိုးသားတစ်ရပ်လုံး မျှော်လင့်နေသည့် `` တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူရည်တူရှိမှု၊ ငြိမ်းချမ်းမှု ´´များအား လက်တွေ့ကျကျ အကောင်အထည်ဖော်ပေးကြရန် ဖြစ်ပါသည်။ အနှစ် ၆၀ လုံးလုံး တိုက်ပွဲဝင်ခဲ့ကြသော ကရင်မျိုးချစ်သူရဲကောင်းများ၊ ကျဆုံးခဲ့သော ကရင်စစ်သည် တော်များအားလုံးကို ဂုဏ်ပြုပါ၏။ အနှစ် ၆၀ လုံးလုံး ဒုက္ခဝေဒနာခံစားနေရသော ကရင်အမျိုးသားများ၏ ခံစားချက်များကိုလဲ အမှန်အတိုင်း သိမြင်နိုင်စေရန်နှင့် ကရင်ပြည်နယ်ကြီးတစ်ခုလုံး အေးချမ်းသာယာရှိပါစေရန် ဆုမွန်ကောင်းဖြင့် ဤသ၀ဏ်လွှာကို ပေးပို့လိုက်ပါသည်။





ပြည်ထောင်စုမြန်မာနိုင်ငံတော်ရှိ
ကရင်လူမျိုးများ
၃၁-၁-၂၀၀၉

1 comment:

Anonymous said...
This comment has been removed by a blog administrator.