Tuesday, January 20, 2009

မြန်မာကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ပေးရန် ၈၈ မျိုးဆက်ကျောင်းသားများတောင်းဆို

၁၉ နိုဝင်ဘာ ၂၀၀၇-နအဖစစ်အစိုးရ၏ ဒီမိုကရေစီရေးလမ်းပြမြေပုံကို အတိအလင်း ဆန့်ကျင်ကန့်ကွက် ရန်အာဆီယံခေါ် အရှေ့တောင်အာရှ နိုင်ငံများအသင်းထံ ၈၈ မျိုးဆက်ကျောင်းသားများက ယနေ့ တောင်းဆိုသည်။စင်ကာပူနိုင်ငံ၌ကျင်းပ နေသည့် (၁၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်နေသော အာဆီယံနိုင်ငံ ခေါင်းဆောင်များထံပေးပို့သည့်စာ၌ တောင်းဆိုခြင်းဖြစ်သည်။

“ငွေကြေးထောက်ပံ့မှုတွေ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကို နအဖနဲ့မလုပ်ဘဲ မြန်မာပြဿနာ အဖြေရှာဖို့အတွကကုလသမဂ္ဂ၊ အမေရိကန်၊ အီးယူနဲ့ အခြားနိုင်ငံတွေနဲ့အတူ ပူးပေါင်း လုပ်ဆောင်ဖို့ အာဆီယံကို ကျနော်တို့ တောင်းဆိုပါတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသားများ၏ ပေးစာ၌ပါရှိသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စစ်မှန်သည့်တွေ့ဆုံဆွေးနွေးမှု လုပ်ငန်းစဉ်စတင်နိုင်ရေး မြန်မာ စစ်အစိုးရ ကိုဖိအားပေးရန်နှင့် နိုင်ငံတကာအသိုင်းအ၀န်း၏ အားထုတ်ကြိုးပမ်းမှုများကို စစ်အစိုးရက ဆက်လက်လျစ်လျူရှုနေပြီး သိသာ ထင်ရှားသည့် ရလဒ်ထွက်မလာပါက နအဖကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ထားရန်လည်း တိုက်တွန်းထားသည်။

အာဆီယံကရေးဆွဲထားသည့် အာဆီယံပဋိညာဉ်ကို ကြိုဆိုကြောင်းနှင့် ထိုပဋိညာဉ်သည်ဒေသတွင်း နေလူထုအားလုံး၏ လူ့အခွင့်အရေးကို ကာကွယ်ပေးနိုင်ရန် အသုံးဝင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၈၈မျိုးဆက်ကျောင်းသားများက ပြောသည်။

အာဆီယံခေါင်းဆောင်များထံပေးပို့သည့်စာကို ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များဖြစ်သည့် ကိုထွန်းမြင့်အောင်၊ ကိုစိုးထွန်းနှင့် မနီလာသိန်းတို့က လက်မှတ်ရေးထိုးထားသည်။

No comments: