Tuesday, February 24, 2009

လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုအပေါ် ဒီမိုကရေစီအကောင်အထည်ဖော်ရေးဆိုင်ရာ တိုးတက်မှုအဖြစ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှ ကြိုဆိုလိုက်သည့်သတင်း



ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မစ္စတာဘန်ကီမွန်းသည်မြန်မာအစိုးရ၏ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးမှုအပေါ် ဒီမိုကရေစီအကောင်အထည်ဖော်ရေးဆိုင်ရာ တိုးတက်မှုအဖြစ် ကြိုဆိုခဲ့ပါသည်။ မြန်မာမိတ်ဆွေ များအဖွဲ့အစည်းအဝေးပြီးနောက် မစ္စတာဘန်ကီမွန်းမှ မြန်မာအစိုးရအနေဖြင့် အပြုသဘောဆောင်သော လက္ခဏာ များပြသရေးအတွက် အခွင့်အရေးရယူရန်အချိန်ကောင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန်နှင့် အစိုးရနှင့်အတိုက်အခံ အကြား တွေ့ဆုံဆွေးနွေးမှုများပြန်လည်စတင်ရန် ထပ်မံတိုက်တွန်းခဲ့ပါသည်။

မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံကို ၄ ရက်ကြာ သွားရောက်ခဲ့ပြီးနောက် လုံခြုံရေးကောင်စီသို့ အစီရင်ခံ တင်ပြမှုကြောင့် အစည်းအဝေးကိုပြုလုပ်ခဲ့ခြင်း ဖြစ်ဖြစ်ကြောင်းသိရှိရပါသည်။

အစည်းအဝေးပွဲတွင် မစ္စတာဂမ်ဘာရီမှ မြန်မာ့နိုင်ငံ ရေးအခြေအနေတို့အား ရှင်းလင်းတင်ပြပြီး မိတ်ဆွေအဖွဲ့များမှ ကုလသမဂ္ဂ၏ ကူညီဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်နိုင်ရေး အတွက် ကူညီထောက်ပံ့ပေးသွားမည်ဟု တညီတညွတ်တည်း ပြောကြားခဲ့ပါသည်။ အစိုးရ၊ အတိုက်အခံတို့နှင့်အတူ ကုလသမဂ္ဂ၏ နိုင်ငံရေးဆိုင်ရာကူညီဆောင်ရွက်ပေးမှု အခန်းကဏ္ဍကို မြှင့်တင်သွားရန် ပြင်ဆင်နေကြောင်း ဘန်ကီမွန်းမှ ပြောကြားခဲ့ပါသည်။

နိုင်ငံရေးကိစ္စရပ်များအပါအ၀င် လွန်ခဲ့သောမေလက ဆွေးနွေးခဲ့သော အကြောင်းအရာများ အား အကောင်အထည်ဖော်ရန်အတွက် မြန်မာနိုင်ငံသို့ ကိုယ်တိုင်ထပ်မံသွားရောက် လိုကြောင်း ခရီးစဉ်အတွက် ကြိုတင် သတ်မှတ်ချက်များထားရှိလိမ့်မည်မဟုတ်ကြောင်း မစ္စတာဘန်ကီမွန်းမှ ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံသို့ထပ်မံသွားရောက်ခြင်းသည် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ကြိုးပမ်းချက်များနှင့် စေ့စပ်ညှိနှိုင်းမှုများ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ အထွေထွေညီလာခံက မိမိအား အပ်နှင်းထားသည့် အစိတ်အပိုင်းတစ်ခုလည်းဖြစ်ကြောင်း၊ မိမိအနေဖြင့် မိတ်ဆွေ အဖွဲ့ဝင်နိုင်ငံများအကြား တစ်ညီတညွတ်တည်း ချဉ်းကပ်မှုကိုတွေ့မြင်လိုကြောင်း၊ သက်ဆိုင်ရာနိုင်ငံများနှင့်ဆက်လက် ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ရမည့်အချိန်အခါကောင်းဖြစ် ကြောင်း မစ္စတာဘန်ကီမွန်းက ရှင်းပြခဲ့ပြခဲ့ပါသည်။

မောင်ကျော်

No comments: