ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်၊ နှစ်ဦးပိုင်းက ကျနော့်ရဲ့ တဝမ်းကွဲညီမလေးတယောက် ဘန်ကောက်သို့ ရောက်လာ၏။ သူရောက်လာခြင်းရဲ့ အကြောင်းရင်းကို ကျနော် ဖုန်းဆက်မေးကြည့်တော့ ကျောင်းဆက်တက်နိုင်ဖို့ ခဏတာ အလုပ်လာလုပ်တာပါတဲ့။ သူက ၂၀၀၇ မှာ ဆယ်တန်းအောင်တော့ တက္ကသိုလ်ဆက်တက်ဖို့က ထိုင်းနိုင်ငံမှာ ရှိနေတဲ့ မိဘတွေပို့ပေးတဲ့ ငွေနဲ့ မလောက်ငလို့ သူ လိုက်လာပြီး သူ့အမေနဲ့အတူ တနှစ်၊ နှစ်နှစ်လောက် အလုပ်လုပ်ပြီး အိမ်ပြန် ကျောင်းတက်မယ်ပေါ့။ ဒီလို သူ့အိပ်မက်ကလေးကို ကျနော့်ကို ပြောပြပါတယ်။ ကျနော်ကလည်း အင်းပေါ့ .. ညီမလေးရယ်..၊ လာပြီးမှဆိုတော့လည်း လုပ်ပေါ့၊ စည်းနဲ့ကမ်းနဲ့ လိမ်လိမ်မာမာနေနော်၊ စေ့စေ့စပ်စပ် ငွေစုပြီး အိမ်အမြန်ပြန် ကျောင်းတက်နိုင်အောင် ကြိုးစားပါလို့ အားပေးဆုံးမစကား ပြောခဲ့ရပါတယ်။ ကိုယ့်မှာလည်း သူများကို အားပေးနှစ်သိမ့်ရုံလေးပဲ တတ်နိုင်တယ်မဟုတ်လား။
အဲဒီနောက် နှစ်လလောက်အကြာမှာ ညီမလေးဆီက ဖုန်းဆက်လာတယ်။ သူ အလုပ်ရပြီဆိုတဲ့အကြောင်း၊ သူ့အမေနဲ့ စက်ရုံတခုတည်းမှာ လုပ်နေတယ်ဆိုတဲ့အကြောင်း၊ ညပိုင်းမှာ အလုပ်လုပ်ရတော့ နဲနဲပင်ပန်းတယ်ဆိုတဲ့အကြောင်း၊ ဒါပေမယ့် သူ လုပ်နိုင်ပါတယ်ဆိုတဲ့အကြောင်းတွေကို ပြောပြပါတယ်။ သြော်.. ဒီလို သူ့အမေနဲ့ စက်ရုံအတူတူမှာ အလုပ်လုပ်နေရတယ်ဆိုတော့ ကျနော် သူ့အတွက် စိတ်အေးရပြန်တယ်။
စိတ်အေးလက်အေး ရှိခါစပဲရှိသေး၊ တလလောက်ကြာတော့ သူ့အမေ(ကျနော့်ဦးလေးမိန်းမ)ဆီက ဖုန်းဆက်လာပြန်တယ်။ သူတို့စက်ရုံမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို မန်နေဂျာက အလုပ်ထုတ်ဖို့ လိုက်စီစစ်နေပြီဆိုပဲ။ သူ့သမီးလေးတော့ အလုပ်ဆက်လုပ်ရဖို့ မသေချာတော့ဘူးတဲ့။ ညီမလေးက ၁၇ နှစ်ကျော်ကျော်ပဲ ရှိပါသေးတယ်တဲ့။ ကျနော့်မှာ တခါ သူတို့အတွက် စိတ်ပူနေရပြန်တယ်။ ဒီလိုနဲ့ အဆက်အသွယ်ပြတ်နေတာ ၄-၅ လလောက် ရှိနေပြီ။
မနေ့ကတော့ ကျနော်လည်း သူတို့ကို သတိတရရှိတာနဲ့ ဖုန်းကောက်ဆက်လိုက်မိတယ်။ ညီမလေးနဲ့ တိုက်ရိုက်ပဲ ဖုန်းပြောရပါတယ်။ ကျနော်က သူ့အခြေအနေတွေကို မေးကြည့်ပါတယ်။ သူက သူ့အမေနဲ့ တနေရာစီ ရောက်နေတဲ့အကြောင်း၊ အလုပ်မတူကြတော့တဲ့အကြောင်း ပြောပါတယ်။ ဒါနဲ့ ကျနော်က နင် အခု ဘာအလုပ်လုပ်နေလဲ မေးတော့ … ကျမ အမေ့သူငယ်ချင်း အကူအညီနဲ့ အခု ဘန်ကောက်က အိမ်တအိမ်မှာ ‘အိမ်အကူ’လုပ်နေပါတယ်တဲ့။ ကျနော် ဘာဆက်ပြောရမှာလဲ။ ကျနော် ဘာမှ ဆက်မပြောထွက်တော့ပါ။ “သြော်.. သြော်.. အေးအေး၊ နောက်မှ ဖုန်းပြန်ဆက်မယ်နော် ညီမလေး”လို့ ပြောပြီး ဖုန်းချလိုက်မိတော့တယ်။ ကျနော့်မှာတော့ အတွေးတွေ တသီတတန်းနဲ့ ……….. ။
ထားဝယ်သား မှကူးယူဖော်ပြသည်--

No comments:
Post a Comment