Thursday, February 19, 2009

အဆုံးအဖြတ်မပေးနိုင်ခဲ့တဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက အစည်းအဝေး


မြန်မာရွှေ့ပြောင်းအလုပ်သမား၏ အခက်အခဲပြဿနာများနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံတောင် ပိုင်း ဖန်ငါခရိုင်၊ တကူဝါပါမြို့နယ် ဆူနာမီ ဧရိယာရှိ Khao Lak Seaview တွင် မြန်မာအလုပ်သမား၏ အခက်အခဲပြဿနာများနှင့် ပတ်သက်ပြီးဖေဖော်ဝါရီလ ၁၇ ရက်နေ့ ကအစည်းအဝေး ကျင်းပခဲ့ပြီး Sathirakoses Nagapradipa Foundation, IOM, World Vision, MSF, MAP, GHRE, HREIB, SIAM Care Foundation, ST. GAMILLUS Foundation, Raksthai Foundation စသည့်လူ့အခွင့်အရေး အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူ များနှင့် ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ အလုပ်သမားရေးရာဌာန၊ ဖန်ငါခရိုင်မှ မြို့နယ်အရာ ရှိများနှင့် ရဲအရာရှိများ စုစုပေါင်း အယောက် ၆၀ ကျော်မျှ တက်ရောက်ခဲ့ပါတယ်။

အစည်းအဝေးကို တက်ရောက်လာကြတဲ့ NGO အဖွဲ့အစည်းတွေက သူတို့လိုချင်တာကိုပဲ ရှေ့တန်းတင်ပြီး ဆွေးနွေးကြတာ.... တစ်ဘက်နဲ့တစ်ဘက် ညှိနှိုင်းဆောင်ရွက်မှုမရှိတော့ အောင်မြင်မှုမရဘူးပေါ့ ....... သူတစ်မျိုး ငါတစ်မျိုးဖြစ်နေကြတာ...... လို့ အစည်းအဝေးတက်ရောက်ခဲ့သူ ကိုနိုင်အောင် က ပြောပါတယ်။

အဲဒီ အစည်းအဝေးမှာ သက်ဆိုင်ရာ NGO အဖွဲ့အစည်းအသီး သီးမှ ကြုံတွေ့ရသောအခက်အခဲများ၊ ရွှေ့ပြောင်းအလုပ်သမားများကိစ္စနှင့် ပတ်သက်ပြီး အစိုးရ အဖွဲ့အစည်းတွေ၊ အာဏာပိုင်တွေနဲ့ ဆက်ဆံတဲ့အခါမှာ ကြုံတွေ့ရတဲ့ အခက်အခက်တွေ၊ မပြေလည်တဲ့ကိစ္စတွေကို ဘယ်လိုလုပ်ဆောင်ရမလဲဆိုတွေကို ဆွေးနွေးခဲ့ပါတယ်။ ပညာရေးနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းနိုင်ငံသားများနည်းတူ ထိုင်းကျောင်းတွင် ပညာသင်ကြားနိုင်ရန် အတွက်လည်းကောင်း၊ ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံတွင် လာရောက်လုပ်ကိုင်နေသောာ ရွှေ့ပြောင်း မြန်မာအလုပ်သမားများအတွက် ဆေးရုံသို့ အများနည်းတူ တက်ရောက်ကုသနိုင်ရန်အတွက် လည်းကောင်း၊ အကယ်၍ ၎င်းတို့အားကုသခွင့်မပြုပဲ လျစ်လျူရှုထားလျှင် ထိုရောဂါများပြန့်ပွား ခဲ့သည်ရှိသော် ထိုင်းနိုင်ငံသားများအတွက်လည်း ရတက်အေးနိုင်မည် မဟုတ်ကြောင်းနှင့် လူလူချင်းအတူတူ ခွဲခြားပြီးဆက်ဆံရန် မသင့်တော်ကြောင်းတို့ကို NGO အဖွဲ့အစည်း အသီး သီးမှ တင်ပြဆွေးနွေးခဲ့ကြောင်းသိရပါတယ်။

ခင်ဆွေဝင်း


No comments: