မကြားခင်လေးက မဲဆောက်မှာအခြေစိုက်ထားတဲ့ တပ်ပေါင်းစုအမည်ခံအဖွဲ့တဖွဲ့က အမျိုးသား ညီညွတ်ရေးလွှတ်တော်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရဖော်ထုတ်ဖို့ အဆိုပြုချက်ဆိုပြီး ဖြန့်ချီခဲ့တာ တွေ့ရပါတယ်။ မဲဆောက်မှာနေပြီးတနိုင်ငံလုံးအတွက် အမျိုးသားညီညွတ်ရေး လုပ်မယ်လို့ ထူးထွေတည့်အံ့ရာသော် ကြေညာနေပါတယ်။ နိုင်ငံလုံးအတွက် လုပ်ရအောင် အခြေခံအုတ်မြစ် ဘယ်လောက်ရှိနေသလဲဆိုတာ အရင်ဆုံးဆန်းစစ်ဖို့ လိုနေပါတယ်။
နောက်တချက်က နိုင်ငံတကာမှာ အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ အစိုးရနဲ့အတိုက်အခံတွေ အခြေအနေ တခုအောက်မှာပူးပေါင်း ပြီး ဖွဲ့စည်းကြတဲ့အစိုးရပုံစံဖြစ်တယ်လို့ လေ့လာမှတ်သားမိပါတယ်။ ဒါပေမဲ့ NCUB က တဖက်မှာလည်းတိုက်ပွဲဝင် အစိုးရတည်ထောင် ဖို့ဖြစ်ပါတယ် (ငါးလကြာပြီဖြစ်ပေမဲ့ မအောင်မြင်သေးပါဘူး)။ အမျိုးသားညီညွတ်ရေးလွှတ်တော် ဆိုတာတော့ နိုင်ငံရေးသိပံ္ဂမှာ တခါမှ မကြားဖူးပါဘူး။ အခု NCUB က အမျိုးသား ညီညွတ်ရေးအစိုးရလို့ဆိုတော့ နအဖနဲ့ပူးပေါင်းဖို့လမ်းစပေါ်နေပြီလား။ စေ့စပ်ဆွေးနွေးပွဲ တွေ စလုပ်နေပြီလား။အတွင်း CRPP, NLD နဲ့ ၉၀ အမတ်တွေကို ထည့်တွက်စရာမလိုတော့ဘူးလား။ ဒါ့အပြင် နအဖနဲ့မညီညွတ်ခင်
NCUB ထဲမှာရော ဘယ်လောက်များညီညွတ်နေပြီလဲ။ ပြည်ပအခြေစိုက် အတိုက်အခံတွေ အားလုံးအနေနဲ့ကြည့်ရင်ရော ဘယ်လောက် များညီညွတ်နေပြီလဲ။ Power base အခြေခံအုတ်မြစ် ဘယ်လောက်ရှိနေသလဲ။ ဒီမေးခွန်းတွေကို အရင်ဆုံးဖြေဖို့လိုပါတယ်။ အမှန်အ
တိုင်းပြောရရင် NCUB နဲ့တကွ ပြည်ပမှာရှိတဲ့ တပ်ပေါင်းစုတွေဟာ `တပ်ပေါင်းပျက်` တွေ ဖြစ်နေတာကြာပါပြီ။ အထူးသဖြင့် NCUB ရှိနေလို့ ညီညွတ်မှုတွေ ပြိုကွဲနေတာဖြစ်ပါတယ်။ NCUB ကြောင့်ပဲ ပြည်ပအခြေစိုက်အဖွဲ့တွေ တဖွဲ့ချင်းစီမှာလည်း အားနည်းသထက် နည်း၊ ယိုယွင်းသထက်ယိုယွင်းနေတာ ဘယ်လိုမှ ဖုံးလို့ ဖိလို့ မရပါဘူး။ NCUB ရဲ့ power base ကျဆင်းနေပြီး NCUB ထဲမပါတဲ့ အမျိုးသမီး တပ်ပေါင်းစုနဲ့ ကျောင်းသားလူငယ်တပ်ပေါင်းစုတွေကတော့ ရှင်သန်လှုပ်ရှားနိုင်တာ၊ အားရှိတာတွေ့ရပါတယ်။
ဒါကြောင့် အမျိုးသားညီညွတ်ရေးအကြောင်း မစဉ်စားခင် ပြည်ပရောက်အတိုက်အခံများ ညီညွတ်ရေးကို အရင်ဆုံး ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။မဲဆောက်မှာ ဖရိုဖရဲ ရွဲပြဲနေပြီး တပြည်လုံးကို ငါကယ်မှဖြစ်မယ်လို့ ဟိတ်ဟန်ထုတ်မနေပါနဲ့ ။ အရင်ဆောင်းပါးတပုဒ်မှာ ပြောခဲ့သလို တိုင်းပြည်အပြင်ဘက်က အတိုက်အခံအင်အားစုတွေဟာ အင်မတန့်ကို လမ်းစဉ်တွေ ပေါ်လစီတွေ မှန်နေရင်တောင်မှ တိုင်းပြည်ရဲ့ ဒီမိုကရေစီတော်လှန်ရေး အောင်ပွဲခံဖို့အတွက် အလွန်ဆုံးအားဖြင့် ၂၅ ရာခိုင်နှုန်းထက် ပိုအရေးမပါ ပါဘူး။ ဒါဖြင့်ရင် တနိုင်ငံလုံးရဲ့ ၂၅ ရာခိုင်နှုန်းသြဇာရှိမယ့် ပြည်ပရောက် အတိုက်အခံများညီညွတ်ရေးကို ဘယ်လို ဖော်ထုတ်ကြမလဲ။ ပြည်ပအခြေစိုက်
အင်အားစု တော်တော်များများဟာ NCUB, DAB, NDF, ENC, FDB, WLB, SYCB , NYF ဆိုတဲ့ တပ်ပေါင်းစုပေါင်းစုံထဲမှာ ပါနေကြတယ်။တချို့အဖွဲ့တွေဆိုရင် တပြိုင်ထဲမှာ တပ်ပေါင်းစု ၂ ဖွဲ့ ၃ ဖွဲ့လောက်ထဲ ပါနေတာတွေ့ရတယ်။ ဘယ်တပ်ပေါင်းစုမှမပါတဲ့ အဖွဲ့တွေလည်း ရှိသေးတယ်။
ဒီတပ်ပေါင်းစုတွေ ထဲမှာ သူများထက်တမူးသာနေတာက NCUB ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အထဲမှာ DAB နဲ့ NDF ဆိုတဲ့ တပ်ပေါင်းစု ၂ ခုအပြင်MPU ကိုပါ လက်ဝေခံလုပ်ထားပြီး NLD-LA ပါတီကိုတော့ အဲ့ဒီတပ်ပေါင်းစုတွေနဲ့ တန်းတူအဆင့် ပေးထားလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် NLD ပါတီဝင်အများစုဖြစ်တဲ့၉၀ ခ ရွေးကောက်ခံအမတ်တွေကလည်း NLD-LA ပါတီနဲ့တတန်းတည်း ဖြစ်နေ ပြန်သေးတယ်။အတိုက်အခံအားလုံးက ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို လက်ခံကြပြီး ဗမာလူမျိုးအပါအ၀င် တိုင်းရင်းသားအားလုံး တန်းတူရေးကို ကျင့်သုံးဖို့ ပြောနေကြပါတယ်။ဒါပေမဲ့ NCUB ထဲမှာတော့ NLD-LA က တခြားပါတီတွေနဲ့ တန်းတူမဖြစ်ဘဲ ပါတီကြီးဝါဒ အထူးအခွင့်အရေး ကျင့်သုံးခွင့်ရနေပါတယ်။ KNU လို အင်အားထောင်ချီရှိတဲ့ အဖွဲ့အစည်းကြီးတွေဟာ NLD-LA နဲ့တန်းတူအခွင့်အရေး မရရှာပါဘူး။ ဒီလိုမှားယွင်းမှုကြီးကြောင့် DAB နဲ့ NDF တပ်ပေါင်းစုတွေကလည်း NCUB ရဲ့ အရိပ်ထိုးလွှမ်းမိုးမှုနဲ့ လက်ဝါးကြီးအုပ်မှု အောက်မှာ တစထက်တစ အင်အားချိနဲ့ မှေးမှိန်ခဲ့ပါတယ်။ ဒါပေမဲ့ တဖက်ကကြည့်လိုက်ရင် NCUB ဟာ အရင်တုံးက(၈၈-၉၀ ကာလက) DAB, NDF တို့ လှုပ်ရှားစွမ်းဆောင်နိုင်ခဲ့သလောက်လည်း မစွမ်းတာတွေ့ရပြန်ပါတယ်။ အဲ့ဒီတပ်ပေါင်းစုတွေထဲမှာ အခုအခါ ပါတီဝင် အင်အား၁ယောက် ၂ ယောက်ပဲရှိပြီး ဘာလှုပ်ရှားမှုမှမရှိတဲ့ လူမသိသူမသိအဖွဲ့ သေးသေးမွှားမွှားတွေက အခန့်သားနေရာယူထားတဲ့အ တွက် ဖောင်းပွလျော့လျဲနေတာလည်း တွေ့ရပါတယ်။ တပ်ပေါင်းစုတွေနဲ့ အဖွဲ့ဝင်ပါတီတွေ အခြေအနေယိုယွင်းနေတာကိုပြတဲ့ အချက်တ ချက်က မြန်မာပြည်ထဲက ထွက်လာတဲ့နိုင်ငံရေးလှုပ်ရှားတက်ကြွသူ အားလုံးနီးပါးဟာ နယ်စပ်မှာအခြေချ တိုက်ပွဲဆက်ဝင်တာမလုပ်ဘဲ တတိယနိုင်ငံတွေဆီကိုသာ ထွက်ကုန်ကြတာ ဖြစ်ပါတယ်။
NCUB စာတမ်းမှာပြောသလို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ နယ်မြေတွေကိုသွားပြီး လူထုအုပ်ချုပ်ရေးချဖို့ တရားစီရင်ရေး တွေလုပ်ဖို့ဆိုတာလည်းမစဉ်းစားပါနဲ့။ အသက်သွေးချွေးစွန့်လွှတ်ပြီး တိုက်ယူထားတဲ့ ဘယ်တိုင်းရင်းသားမှ လက်ခံမှာမဟုတ်ပါဘူး။ ပြည်မက ရန်သူ့နယ်မြေမှာ အုပ်ချုပ်ရေးတွေ လျှို့ဝှက်ချမယ်လို့လည်း ခပ်တည်တည်နဲ့ ပြောမနေပါနဲ့။ အကြောင်းသိတွေက ဘယ်သူမှ မယုံပါဘူး။
NCUB ကိုပါလက်စတိုင်းအမျိုးသားကောင်စီလို အဝေးရောက်ပါလီမန်အဖြစ်ရော နိုင်ငံလုံးဆိုင်ရာ တပ်ပေါင်းစုကြီးအဖြစ်ရော ရည်ရွယ် ဖွဲ့စည်းခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ပါလက်စတိုင်းအမျိုးသားကောင်စီမှာ ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ ၁၁ ဖွဲ့က တဖွဲ့ချင်းစီပါဝင်ပြီး ပါလက်စတိုင်းဒုကခသည်တွေနဲ့ ပြည်ပရောက် ပါလက်စတိုင်းအမျိုးသားတွေက ရွေးကောက်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေ ပါဝင်ပါ တယ်။ ပါလက်စတိုင်းအမျိုးသားကောင်စီ PNC ဟာဥပဒေပြုပါလီမန်လွှတ်တော်ဖြစ်ပြီး တော်လှန်ရေး ၁၁ ဖွဲ့ရဲ့ တပ်ပေါင်းစုကြီးကတော့ ပါလက်စတိုင်းလွတ်မြှောက်ရေးအဖွဲ့ PLO ဖြစ်ပါတယ်။
ဒါနဲ့ယှဉ်ကြည့်ရင် NCUB ဟာ ပုံမကျပန်းမကျနဲ့ တပ်ပေါင်းစုလဲမပီပြင် ပါလီမန်အဖြစ်လည်း အဆင့်မမှီတာ တွေ့ရပါတယ်။ ဒါကြောင့် ထိပ်ပေါ်မှာ အပိုဖြစ်နေတဲ့NCUB ကင်ဆာအကြိတ်ကို အရင်ဆုံးဖြတ်တောက်ဖျက်သိမ်းပစ်ဖို့ အရေးကြီးပါတယ်။ ဒုတိယဆင့်မှာတော့ ကျန်တဲ့တပ်ပေါင်းစုတွေကို ပေါင်းစည်းပစ်ဖို့လိုပါတယ်။ လှုပ်ရှားမှုမရှိတဲ့အဖွဲ့တွေကို ဖျက်သိမ်း သို့မဟုတ် ထုတ်ပယ်ပြီး အဖွဲ့ပေါက်စန လေးတွေကို ပေါင်းစည်းပစ် သို့မဟုတ် NLD-LA ထဲကို ပူးပေါင်းပစ်ရပါမယ်။
မလေးရှား၊ ကိုးရီးယား၊ ဂျပန်၊ အမေရိကန်တို့မှာ ပြည်တွင်း NLD မလုပ်ခဲ့သူတွေ အဲ့ဒီတိုင်းပြည်ရဲ့ NLD-LA အဖြစ် လုပ်ကိုင်လှုပ်ရှား နေကြသလိုပဲ ထိုင်း၊ အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်၊ တရုတ်နယ်စပ်က အဖွဲ့အသေးလေးတွေလည်း NLD-LA ၊ လူ့ဘောင်သစ် ၊ ABSDF စတဲ့ အတော်အတန်ခိုင်မာအားရှိတဲ့အဖွဲ့တွေထဲ အဖွဲ့လိုက်အလျားလိုက်ပူးပေါင်းပြီး အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေက ပူးပေါင်းခံရတဲ့ အဖွဲ့တွေရဲ့ ခေါင်းဆောင်မှုအ၀န်းအ၀ိုင်းထဲ တွဲဖက်တာဝန်ယူရမှာ ဖြစ်ပါတယ်။အောက်ခြေကနေ၀င်ရတဲ့ ဒေါင်လိုက်ပူးပေါင်းမှုမျိုးတော့ မဖြစ်သင့်ပါဘူး။
ဒီနည်းနဲ့ ခိုင်မာအားကောင်းတဲ့ အခြေခံအုတ်မြစ်တွေ ရပြီးရင်တော့ ပါလက်စတိုင်းအမျိုးသားကောင်စီထဲ တဖွဲ့ချင်းနဲ့ ကိုယ်စားလှယ် တဦးချင်းတွေပါဝင်ဖွဲ့စည်းသလို ပြည်ပရောက်မြန်မာအတိုက်အခံ တဖွဲ့ချင်းတွေနဲ့ ပြည်ပရောက် ၉၀ ရွေးကောက်ခံအမတ်တွေ ပါဝင်တဲ့ အဝေးရောက်လွှတ်တော်ကို တည်ထောင်နိုင်မှာ ဖြစ်ပါတယ်။ PLO လို ခိုင်မာအားကောင်းတဲ့ တပ်ပေါင်းစုကြီးလည်း ဖြစ်လာမှာဖြစ်ပါ တယ်။ CRPP ကို မထိခိုက်ဖို့အတွက် `လွတ်တော်` ဆိုတဲ့နာမည်ကိုတော့ မသုံးသင့်ပါဘူး။ ဒီအဆင့်ရောက်ရင်တော့ အခြေခံခိုင်ခန့်တဲ့ အဝေးရောက် အစိုးရကိုလည်း အလွယ်တကူ ထူထောင်နိုင်ပါလိမ့်မယ်။ Power base ရှိလာရင် Power base မရှိတဲ့ NCGUB ကို အသာလေးဖယ်ထုတ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီအဝေးရောက်အစိုးရက ဗမာပြည်လွတ်မြောက်အောင် လုပ်ပေးနိုင်မယ့် အလားအလာက တော့ စောစောကပြောခဲ့သလို အလွန်ဆုံး ၂၅ ရာခိုင်နှုန်းပဲ အကျိုးပြုနိုင်ပါလိမ့်မယ်။
နအဖနဲ့ စေ့စပ်ဆွေးနွေးပွဲမဖြစ်သေးသရွေ့တော့ အမျိုးသားညီညွတ်ရေးအစိုးရ ဆိုတာကို စဉ်းစားလို့မရသေးပါဘူး။ ဒါ့အပြင် ထိုင်းနိုင်ငံကို အခြေခံနေရတဲ့အတွက် အဝေးရောက်လွှတ်တော်တို့ အဝေးရောက်အစိုးရတို့ဆိုတာကို ကြီးကြီးကျယ်ကျယ် လုပ်ဖို့လည်း စိတ်မကူး ပါနဲ့။ ကရင်၊ ကရင်နီ၊ ရှမ်းတော်လှန်ရေးအဖွဲ့တွေရဲ့ ဗမာပြည်တွင်းက လွတ်မြောက်နယ်မြေတွေမှာ အခြေစိုက်မယ်လို့လည်း ဖိန့်မနေပါနဲ့။ ၁၉၉၅ မာနယ်ပလောမကျခင်ကာလတွေနဲ့ အခုကာလ ဘာမှမဆိုင်တော့တာ အားလုံးသိနေပါတယ်။ ကျည်လွတ်မြေ တတိယနိုင်ငံ က နေပြီး ချကြပါလား နှက်ကြပါလား တိုက်ပွဲဝင်အစိုးရလုပ်ကြပါလားလို့လည်း နင်းကန်အော်မနေကြပါနဲ့။ ထိုင်းအစိုးရက ပြဿနာရှာရင် ပတ်စပို့ကိုင်ထားတဲ့ ပုဂ္ဂိုလ်ကြီးများအတွက် အကြောင်းမဟုတ်ပေမဲ့ ထိုင်းနိုင်ငံထဲက ဘာလက်မှတ်မှမရှိတဲ့ သာမန်တော်လှန်ရေးသမား တွေတင်မက သိန်းနဲ့ချီရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေပါ ဘ၀ပျက်သွားနိုင်တယ်၊ ရှိစုမဲ့စုတော်လှန်ရေး မျိုးကန်းသွားနိုင်တယ် ဆိုတာ အားလုံးခေါင်းထဲ ထည့်ထားဖို့လိုပါတယ်။
NCUB ကို မဖျက်သိမ်းသရွေ့ အမျိုးသားညီညွတ်ရေးမပြောနဲ့၊ ပြည်ပရောက်အတိုက်အခံတွေရဲ့ ညီညွတ်ရေးတောင် ရမှာမဟုတ်ပါဘူး။ ရိုက်စားညီညွတ်ရေးလောက်တော့ ရချင်ရနိုင်ပါတယ်။ ခြုံပြောရရင် NCUB က ထုတ်လိုက်တဲ့ နှစ်သစ်ကူးကြေညာချက်ဖြစ်စေ။ အင်တာ နက်ကနေ အကြံပြုချက်တွေ ဆွေးနွေးဖို့ ဖိတ်ခေါ်တယ်ဆိုတဲ့ concept paper ဖြစ်စေ အခြေခံမခိုင်တဲ့အတွက် ဘာမှအကျိုးမရှိဘဲ ကျ ဆင်းနေတဲ့ တော်လှန်းရေးနဲ့ ညီညွတ်ရေးကို ပိုဆိုးဝါးသွားစေတာဘဲ အဖတ်တင်ပြီး ဦးဝင်းတင်ပြောတဲ့ သမိုင်းတရားခံလမ်းကြောင်း အတိုင်း မြောင်းထဲကိုသာ ရောက်သွားလမ့်မယ်ဖြစ်ကြောင်း ဖော်ထုတ်လိုက်ပါရစေ။
ကွန်အာသာ

No comments:
Post a Comment