ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ တောင်ဘက် ၄၄ ကီလိုမီတာ အကွာရှိ ဖုတ်ဖရမြို့နယ်မှ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ မူလတန်းကျောင်း တကျောင်းကို ထိုင်းအာဏာပိုင် များက မတ်လ ၂၈ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့သည်။
ကျောင်းသူကျောင်းသားဦးရေ ၁ဝဝ ကျော်နှင့် ဆရာ၊ ဆရာမ ၆ ဦးရှိသည့် အဆိုပါ မူလတန်းကျောင်းကို အမျိုးသား လုံခြုံရေးအရ ဖျက်ဆီးရခြင်းသည်ဟု ထိုင်းစစ်ဘက်က ပြောဆိုသွားသည်ဟု သိရသည်။ ယခုအခြေအနေများနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန်အတွက် အဆိုပါကျောင်းမှ တာဝန်ခံဖြစ်သူထံ ဖနိဒါက ဆက်သွယ် မေးမြန်းထားသည်။ မဲဆောက်က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ စာသင်ကျောင်းမှာ ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့က ပစ္စည်းတွေ ဖျက်ဆီးတာ၊ မီးရှို့တာတွေ ကြားရပါတယ်။
အဲဒါနဲ့ ပတ်သက်ပြီး သိသလောက် ပြောပေးပါခင်ဗျ။ ကျနော်တို့ မဲဆောက်မြို့ရဲ့ တောင်ဘက် ၄၄ ကီလိုမီတာ အကွာမှာရှိတဲ့ Phopra မြို့နယ်ထဲက ဒို့ မိတ်ဆွေ စာသင်ကျောင်း - The Best Friend ကျောင်းခင်ဗျ။ ကျနော်ကတော့ အဲဒီကျောင်းရဲ့ ကျောင်းတာဝန်ခံ ထိုက်သူအောင်ပါခင်ဗျ။ ဒီနေ့မနက် ၁ဝ နာရီကျော်ကျော်လောက်မှာ ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့ကနေပြီးတော့ အင်အား ၁ဝ ဦးခန့်က ကျနော်တို့ စာသင်ကျောင်းထဲကို ဝင်လာတယ်။ ဝင်လာတဲ့အချိန်မှာ ကျနော်တို့ ကျောင်းဆရာတွေ အကုန်လုံးက ရှောင်နေတယ်။
ရှောင်နေပြီး ကျနော်တို့ အခြေအနေကို ကြည့်လိုက်တယ်။ သူတို့ ကျောင်းအတွင်းထဲကို ဝင်လာပြီးတော့ ကျောင်းပိုင်ပစ္စည်း၊ ကျောင်းမှာရှိတဲ့ Furniture တွေပေါ့၊ ဆရာတွေထိုင်တဲ့ ထိုင်ခုံတွေ၊ နောက် ကလေးတွေ စာရေးတဲ့ စာရေးစားပွဲ တဝက်လောက်ကို သူတို့ ရိုက်ချိုးဖျက်ဆီးသွားတယ်။ နောက် ကျောင်းကာထားတဲ့ အကာတွေကိုလည်း ရိုက်ချိုး၊ ဆွဲဖြုတ်တာတွေ ရှိတယ်။ နောက် သူတို့က ကျောင်းရှေ့မှာလာမယ့် ပညာသင်နှစ်မှာ သင်ကြားဖို့ ကျောင်းဆောင်တိုးချဲ့ဖို့ ကျနော်တို့ ဒေသဘက်က ထွက်တဲ့ သက်ကယ်တွေ၊ ကျနော်တို့ စုဆောင်းထားတဲ့ သက်ကယ်ပုံ။ သက်ကယ် ၂ဝဝ လောက်ရှိတဲ့ အပုံကို မီးရှို့သွားတယ်။ နောက် စာသင်ကျောင်းရဲ့ နံရံမှာ သူတို့က လူမတွေ့တဲ့အတွက် စာရေးသွားတယ်။ ရှမ်းလို သူတို့ ရေးသွားတယ်။ နောက် ၃ ရက်ကြာရင် ကျောင်းကို သူတို့ ပြန်လာကြည့်မယ်။ ဒီကျောင်းထဲမှာရှိတဲ့ ပစ္စည်းတွေ တနေရာကို ရွှေ့ထား၊ စာသင်ကျောင်း လုံးဝ မဖွင့်ရဘူး၊ အဲဒီစာသင်ကျောင်းကို မီးရှို့ပစ်မယ်ဆိုပြီး ဒေသခံ အလုပ်သမားတွေကို ပြောသွားတယ်ခင်ဗျ။ နယ်စပ်မှာရှိတဲ့ မြန်မာကျောင်းတွေထဲမှာ အခုကျောင်းက စာရင်းမပေါက်သေးဘူးလို့ ပြောကြပါတယ်။ အဲဒါ ဟုတ်ပါသလားဗျ။ ဟုတ်ကဲ့ခင်ဗျ။ MOE မှာ ကျနော်တို့ ဒီကျောင်းစာရင်းကို ဝင်ထားတယ်ခင်ဗျ။ ကျနော်တို့ ကျောင်းကို ကူညီတဲ့ အဖွဲ့တခုရှိတယ်။ Help without Frontier ပါ။ ဒါပေမဲ့ ကျနော်တို့ တဖက်တလမ်းကနေ ကြိုးစားထားတယ်။ MOE အနေနဲ့ ဒီ ၆၂ ကျောင်းထဲမှာတော့ ကျနော်တို့ စာရင်းဝင်သွားပြီဗျ။ ကျောင်းမှာ ကလေး ဘယ်နှယောက် ပညာသင်နေလဲ။ ဟုတ်ကဲ့ခင်ဗျ။ ကျနော်တို့ ကျောင်းမှာ လက်ရှိ ကလေး ၁၆၈ ယောက်ခင်ဗျ။ ကျောင်းက ဘယ်လိုကျောင်းမျိုးလဲ။ မူလတန်းကျောင်းလား။ မူလတန်းကျောင်းပါ။ Migrant ကျောင်းပေါ့။ တကယ်လို့ ဒီကျောင်းက ဆက်ပြီး ဖွင့်ခွင့်မရတော့ဘူးဆိုရင် ကလေးတွေမှာ ဘယ်လိုအခက်အခဲတွေ ရှိလာမလဲ။ ကျနော်တို့ဒေသမှာ ဒီ Phophra မြို့နယ်ထဲမှာ မြန်မာပြည်သားအများစု ရှိတာက ၄၄ ကီလိုမီတာပေါ့။ လူအင်အား ၈ဝဝဝ ကနေ ၁၂ဝဝဝ ဝန်းကျင်လောက်ကို ရှိတယ်။ ကလေးအင်အား ၄ဝဝ ကျော်၊ ၅ဝဝ လောက် ရှိတယ်။ ကျနော်တို့ ဒီဒေသက စာသင်ကျောင်းတွေဟာ အရင်တုန်းက Home School အဖြစ် အများကြီး ပေါ်ပေါက်ခဲ့ဖူးတယ်။ ဒါပေမဲ့ နယ်ခြားစောင့်တပ်တွေရဲ့ တိုက်ဖျက်မှုကြောင့် ကျောင်းတွေ ပြိုပျက်ခဲ့ရတယ်။
ယနေ့အချိန်မှာလည်း ကျနော်တို့ ဒီနှစ်ပိုင်းမှာကတော့ တနှစ်ပတ်လုံး အဆင်ပြေချောမွေ့တယ်တော့ မဟုတ်ဘူးပေါ့။ ကျနော်တို့ ကျောင်းဆိုရင် ၅ ကြိမ်ထက်မနည်း သူတို့ ဝင်လာတယ်ပေါ့။ ဒါပေမဲ့ ဒီတကြိမ်ကတော့ အပြင်းထန်ဆုံး သူတို့ လုပ်သွားတာပေါ့။ ဒီဒေသက ကလေးတွေ ဒီစာသင်ကျောင်း မရှိရင်၊ စာတတ်မြောက်ဖို့ အလားအလာ လုံးဝ မရှိတော့ဘူး။ကျောင်းက ဘယ်လောက်များ လောင်သွားသလဲ။ အခုချိန်ထိတော့ ကျောင်းကို မီးမရှို့သေးဘူး။ ဒါပေမဲ့ ကျောင်းဆောင် ထပ်ချဲ့ဖို့အတွက် စုဆောင်းထားတဲ့ အမိုးလုပ်ဖို့ သက်ကယ်တွေ အကုန်မီးရှို့သွားတယ်။ ကျောင်းအတွင်းမှာ ရှိနေတဲ့ ကျောင်းဆရာတွေ ထိုင်တဲ့ ထိုင်ခုံတွေ၊ ကလေး စာရေးခုံတွေ တဝက်လောက် ဖျက်ဆီးသွားတယ်။ တခြား ဘယ်လို အဆောက်အဦတွေကို မီးရှို့တာ၊ ဖျက်ဆီးတာမျိုးရော ရှိသေးလားဗျ။ ကျောင်းပတ်ဝန်းကျင်မှာ ရှိတဲ့ အိမ်တွေကို မီးရှို့လိုက်တယ်။ ကျောင်းရှေ့မှာတော့ ဘေးကလူတွေ ဝိုင်းသတ်နေရတာပေါ့။ ဒီလို နယ်ခြားစောင့်တပ်တွေ ဝင်လာတဲ့အချိန်မှာ တောတွေမှာ ရှောင်နေရတယ်။ တချို့အိမ်တွေကိုပါ မီးရှို့သွားတယ်။ အိမ်အလုံး ၁၂ လုံးလောက် ရှိတယ်။ ခန့်မှန်းတာပေါ့နော်။ ကျောင်းပိတ်နေလား။ သူတို့ ဝင်လာတာကို ဘယ်လို သိလိုက်တာလဲ။ကျနော်တို့ ကျောင်းစောင့် လုပ်သားတဦးက ဆက်သွယ်ပေးမှုကြောင့် ကျနော်တို့ ပြန်ရောက်လာတဲ့အချိန်မှာ နယ်ခြားစောင့်တပ်တွေ ဖျက်ဆီးထားတဲ့ မီးတွေ ဝိုင်းငြှိမ်းသတ်ခဲ့ရပါတယ်။ မှတ်တမ်းတွေလည်း ကျနော်တို့မှာ ရှိပါတယ်။တခြား အခုလို မီးရှို့ဖျက်ဆီးခံရမှုအပေါ်မှာ ဘာများ ပြောချင်သေးလဲ။ ကျနော့်အမြင်က ဒီဘက်မှာ ဒီဇင်ဘာလ ၁၄ ရက် ကတည်းက ကျနော်တို့ ကျောင်းရဲ့ မျက်နှာချင်းဆိုင်တွေမှာ ရှိတဲ့ မြန်မာပြည်သား ၂၅ဝ လောက်ရှိနေတဲ့ ထွက်ပြေးရ၊ဲ နောက် ဆေးခန်းလည်း ဖျက်ဆီးခံရတယ်။ အခုလက်ရှိ ကျနော်တို့ ကျောင်းပါ ဖျက်ဆီးခံရပြီဆိုတော့ ဒီ ရွှေ့ပြောင်းအလုပ်သမားတွေကြားမှာ ဘယ်လို နောက်ဆက်တွဲ ဖြစ်လာနိုင်မယ်ဆိုတာတော့ မပြောနိုင်တော့ဘူးပေါ့နော်။ ကျနော်တို့ ယုံကြည်ထားတာက ကျနော်တို့ မြန်မာပြည်သားတွေက ပေါက်ဖွားလာတဲ့ ကလေးတွေဆို ပညာရှာရ၊ မိဘတွေက တဖက်ကလည်း စီးပွားရှာရင်း ထိုင်းနိုင်ငံရဲ့ အလုပ်သမား တော်တော်များများကို အဖိုးနှုန်း ချိုသာစွာနဲ့ ထိုင်းနိုင်ငံ တိုးတက်မှုကို ကူညီနေကြတာ။
သို့သော် ကလေးတွေရဲ့ အဆောက်အဦတွေကို ဘယ်လို ပေါ်လစီအနေနဲ့၊ ဘယ်လို ရှုထောင့်အနေနဲ့ လုပ်နေတယ်ဆိုတာ ကျနော်အနေနဲ့ နားမလည်နိုင်ဘူး။ ကျနော်တို့ ပညာသင်နေတာကို ထိုင်းအစိုးရအနေနဲ့ အကြမ်းဖက်နည်းမဟုတ်ဘဲ လေ့လာတာတို့၊ ပညာရေးဌာနတွေနဲ့ သက်ဆိုင်တဲ့ (MOE) တို့၊ BMWEC တို့ကနေ တဆင့် အရေးယူသင့်တယ်။ ကျနော်တို့ရဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကျောင်းတွေကို ဒီလို ဖြိုဖျက်မယ်ဆိုရင် ထိုင်းနိုင်ငံအတွက် မကောင်းတဲ့ အလားလာတွေ ရှိလာနိုင်မယ်။ Migrants ကလေးတွေ ပညာမတတ်ဖြစ်လာရင် ဒုစရိုက်လုပ်ငန်းတွေ ထူပြောလာမယ်။ မူးယစ်၊ လူကုန်ကူးမှုတွေရဲ့ သားကောင်တွေ ဖြစ်လာလိမ့်မယ်လို့ ကျနော် မြင်တယ်။ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သွားပြီး ပြန်လာတဲ့ နောက်ပိုင်းမှာ ဖြစ်လာတယ်ဆိုတော့ ဒါတွေနဲ့များ ဆက်နွယ်နေမလား။ ဘယ်လိုမြင်ပါသလဲ။ သူ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြန်လာတဲ့နောက်ပိုင်း ကျနော်တို့ ပထမဆုံး ခံရတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် နားမလည်တာက အစိုးရတရပ်ရဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အခြေအနေမှာ ကျနော်တို့ migrants ရဲ့ ရင်သွေးငယ်တွေဟာ ဓားစာခံ မဖြစ်သင့်ဘူး။ ခက်ခဲကြမ်းတမ်းတဲ့ အလုပ်သမားတွေက လုပ်ငန်းတန်ဖိုးနဲ့ အပြည့်အဝ ကူညီနေတယ်။ ထိုင်းနိုင်ငံသားတွေ မလုပ်နိုင်တဲ့ ညစ်ပတ်တဲ့အလုပ်၊ ခက်ခဲကြမ်းတမ်းတဲ့ အလုပ်တွေကို ကျနော်တို့ မြန်မာပြည်သားတွေကနေ တာဝန်ယူပေးနေတယ်။ ဒါကြောင့် ထိုင်းအစိုးရအနေနဲ့ သူတို့ရဲ့ အခြေခံ အဆောက်အဦတွေကို ဖျက်ဆီးမယ်ဆိုရင် ထိုင်းအစိုးရအပေါ် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အမြင်သဘောထားတွေ ပြောင်းလဲလာနိုင်မယ်။ အကောင်းမြင်ဘက်ကနေ အဆိုးမြင်ဘက်ကို ပြောင်းလဲလာနိုင်တယ်လို့ ကျနော်တို့ မြင်တယ်။ ဒီဇင်ဘာလ ၁၄ ရက်တုန်းက စာသင်ကျောင်း ပတ်ချာလည်မှာရှိတဲ့ ဝင်းတွေကိုတော့ ဖြိုချခဲ့တယ်။ ကျောင်းသူကျောင်းသားတွေကို တအိမ်ဆင်းတအိမ်တက် ဝင်ပြီး စုဆောင်းထားရတာ။ လက်ရှိ နွေရာသီသင်တန်းတွေတောင် မဖွင့်ရသေးဘူး။ အခြားကျောင်းတွေမှာ နွေရာသီကျောင်းပိတ်ရက် စနေပြီ။ ကျနော်က လက်ရှိအခြေအနေ ဘာမှ မခန့်မှန်းတတ်တော့ဘူး။
သတင်း-ကရင်လေး

No comments:
Post a Comment