Tuesday, February 24, 2009

မြန်မာ့အရေးအတွက် ကျင်းပတဲ့အထွေထွေအတွင်းရေးမှူးချုပ်၏ သတင်းစာရှင်းလင်းပွဲ


သတင်းရှင်းလင်းပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်း၌ ဖြစ်ပေါ်နေသော လက်ရှိအခြေအနေနှင့် အထွေထွေအတွင်းရေးမှူးချုပ်၏ ကူညီဆောင်ရွက်မှု လုပ်ပိုင်ခွင့်အတွင်းမှ ကြိုးပမ်းချက် များကို ဆွေးနွေးနိုင်ရန်အတွက် ကျင်းပရခြင်းဖြစ်ကြောင်း အထွေထွေအတွင်းရေးမှူးချုပ်မှ ပြောကြားခဲ့ပါသည်။

ကုလသမဂ္ဂ၏ ကူညီကြိုးပမ်းချက်များကို ဆက်လက်ဆောင်ရွက်ရန် မိတ်ဆွေအဖွဲ့က တစ်ညီတစ်ညွတ်တည်း ထောက်ခံခဲ့ပြီး ကူညီဆောင်ရွက်မှုကြိုးပမ်းချက်များကို မြှင့်တင် ရန်အတွက် အစိုးရနှင့်အတိုက်အခံ နှစ်ဖက်စလုံးဖြင့် ပူးပေါင်းကာ နိုင်ငံရေးအရပိုမို ကူညီဖြည့်ဆည်းသွားရန် ပြင်ဆင်လျက်ရှိကြောင်း၊ အပြုသဘောဆောင်သော လက္ခဏာ များပြသရန်အတွက် မြန်မာနိုင်ငံအနေဖြင့် အခွင့်အရေးကို ရယူအသုံးချရမည့်အချိန် ဖြစ်ကြောင်း၊ အထူးအကြံပေးပုဂ္ဂိုလ်၏ ခရီးစဉ်ပြီးဆုံးပြီးနောက် မြန်မာအာဏာပိုင်များက လွတ်ငြိမ်းချမ်းသာခွင့်ကို ကြေညာခဲ့ ပြီး ခရီးစဉ်အတွင်း အာဏာပိုင်များနှင့် ဆွေးနွေးခဲ့သော လူများအပါအ၀င် နိုင်ငံရေးအကျဉ်းသား ၂၃ ဦး ပါဝင်ခဲ့ ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်၊ နှောင့်နှေးကြန့်ကြာမှု နှင့် ကြိုတင်သတ်မှတ်ချက်များမရှိဘဲ အစိုးရနှင့်အတိုက်အခံအကြား ဆွေးနွေးမှုများပြန်လည်စတင်ရန် ထပ်မံတောင်းဆိုထားကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအ၀င် မိတ်ဆွေနိုင်ငံအားလုံး ၏ ပါဝင်ဆောင်ရွက်မှုမှာ အရေးပါကြောင်း၊ မြန်မာနိုင်ငံရင်ဆိုင်နေရသော စိန်ခေါ်မှုများအား ကူညီဖြေရှင်းရန်နှင့် အခွင့်အလမ်းများရရှိရေးအတွက် အားပေးတိုက်တွန်းရန်အသင့်တော်ဆုံးဖြစ်ကြောင်း၊ နိုင်ငံတကာအသိုင်းအ၀ိုင်း၏ မျှော်လင့်ချက်များနှင့် စိုးရိမ်ပူပန်မှုများကို မြန်မာနိုင်ငံမှ လိုက်နာဆောင် ရွက်ရေးအတွက် တွန်းအားပေးနိုင်မည့် နည်းလမ်းများကို စုပေါင်းရှာဖွေသင့်ကြောင်း အထွေထွေအတွင်းရေးမှူးချုပ်မှ ပြောကြားခဲ့ပါသည်။

အထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ ထောက်ပံ့ကူညီမှုတို့ဖြင့် မိမိအား အပ်နှင်းထားသောတာဝန်ကို ဆက်လက်အကောင်အထည်ဖော် ကြိုးပမ်းသွားမည်ဟု ကတိပြုခဲ့ပါသည်။

သတင်းစာရှင်းလင်းပွဲတွင် အထွေထွေအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံသို့ သွားရောက်ရန်အချိန် ကျရောက်ပါပြီလား ဟု မေးမြန်းရာ၊ ဘန်ကီမွန်းမှ မြန်မာအာဏာပိုင်များနဲ့ ညှိနှိုင်းဆွေးနွေးရာမှာ အပြုသဘော ဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို မစ္စတာဂမ်ဘာရီခရီးစဉ်တွင် ရရှိခဲ့ပြီး မြန်မာအာဏာပိုင်များရဲ့ လွတ်ငြိမ်းချမ်း သာခွင့်ကြေညာချက်ဟာ ပိုမိုကြီးမားသော အကောင်အထည်ဖော်မှု၏ ပထမခြေလှမ်းအဖြစ် ကြိုဆိုပါတယ်၊ ဒေါ်ဆောင်ဆန်းစုကြည်အပါအ၀င် ထိန်းသိမ်းခံထားရသူအားလုံးကို လွှတ်ပေးဖို့ ထပ်မံတိုက်တွန်းမှာပါ၊ ကျွန်တော် မေလက သွားရောက်ခဲ့တဲ့ခရီးစဉ်ကို အခြေခံပြီး ဆက်လက်ဆောင်ရွက်ဖို့ မြန်မာနိုင်ငံကို သွားရောက်လိုပါတယ်။ နိုင်ငံရေးကိစ္စအပါအ၀င် ကုလသမဂ္ဂနှင့်မြန်မာနိုင်ငံအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမယ့် ကိစ္စရပ်တွေကို ဆွေးနွေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်ရဲ့ ကူညီဆောင်ရွက်မှုအခန်းကဏ္ဍကို ဆက်လက်လုပ်ဆောင်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက တစ်ညီတစ်ညွတ်တည်း အခိုင်အမာထောက်ခံခဲ့ကြလို့ ကျွန်တော်ပိုလို့အားတက်မိပါ တယ်၊ တစ်ချိန်တည်းမှာပဲ အဖွဲ့ဝင်နိုင်ငံများအကြား တစ်ညီတစ်ညွတ်တည်းချဉ်းကပ်မှုကိုလည်း မြင်တွေ့လိုပါတယ်၊ သက်ဆိုင်ရာနိုင်ငံများနဲ့လည်း ဆက်လက်ညှိနှိုင်းဆွေးနွေးသွားပါ့မယ် လို့ ဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံကို အမှန်တကယ်မသွားဘဲ နိုင်ငံရေးအကျဉ်းသားများပိုမိုလွတ်မြောက်လာရေး၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးနှင့် ပိုမိုပြည့်စုံသော အစိုးရဆောင်ရွက်ချက်များ စသည့်တိုးတက်မှုများကို မြင်တွေ့လို ကြောင်း ပြောဆိုခြင်းမှာ သင့်လျော်ပါသလား ဆိုသော မေးခွန်းအား၊ မစ္စတာဘန်ကီမွန်းမှ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြည့်အ၀ရရှိရေးသည် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ မျှော်လင့်ချက်ဖြစ်ပါတယ်၊ ဒါ့ကြောင့် နိုင်ငံရေးအကျဉ်းများ လွှတ်ပေးရေးအပါအ၀င် ကတိပြုထားတဲ့ အချက်များအပေါ်အခြေခံပြီး လိုအပ်တဲ့ဆောင်ရွက်များကို မြန်မာအစိုးရ အနေဖြင့် လုပ်ဆောင်သင့်ပါတယ်၊ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ မြန်မာနိုင်ငံကို လိုအပ်တဲ့ လူမှုစီးပွားရေးအကူအ ညီများပေးရန်အသင့်ရှိနေပြီး မြန်မာနိုင်ငံကသာ အပြုသဘောဆောင်သော လုပ်ဆောင်ချက်များ ပြုလုပ်သင့်ပါတယ်၊ ကျွန်တော့်ရဲ့ခရီးစဉ်အတွက်ကတော့ ကြိုတင်စည်းကမ်းသတ်မှတ်ချက်များမရှိပါဘူး၊ မြန်မာနိုင်ငံအရေးသည် နိုင်ငံတကာက ဆွေးနွေးညှိနှိုင်းပြီး ကြိုးပမ်းနေတဲ့ ကိစ္စတစ်ခုဖြစ်သလို အထွေထွေညီလာခံကလည်း ကျွန်တော့်ကို တာဝန်ပေးအပ်ထားတယ်၊ ဒါ့ကြောင့် မြန်မာနိုင်ငံကို သွားရောက်ဖြစ်ခဲ့ရင် မြန်မာအာဏာပိုင်များနှင့် ကျွန်တော်၏ ဆွေးနွေးမှုများသည် အကျိုးများစွာ ဖြစ်ထွန်းလာမှာပါ လို့ ဖြေကြားခဲ့ပါသည်။

မောင်ကျော်


No comments: