Map of the Myanmar
(The Institute of International Studies at Fudan University, Shanghai, China က Asistant professor Jian Junbo ရဲ့ အမေရိကန် - မြန်မာ ဆက်ဆံရေးအပေါ် တရုတ်နိုင်ငံရဲ့ သဘောထားကို သုံးသပ်ထားတဲ့ ဆောင်းပါးကို ပရိတ်သတ်တဦးက ဘာသာပြန် ပြီး သူ့ သုံးသပ်ချက်နဲ့အတူ ပေးပို့လာလို့ တင်ပြပေးလိုက်ပါတယ်။ တချို့ နေရာတွေမှာတော့ စာရေးသူရဲ့ ခွင့်ပြုချက်နဲ့ စာဖတ်ရတာ ပို ချောအောင် ပြင်ထားပါတယ်။)
၂၀၀၉ ဧပြီလ အစောပိုင်းက အမေရိကန်၏ အရှေ့တောင်အာရှဆိုင်ရာရုံး ဒါရိုက်တာ Stephen Blake ကို မြန်မာသို့ သံတမန်အဖြစ် စေ လွှတ်ခဲ့ရာ အဲဒီလို စေလွှတ်တာဟာ ပြီးခဲ့တဲ့ခုနှစ်နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပါသည်။ ဧပြီလ ထဲမှာပဲ US Deputy Secretary of State James Steinberg က “မြန်မာနိုင်ငံကို အထီးကျန်စေခြင်းကနေ ကင်းလွတ်စေဖို့အတွက် အာရှဒေသတွင်း အခြားနိုင်ငံများနှင့် အတူ ဘုံဗျူဟာတခု ချမှတ်နိုင်ဖို့ ၀ါရှင်တန်က မျှော်လင့်ပါတယ်” ဟု ပြောခဲ့သည်။
အခုလို အခြေအနေမျိုးနဲ့ ပြောင်းလဲမှုတွေဟာ သမ္မတဘုရှ် အုပ်ချုပ်မှုကာလတုန်းက ဘယ်တုန်းကမှ မရှိခဲ့ဘူးပါ။ ဘုရှ် လက်ထက်က မြန်မာအပေါ် ဒီမိုကရေစီ ပြောင်းလဲရေးကို ဖိအားပေးမှုနှင့် အပြင်းအထန် ဆန့်ကျင်ရှုံ့ချမှုတို့သာ ရှိခဲ့သည်။
လက်ရှိ အခြေအနေတွေအရ သမ္မတ အိုဘားမားရဲ့အစိုးရဟာ အရင်သမ္မတလက်ထက်က မြန်မာနှင့် "axis of evil" ဟု ဘုရှ်က ခေါ်ခဲ့ သော အီရန်၊ အီရတ်နှင့် မြောက်ကိုရီးယားတို့အပေါ် ထားတဲ့မူဝါဒနဲ့ လုံးဝ ပြောင်းလဲကျင့်သုံးနေသည်။ ။ ဥပမာ အနေနဲ့ - မကြာခင်ကပင် အိမ်ဖြူတော်မှ တီဟီရန် (အီရန်) အပြန်အလှန် ဆွေးနွေးပွဲကိုလည်းကောင်း၊ ခိုင်မာတဲ့ အပြန်အလှန် ဆက်သွယ်မှုနှင့်အတူ ပြုံးယမ်း (မြောက်ကိုရီးယား) ၏ ခြောက်နိုင်ငံ ဆွေးနွေးပွဲကိုလည်းကောင်း အာရုံစိုက်လာကြောင်းကို ပြသခဲ့သကဲ့သို့ ကျူးဘားကိုလည်း အမေရိ ကန်ကွန်ဂရက်အဖွဲ့ဝင် (ဥပဒေပြု လွှတ်တော်အမတ်) တဦးကို စေလွှတ်ခဲ့သည်။
အပေါ်ယံအားဖြင့် အိုဘားမား၏ နိုင်ငံခြားရေးမူဝါဒဟာ ၎င်းအရင်သမ္မတ၏ မူဝါဒကို လျင်မြန်စွာ လုံလုံးလျားလျား ပြောင်းလဲလိုက်ဟန် ရှိပါသည်၊ သို့သော် ဤပြောင်းလဲမှုတွေအားလုံးဟာ အုပ်ချုပ်မှုနည်းဗျူဟာပုံစံအသစ်၏ အစိတ်အပိုင်း တချို့သာ ဖြစ်ပါသည်။ အိုဘားမား လက်ထက်မှာ နိုင်ငံခြားရေးမူဝါဒဟာ ဖြစ်လာမှတုံ့ပြန်ခြင်းထက် ဖြစ်အောင်အခြေအနေကို ဖန်တီးယူမှုကို အခြေခံသော ခိုင်မြဲသော နိုင်ငံ တကာဆိုင်ရာ တရားမျှတမှုနှင့် သမ္မတဘုရှ်လက်ထက်မှာ လျော့နည်းဆုတ်ယုတ် လာခဲ့ရသည်ဟု ဟီလာရီ ကလင်တန် (Secretary of State) က ပြောခဲ့သော “soft power or smart power” ကို ပြန်လည်တည်ဆောက်ရေးကို ဦးတည်လာခဲ့သည်။
အိုဘားမားက သမ္မတဘုရှ်လက်ထက်မှာ များစွာအားနည်းလာခဲ့ရတဲ့ တကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုအခန်းကဏ္ဍကို ပိုမိုခိုင်မြဲ တည်တံ့ စေဖို့ အတွက် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒ ချိန်ခွင်ကို ယခင်နှင့်မတူ တခြားဦးတည်ချက်ကို ဦးတည်ပြောင်းလဲနေဟန် ရှိပါသည်။ အထူးသဖြင့် ဘုရှ်လက်ထက်က ခေါင်းဆောင်မှုအပိုင်း၏ အဓိကအားနည်းချက်မှာ ၂၀၀၃ ခုနှစ် အီရတ်အပေါ် စစ်ရေးအရ ကျူးကျော်မှုပင် ဖြစ်သည်။ လက်ရှိ လက္ခဏာနှင့် အခြေအနေတွေအရ ပြောင်းလဲမှုများသည် ယခင် ဘုရှ် လက်ထက်က ဆုံးရှုံးခဲ့သော ညင်သာပျော့ ပျောင်းသော လွှမ်းမိုးမှုကို ပြန်လည်ရရှိဖို့အတွက် ဖြစ်ဟန် ရှိသည်။ အထက်ပါ ပြောင်းလဲမှုများကို ကြည့်ခြင်းအားဖြင့် အိုဘားမား၏ မြန်မာ နိုင်ငံဆိုင်ရာ မူဝါဒအသစ်ဟာ ၁၉၇၀ နှစ်လယ်ပိုင်း ဗီယက်နမ်စစ်ပွဲပြီးကတည်းက ဆုံးရှုံးခဲ့သော အမေရိကန်၏ မြန်မာနိုင်ငံအပေါ် လွှမ်းမိုး မှုကို ပြန်လည်ရယူနိုင်ဖို့ ဆိုတာကို မြင်သာနိုင်ပါသည်။

ပထ၀ီနိုင်ငံရေးအရလဲ အိုဘားမား၏မူဝါဒဆိုင်ရာ ဦးတည်မှုများဟာ အရှေ့တောင်အာရှဒေသတွင်း အင်အားညီမျှမှုကို စိန်ခေါ်မှုတရပ် ဖြစ်လေမလားဟု မေးခွန်းထုတ်စရာလဲ ဖြစ်နိုင်ပါသည်။ ၎င်းအပြင် အမေရိကန်၏မူဝါဒဆိုင်ရာ ပြောင်းလဲမှုများဟာ အထူးသဖြင့် မြန်မာ၏ အိမ်နီးချင်းအင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယကဲ့သို့ နိုင်ငံများအတွက် အာရုံစိုက်စရာ ဖြစ်နေပါသည်။ တနည်းအားဖြင့်လဲ အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒအသစ်ဟာ ကမ္ဘာမှာ အမေရိကန်၏ပုံရိပ်ကို ကြီးမြင့်လာစေရုံသာမက ၀ါရှင်တန်က ညီညွတ် အဆင် ပြေစွာနှင့် အောင်မြင်စွာဆောင်ရွက်နိုင်သော ဒေသတွင်းပထ၀ီနိုင်ငံရေး တည်ဆောက်မှုပုံစံအတွက် ပြောင်းလဲမှုတရပ်လဲ ဖြစ်ပေသည်။
မကြာသေးခင်နှစ်များအတွင်း အမေရိကန်သည် အာဖဂန်နစ္စတန် အကြမ်းဖက်တိုက်ဖျက်ရေး၊ အီရတ်၊ ပါကစ္စတန်နှင့် အချို့နေရာရှိ စစ်ပွဲ တို့ဖြင့် အလုပ်များနေခဲ့သည်။ ၎င်း အခြေအနေများကပင် မြန်မာနိုင်ငံအပေါ် အမေရိကန်၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေး နှင့် အစိုးရနှင့်သဘောထားကွဲလွဲသူများကို လွှတ်ပေးရေး စသော တောင်းဆိုမှုများနှင့်အတူ ရန်လို ဖိနှိပ်ပြီး တွန်းအားပေးလိုသော မူဝါဒ မျိုးကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော် လက်တွေ့မှာ အမေရိကန်အနေနှင့် ဤ ရန်လို ဖိနှိပ်လိုပြီး တပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်ရေး မူဝါဒများဖြင့် အထီးကျန်နိုင်ငံများကို လက်လျော့ လိုက်လျောစေမှုအပါအ၀င် မည်သည့် အကျိုးအမြတ်ကိုမျှ မရရှိခဲ့ပေ။ ဘုရှ် အစိုးရသည် မြန်မာအစိုးရအပေါ် ဖိနှိပ်အုပ်ချုပ်သော အစိုးရတရပ်ဟု ယူဆခဲ့ချိန်မှစ၍ ၀ါရှင်တန်ဟာ မြန်မာနိုင်ငံအပေါ် စီပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုင်းတွင် ဖယ်ကျဉ်ထားပြီး၊ စီးပွားရေး ဖွံဖြိုးမှုဆိုင်ရာ အကူအညီပေးရေးကိုလည်း ငြင်းပယ်ထားခဲ့ပါသည်။
ဤကဲ့သို့သော အခြေအနေအရပ်ရပ်ကို တရုတ်က ကောင်းစွာအသုံးချပြီး နိုင်ငံရေးနှင့်မူဝါဒပိုင်းဆိုင်ရာ ကျောထောက်နောက်ခံအတွက် အရေးပါသော မြန်မာနှင့် စီးပွားရေးအကျိုးတူပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးတက်အောင် ဆောက်ရွက်ခဲ့သည်။ လက်ရှိ အခြေအနေ အရ ဆိုလျှင်လဲ တရုတ် မြန်မာ အပြန်အလှန်မှီတည်ဆက်နွယ်နေမှုသည် နှစ်နိုင်ငံလုံးအကျိုးအတွက် လက်တွေ့ကျကျ အကောင်အထည်ပေါ် နေပြီ ဖြစ်သည်။ အပေါ်ယံအားဖြင့် ကြည့်လျှင်လည်း အမေရိကန်၏ မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးမှုကို ပြန်လည်ရယူနိုင်ရန် ကြိုးစား မှုဟာ တရုတ်နိုင်ငံ၏လွှမ်းမိုးမှုကို လျော့နည်းစေနိုင်သော သို့တည်းမဟုတ် အဆုံးသတ်စေနိုင်သော စိန်ခေါ်မှုတရပ်လေလားဟု မေးခွန်း ထုတ်စရာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ အရှေ့တောင်အာရှနိုင်ငံများအပေါ် အင်းအားကြီးနိုင်ငံကြီးများ၏ ပထ၀ီနိုင်ငံရေး လွှမ်းမိုးမှု ကို ရယူရန်ကြိုးစားမှုသည် ဒေသတွင်းနိုင်ငံတွေအတွက်တော့ ကောင်းမွန်သောအချက် မဟုတ်ပါ။ သို့သော် မည်သို့ပင်ဖြစ်စေ တရုတ် အနေနှင့်ကတော့ မြန်မာနှင့်အလွန်ကြီးမားသော စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်နေပြီဖြစ်သည့်အတွက် လက် လျှော့ဆုတ်ခွါမည့်ဟန် မရှိပါ။ တရုတ်အနေဖြင့် မြန်မာမှ ကုန်ကြမ်းပစ္စည်းများကိုရယူလိုပြီး အထူးသဖြင့် အာဖရိကနှင့်အရှေ့အလယ်ပိုင်း ဒေသမှ နိုင်ငံများနှင့် ကုန်သွယ်မှုအတွက် ဆိပ်ကမ်းတခုနှင့် ကြားခံစခန်းတခု ရရှိရန် လိုနေပေသည်။
(စာရေးသူမှတ်ချက် ။ ။ တရုတ်က အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ ရေနံနှင့်တွင်းထွက်များကို ရခိုင်ကမ်းရိုးတမ်းမှတဆင့် မြန်မာ ကုန်းတွင်းပိုင်းကို ဖြတ်၍ တရုတ်ပြည်မအတွင်းသို့ သယ်ယူလိုပြီး ၎င်း လမ်းကြောင်းမှပင် တရုတ်ထွက်ကုန်များကို အဆိုပါနိုင်ငံများသို့ မြန်မာနိုင်ငံကိုဖြတ်၍ တင်ပို့မည် ဖြစ်သည်။ ယခင် မလေးရှားနှင့်အင်ဒိုနီးရှားကြား မလက်ကာရေလက်ကြားမှဖြတ်ကာ စင်္ကာပူဆိပ်ကမ်း မှပတ်ပြီး သယ်ယူရေးထက် စီးပွားရေးအရ အလွန်တွက်ခြေကိုက်သော နည်းလမ်း ဖြစ်ပါသည်၊ တနည်းအားဖြင့်လဲ အလွန်လုံခြုံစိတ်ချ ရပြီး ပထ၀ီနိုင်ငံရေးကိုလဲ တဘက်တလမ်းက အကျိုးသက်ရောက်နိုင်သည်ဟု တရုတ်အနေနှင့် ယူဆမည်ဟု စာရေးသူ ယုံကြည်မိသည်။ မျက်မှောက်ခေတ်မှာ မြန်မာနိုင်ငံရဲ့ ပထ၀ီနိုင်ငံရေးအရေးသာမှုဟာ ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးများအပေါ် လွှမ်းမိုးမှုအတော်အတန် ကြီးမား နေသည်ကို မြန်မာတိုင်း ဂရုထားသင့်သည်ဟုလည်း ယူဆမိသည်။)

အပြင်ပန်းအားဖြင့်လဲ ၀ါရှင်တန်၏ မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုကိုပြနေသော မူဝါဒအသစ်ဖြစ်သော ပထ၀ီနိုင်ငံရေး ယှဉ်ပြိုင်မှုဟာ ဒေသတွင်း အငြင်းပွားမှုများကို ဦးတည်စေနိုင်ပါသည်။ ဒါပေမယ့် ဒီအချက်တွေဟာ ဒေသတွင်း နိုင်ငံတကာမူဝါဒရေးရာမှာ မုချအမှန် ဖြစ်လိမ့်မည်ဟုလဲ သေချာပေါက် မပြောနိုင်သေးပါ။ နိုင်ငံတကာမူဝါဒရေးရာ၏ အစိတ်အပိုင်းတခုမျှသာ ရှိပါသေးသည်။ မြန်မာနိုင်ငံအပေါ် ထားရှိလာသော အမေရိကန်၏ မူဝါဒအသစ်နှင့်ပတ်သက်၍ အကျိုးဆက်များကို စမ်းစစ်မလေ့လာမှီ “အမေရိကန်အနေနှင့် မြန်မာနှင့် မည် သို့မည်ပုံ နားလည်သဘောတူညီမှုကို ရယူမလဲ” ဆိုတဲ့ မေးခွန်းကို အရင် မေးသင့်ပေသည်။
ပထမတနည်းနေနှင့် အမေရိကန်ဟာ မြန်မာခေါင်းဆောင်ပိုင်းနှင့် တိုက်ရိုက်အပြန်အလှန် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ချဉ်းကပ်ပြီး၊ မြန်မာ နိုင်ငံအပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းအတွင်း မူဝါဒရေးဆိုင်ရာအကူအညီများ၊ စီးပွားရေးဆိုင်ရာအကူအညီများနှင့်အတူ ဒီမိုကရေဆီ ပြောင်းလဲရေးကို ကူညီဆောင်ရွက်ပေးခြင်းဖြင့် နည်းလမ်းရှာကောင်း ရှာနိုင်ပေသည်။ ဒါပေမယ့် ဒီ ချဉ်းကပ်နည်းဟာ ဘောင်တခုအတွင်း ကန့်သတ်ထိန်းချုပ်မှုကိုဦးတည်တာ ဖြစ်သောကြောင့် လက်တွေ့မှာတော့ တကယ်အကောင်အထည်ဖော်ဖို့ဆိုတာ လွယ်တော့မလွယ်လှပါ။ မြန်မာအနေနှင့်လည်းပဲ ၎င်း၏ နိုင်ငံရေးမူဝါဒစနစ်ကို ၀ါရှင်တန်မှချပေးသော ပုံစံမျိုးဖြင့် ပြုပြင်ပြောင်းလဲမည် မဟုတ်သကဲ့သို့ ၎င်း၏ ပြည်တွင်းရေးကိစ္စရပ်များကိုလည်းပဲ အမေရိကန်နှင့်ဆွေးနွေးလိမ့်မည် မဟုတ်ပါ။
ဒုတိယတနည်းအနေနှင့် အမေရိကန်ဟာ မြန်မာ့အဓိကအတိုက်အခံပါတီ ဖြစ်သော NLD ပါတီ၊ ဒါမှမဟုတ် လက်ရှိစစ်အုပ်ချုပ်ရေးစနစ်ကို ဖြုတ်ချလိုသော အတိုက်အခံအုပ်စုများနှင့် တွေ့ဆုံသဘောတူညီမှုများ ရယူကောင်း ယူနိုင်ပေသည်။ ရှင်းရှင်းပြောရလျှင်တော့ ဤကဲ့သို့ သော နည်းလမ်းကို CIA အပါအ၀င်၊ ယခင် ဘုရှ် အစိုးရတို့က ကြိုးစားကျင့်သုံးပြီးဖြစ်ပြီး အကျိုးရလဒ် ထူးထူးခြားခြား ရလာစရာ အကြောင်း မရှိတော့ပေ။ ထို့ကြောင့် ဤနည်းလမ်းသည် ပထမနည်းလမ်းလောက်ပင် ကောင်းမွန်မှု မရှိဘဲ၊ အကျိုးသက်ရောက်မှု မရှိ ကြောင်းကိုလဲ ၀န်ခံသက်သေပြပြီး ဖြစ်သည်။
တတိယတနည်းအနေနှင့် အမေရိကန်ဟာ မြန်မာအပေါ် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ငွေရေးကြေးရေးဆိုင်ရာ အကူ အညီများပေးပြီး ခေါင်းဆောင်ပိုင်းကို ချဉ်းကပ်ရေးပင် ဖြစ်သည်။ သို့သော် တဖက်ကလည်း အမေရိကန်အနေနှင့်လဲ ဖွံဖြိုးဆဲနိုင်ငံများနှင့် ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် အကူအညီပေးရေးဆိုင်ရာမှာ မရှိမဖြစ်သော ပြဌာန်းချက်နှင့် စည်းကမ်းချက်များကလဲ ရှိနေသေးပေသည်။ မြန်မာအနေနှင့်ကလည်းပဲ တခြားရရှိနေသော စီးပွားရေးဆိုင်ရာအထောက်အကူများကလဲ ရရှိ နေပေသေးသည် ဥပမာအားဖြင့် တရုတ် ထံမှ ဖြစ်သည်။ ထို့ကြောင့်ပင် မြန်မာက အခြေအနေအရဖြစ်လာသော အမေရိကန်၏ ပြောင်းလဲမှုအကူအညီကို လက်ခံလိမ့်မည် မဟုတ် ပေ။ တဖန် အမေရိကန်အနေနှင့်ကလည်းပဲ မြန်မာအပေါ် နိုင်ငံရေးမပါသော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမျိုး ဆိုတာကလဲ မဖြစ်နိုင် သကဲ့သို့ ၎င်း၏ မြန်မာနိုင်ငံအပေါ် မူဝါဒရေးပြောင်းလဲမှု၏ ရည်ရွယ်ချက်နှင့်လဲ ကိုက်ညီမှု မရှိလှပေ။ US Deputy Secretary of State James Steinberg ကလဲပဲ မြန်မာနိုင်ငံအပေါ် အမေရိကန်မူဝါ၏ အဓိကဦးတည်ချက်က ပြောင်းလဲမည် မဟုတ်ဟု ဖော်ပြခဲ့ပေသည်။ သို့ ပေမယ့်လဲ အမေရိကန်အနေနှင့် မြန်မာအပေါ် ပိုမိုပွင့်လင်းမှုနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကဏ္ဍ မှာ ၎င်းကိုယ်တိုင် ပါဝင်ဆောင်ရွက်မှုကို မျှော်လင့်နေပေသည်။
အမေရိကန်ဟာ မြန်မာနှင့်သဘောတူညီမှုရရန်မှာ ခက်ခဲကြောင်းကို မကြာခင်မှာပဲ သိမြင်လာမှာ ဖြစ်ပါတယ်။ ထို့ကြောင့်ပင် တရုတ် အနေနှင့် အမေရိကန်၏ အရှေ့တောင်အာရှဒေသအတွင်းသို့ အမြင်အားဖြင့် လျင်မြန်စွာ ထိုးဖောက်ဝင်ရောက်လာမှုကို စိုးရိမ်မှု မရှိပေ။ ဖြစ်ကောင်း ဖြစ်လာနိုင်ပေမယ့် ပထ၀ီနိုင်ငံရေး ပြိုင်ဆိုင်မှုဟာ ဖြစ်အံ့ဆဲဆဲ အခြေအနေမျိုးတော့ မဟုတ်ပါ။ တရုတ် အနေနှင့်လဲပဲ ၎င်း၏ မဟာဗျူဟာပိုင်းဆိုင်ရာ ကိစ္စများအပြင် မြန်မာနိုင်ငံအပေါ် အမေရိကန်၏ နိုင်ငံရေးမူဝါဒပိုင်းဆိုင်ရာ နှုတ်တိုက်ပုံတူကူးချရန် တိုက်တွန်း မှုနှင့် သြဇာလွှမ်းမိုးမှုအတွက် မည်သည့် သဘောတူညီမှုမျိုးကိုမှ လက်ခံမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စရပ်များသည် မြန်မာနိုင်ငံ၏ ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်သော နိုင်ငံတွင်းဆူပူအုံကြွမှုများကို ဖြစ်စေနိုင်သောကြောင့် ဖြစ်ပေသည်။
သို့သော် တရုတ်အနေနှင့် အမေရိကန်၏ မြန်မာနိုင်ငံအပေါ် စီးပွားရေးနှင့်ကုန်သွယ်မှုပိုင်းဆိုင်ရာ သဘောတူညီမှုများကိုတော့ ကြိုဆို သွားမည်ဖြစ်သည်။ လူမှုရေးတည်ငြိမ်မှုရှိပြီး ဥစ္စာဓနပေါကြွယ်ဝသော မြန်မာနိုင်ငံကဲ့သို့သောနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၀င် နိုင်ငံများဟာ တရုတ်၏ စိတ်ဝင်စားမှုနှင့် ကိုက်ညီလျက် ရှိသည်။ အမေရိကန်အနေနှင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးဆိုင်ရာ အောင်မြင်ဖြစ်ထွန်းမှုကို အကူအညီပေးမှုဟာ ASEAN အတွင်း စည်းလုံးမှုကို အထောက်အကူ ဖြစ်စေနိုင်ပါသည်။ ASEAN ၏ စည်းလုံးမှု နှင့် အကျိုးသက်ရောက်မှုရှိခြင်းဟာ ဒေသတွင်းတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ပြီး၊ တရုတ်အနေနှင့်လဲ ဤအချက်ကို အမြဲ ကြိုဆိုနေမည် ဖြစ်သည်။
အတုန့်အပြန်အားဖြင့်လဲ အမေရိကန်၏ မြန်မာနိုင်ငံအပေါ် ပြည်တွင်းရေးစွက်ဖက်မှုပိုင်းဆိုင်ရာ နည်းဗျူဟာများဟာ အပြုသဘောဆောင် နေခဲ့လျှင်တောင် ဒေသတွင်းတည်ငြိမ်မှုကို ပျက်ပြားစေနိုင်ပါက တရုတ်အနေနှင့် ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်သွားမည် ဖြစ်သည်။ ထို့ပြင် အမေရိကန်သည် မြန်မာနှင့် သဘောတူညီမှုရယူရန် ကြိုးပမ်းမည်ဆိုလျှင်လဲ အရှေ့တောင်အာရှ ဒေသတွင် တရုတ်ဟာ အဓိက အရေးကြီးသော ဇာတ်ဆောင် ဖြစ်သည်ဆိုတာကို အသိအမှတ်ပြုရမည် ဖြစ်ပြီး၊ နိုင်ငံရေးမူဝါဒအသစ်ဖြင့် မြန်မာကို တရုတ်နိုင်ငံနှင့် ဖယ် ကြဉ်စေရန် ဆောင်ရွက်မည်ဆိုပါက အလွန့်အလွန်ကြီးမားသော ခက်ခဲမှုမျိုးနှင့် ရင်ဆိုင်ရပေလိမ့်မည်။
အမေရိကန်အနေနှင့် မြန်မာနိုင်ငံနှင့် သဘောတူညီမှုရယူရန် ကြိုးပမ်းမှုတွင် မြောက်ကိုရီးယားကဲ့သို့ ခြောက်နိုင်ငံ ဆွေးနွေးရေးကိစ္စ လိုမျိုး အသွင်ဖြင့် မကြိုးပမ်းသင့်ပေ။ US Deputy Secretary of State James Steinberg က လွန်ခဲ့သော ရက်အနည်းငယ်အတွင်း တွင် ထုတ်ဖော်ပြောကြားခဲ့သော်လည်း တရုတ်၊ မြန်မာနှင့် ASEAN တို့က ဤကဲ့သို့သော အကြံပြုချက်မျိုးကို လက်ခံလိမ့်မည် မဟုတ်ပေ။ မြန်မာဟာ မြောက်ကိုရီးယားကဲ့သို့ အခြားနိုင်ငံများကို ခြိမ်းခြောက်နေသောနိုင်ငံ မဟုတ်ပါ။ မြန်မာ့အရေးဟာ နိုင်ငံတကာလုံးဆိုင်ရာ ၀င် ရောက်ဆွေးနွေးရန် အရေးကိစ္စ မဟုတ်ပါ၊ ထို့ကြောင့် မြန်မာ့အရေးနှင့် ပတ်သက်လာလျှင် ဘက်ပေါင်းစုံပါဝင်သော ဆွေးနွေးသုံးသပ်မှု ပုံစံမျိုးဖြင့် ပြုလုပ်ရန် မလိုအပ်ပါ။

US Deputy Secretary of State James Steinberg
မြန်မာနှင့် အောင်မြင်စွာ သဘောတူညီမှုရယူရန် အမေရိကန်၏ ကြိုးပမ်းမှုတွင် ယခင် ဘုရှ် လက်ထက်က အသုံးပြုခဲ့သော အသုံးမ၀င် တော့ဘဲ ခေတ်နောက်ကျနေပြီဖြစ်သော ချဉ်းကပ်မှုမျိုးကို နောက်တကြိမ် ထပ်သုံးဦးမည်ဆိုလျှင် အမေရိကန်အတွက် လွယ်ကူလိမ့်မည် မဟုတ်ပေ။ တရုတ်အနေနှင့်လဲ ၎င်းကိစ္စမျိုးကို ဘယ်တော့မှ လက်ခံမည် မဟုတ်ပေ။ သို့သော် အမေရိကန်အနေနှင့် မြန်မာနိုင်ငံအပေါ် သန့်ရှင်းသော စီးပွားရေးလုပ်ဖော်ကိုင်ဖက်သဘောမျိုး ရရှိရန်အတွက် ကြိုးပမ်းခဲ့မည်ဆိုလျှင်တော့ ဘေဂျင်း(Beijing) အနေနှင့် ၀မ်းသာ စွာ ကြိုဆိုနေမည် ဖြစ်သည်။ အခြေခံအားဖြင့် မြန်မာနိုင်ငံအပေါ် အမေရိကန်၏ချဉ်းကပ်မှု အောင်မလား ရှုံးမလား ဆိုတာကတော့ တခြား နိုင်ငံတွေရဲ့ ၎င်းချဉ်းကပ်မှုနည်းလမ်းအပေါ် ထင်မြင်ယူဆချက်ထက် အမေရိကန်ကိုယ်တိုင် အသုံးပြုသောနည်းလမ်က ပို၍ အရေးပါ ပေ လိမ့်မည်။
မူရင်း ဆောင်းပါးကို ဖတ်ချင်လျင် http://www.atimes.com/atimes/China/KD17Ad01.html ၌ ဖတ်ရှုနိုင်ပါသည်။
Copyright 2009 Asia Times Online:
စာရေးသူ၏ ဖြည့်စွက် သုံးသပ်ချက်။ ။ လက်ရှိ ဆောင်းပါးဟာ ရှန်ဟိုင်းနိုင်ငံတကာလေ့လာရေးတက္ကသိုလ် လက်ထောက် ပါမောက္ခ Dr Jian Junbo ၏ အာဘော်ကို တိုက်ရိုက်ဘာသာပြန်ထားခြင်းဖြစ်သည်။ Dr Jian Junbo က အမေရိကန် မြန်မာဆက်ဆံရေး ပြန်လည် ကောင်းမွန်လာမှုဟာ တရုတ်၏ ဒေသတွင်းပထ၀ီနိုင်ငံရေးအတွက် အရေးကြီးပုံ၊ ပြောင်းလဲလာသော အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာနှင့် ပတ်သက်ပြီး တရုတ်၏ ပတ်သက်ဆက်စပ်နေပုံနှင့် တရုတ်၏ တုန့်ပြန်သုံးသပ်ပုံတို့ကို မျက်မှောက်ခေတ်နှင့်အညီ သုံးသပ် တင်ပြထားသည်။
တရုတ်က အမေရိကန်ဟာ မြန်မာကိုကူညီလျှင်တောင် ကိုယ်ကျိုးမဖက်ဘဲသီးခြားကူညီဖို့ ခက်တယ်ဆိုတာကို မြန်မာကို ပြောချင်ပုံရ သည်။ ထို့ပြင် တရုတ်သာ မြန်မာ၏ အဓိကမိတ်ဆွေဖြစ်ပြီး အမေရိကန်ဟာ အခြေအနေအရ ဖန်တီးလာသော ညှိနှိုင်းဆောင်ရွက်မှုသာ ဖြစ်သည်ဟု သတိပေးချင်ဟန် ရှိပေသည်၊ ၎င်းကိုယ်တိုင်ကလဲပဲ အမေရိကန် မြန်မာကြား သဘောတူညီမှုတခုခုကို ဦးတည်သွားမှာကို လည်း စိုးရိမ်နေပုံ ရသည်။ ASEAN အပေါ်တွင်လဲ ၎င်းကပင် သြဇာလွှမ်းမိုးပြီး အဓိက key player အနေနှင့် ရှိနေချင်ဟန် ရှိသည်။
သို့သော် အမေရိကန်၏ မြန်မာအပေါ်ချဉ်းကပ်မှုပိုင်းဆိုင်ရာကို ဖော်ပြရာ၌ နည်းလမ်းသုံးသွယ်ဖြင့် ဖော်ပြထားပြီး ဒုတိယနည်းလမ်းမှာ နှစ်ပေါင်းများစွာတိုင်အောင် ကျင်သုံးပြီးဖြစ်သော်လည်း မအောင်မြင်သည်မှာ ထင်ရှားပြီးဖြစ်သည်။ သို့သော် ပထမနှင့် တတိယနည်း တို့မှာမူ အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒအသစ်နှင့် ဆက်စပ်မှု ရှိနေပြီး အကောင်အထည်ပေါ်လာကောင်း ပေါ်လာနိုင်ပေသည်။ သို့သော် Dr Jian Junbo ကမူ ၎င်း ပထမနှင့် ဒုတိယအချက်တို့ကိုလည်း သိပ်မဖြစ်နိုင်ဟု ဖော်ပြသွားခဲ့ပေသည်။ တကယ်တမ်းကျတော့ သိပ်မဖြစ်နိုင် ဆိုတာထက် ၎င်းနည်းလမ်းများအတိုင်း ဖြစ်လာမှာကို တရုတ်က အလွန်စိုးရိမ်လျက်ရှိသည်ဟု စာရေးသူ ယုံကြည်မိသည်။ ဖြစ်လာခဲ့လျှင်တောင် တရုတ်အနေနှင့် ပထ၀ီနိုင်ငံရေးနှင့်ပတ်သက်လျှင် မည်သည့် ချဉ်းကပ်မှုမျိုးကိုမဆို ကန့်ကွက်မည့်ပုံ ရှိပေသည်။ ဤချဉ်းကပ်မှုနည်းလမ်းများဖြင့် ချဉ်းကပ်လာခဲ့လျှင် အမေရိကန်အနေနှင့် အခက်အခဲများနှင့် ရင်ဆိုင်ရမည်ဟု တရုတ်က ပြောနေသော် လည်း၊ ချဉ်းကပ်မှုနည်းလမ်းများ မအောင်မြင်ခဲ့လျှင်တော့ ဟုတ်သည်ပေါ့၊ သို့သော် အမေရိကန်၏ချဉ်းကပ်မှုများ အောင်မြင်ခဲ့လျှင်မူကား တရုတ်ပြောခဲ့သော အခက်အခဲများဟာ အမေရိကန်အတွက် မဟုတ်ဘဲ ၎င်း တရုတ်နိုင်ငံအတွက်သာ ဖြစ်ပေလိမ့်မည်ဟု စာရေးသူ ယူဆ မိသည်။
ထို့ပြင်လည်းပဲ တရုတ်ဟာ မြန်မာနိုင်ငံရခိုင်ကမ်းခြေမှာ အခြေဆိုက်ဆိပ်ကမ်းတခုကို ထားပြီး အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသ များနှင့် ကုန်သွယ်မှုအတွက် မြန်မာနိုင်ငံ၏ ကုန်းတွင်းလမ်းကြောင်းကို မြန်မာနှင့် အကျိုးတူအသုံးပြုလိုပေသေးသည်။ ထို့အတွက်လဲ မြန်မာအပေါ် သြဇာလွှမ်းမိုးမှုကို အမေရိကန်ကိုမှမဟုတ် မည်သူ့ မည်သူကိုမျှ ခွဲဝေပေးလိုလိမ့်မည် မဟုတ်ပေ။ ၎င်းလမ်းကြောင်းသည် တရုတ်အတွက် စီးပွားရေးအရ အလွန်တွက်ခြေကိုက်ပြီး လုံးခြုံစိတ်ချရသောလမ်းကြောင်း ဖြစ်ပေသည်။ ဤကဲ့သို့သော အရေးကိစ္စ များသည် စစ်အေးခေတ်နှောင်းပိုင်း လက်ရှိမျက်မှောက်ရေးရာ ကမ္ဘာ့ချိန်ခွင်ကို ပြောင်းလဲနိုင်သော အာရှအခန်းကဏ္ဍတွင် စာရေးသူတို့ နိုင်ငံ၏ ပထ၀ီနိုင်ငံရေးအရ လွှမ်းမိုးနိုင်မှုနှင့် အရေးပါမှုတို့ပင် ဖြစ်ပေသည်။
၎င်းအပြင် စာရေးသူအနေနှင့် မြန်မာဟာ ဒေသတွင်း ASEAN နိုင်ငံများအပေါ်လဲ လွှမ်းမိုးမှုနှင့် အားသာချက်များ ရှိနေပေကြောင်းကိုလဲ ပြောချင်သေးသည်။ မြန်မာနိုင်ငံတည်နေရာအရ မြန်မာဟာ အာဖရိက၊ အရှေ့အလယ်ပိုင်းနိုင်ငံတို့နှင့် ကမ္ဘာ့အရှေ့ပိုင်း နိုင်ငံများ (တရုတ် ကဲ့သို့သော) ၏ ကုန်သွယ်မှုလမ်းကြောင်းပေါ်တွင် တည်ရှိနေသည်။ သို့သော် ပင်လယ်ကူးသင်္ဘောများသည် အိန္ဒိယသမုဒ္ဒရာ၊ ကပ္ပလီ ပင်လယ်မှတဆင့် မလက္ကာ ရေလက်ကြားကိုဖြတ်ပြီး စင်္ကာပူမှပတ်ကာ ထိုင်းပယ်လယ်ကွေ့နှင့် အရှေ့ပိုင်းနိုင်ငံများသို့ ဦးတည်လျက် ရှိပေသည်။ အကယ်၍သာ ထိုင်းက ၎င်းနိုင်ငံကို ဖြတ်ပြီး စူးအက်တူးမြောင်းကဲ့သို့ တူးမြောင်းမျိုးကိုသာ ဖောက်ခဲ့မည်ဆိုလျှင် ၎င်းကို အမှီပြု၍ မြန်မာ၏ ကူးသန်းရောင်းဝယ်မှုနှင့် စီးပွားရေးအရ အချက်အခြာကျမှုတို့ဟာ ပို၍ အရေးပါလာပေလိမ့်မည်၊ သို့သော် ပွဲစား သဘောမျိုးဖြင့် အသက်မွေးနေသော စင်္ကာပူကိုမူကား ထိုင်း၏ တူးမြောင်းက အခက်တွေ့ကောင်း တွေ့စေနိုင်ပေသည်၊ လက်ရှိ မျက် မှောက် အခြေအနေမှာပင် နည်းပညာပိုင်းဆိုင်ရာ မြင့်မားလာမှုကြောင့် အချို့သောပင်လယ်ကူးသင်္ဘောများနှင့် လေယာဉ်များဟာ စင်္ကာပူ မှ တထောက် ရပ်နားခြင်းမျိုး မရှိဘဲ တိုက်ရိုက်ပျံသန်းသွားလာနေတဲ့အတွက် စင်္ကာပူရဲ့လက်ရှိ ရပ်တည်မှုဟာ စိတ်ချရလောက်တဲ့ အနေ အထားမှာ မရှိပေ၊ အချိန်မရွေး ပြောင်းလဲသွားနိုင်ပေသည်။
ထိုင်းကသာ တူးမြောင်းတူးဖော်မှုကို အကောင်အထည်ဖော်ခဲ့လျှင် ပို၍ဆိုးပေဦးမည်။ သို့သော် ထိုင်း၏တူးမြောင်းသည် ကုန်သွယ်မှုလမ်း ကြောင်းကို မြန်မာနှင့် ပို၍နီးကပ်လာစေမည်ဖြစ်တဲ့အတွက်ကျယ်ပြန့်သော ကမ်းရိုးတမ်းအရှည်နှင့် သဘာဝသယံဇာတ အပါအ၀င် မြိတ် ကျွန်းစုကို ပိုင်ဆိုင်သော မြန်မာဟာ ပို၍အရေးပါလာပေလိမ့်ဦးမယ်။ ထိုင်းအနေနှင့်လဲ စင်္ကာပူ၏ သင်ခန်းစာကိုယူပြီး အကောက်အခွန်နှင့် အကျိုးအမြတ်ကို လိုချင်ကောင်း လိုချင်သောကြောင့် ဖြစ်ပေမည်။ ထို့ထက် ပိုအရေးကြီးသော အချက်မှာကား ထိုင်းအနေနှင့် မြန်မာနှင့် သာ စစ်ဖြစ်ခဲ့လျှင် သို့တည်းမဟုတ် အခြားအကြောင်းတခုခုကြောင့်ဖြစ်စေ ၎င်း၏စစ်သင်္ဘောများကို ဘင်္ဂလားပင်လယ်အော်သို့ ရောက်ဖို့ အတွက် မလက္ကာရေလက်ကြားမှတဆင့် စင်္ကာပူကိုပတ်ကာ လာနေရပေသည်။ ဤအချက်သည် ထိုင်းရေတပ်အတွက် အလွန့်အလွန် ကြီး မားပြီး ခရီးဖင့်နေရသော အခက်အခဲ ဖြစ်ပေသည်။ ထိုင်းအနေနှင့် ၎င်းအခက်အခဲကိုလဲ ဖြေရှင်းရင်း စီးပွားရေးအရလဲ တွက်ခြေကိုက် အောင် စီစဉ်လျက် တချက်ခုတ်နှစ်ချက်ပြတ်စီမံကိန်းကို စဉ်းစားဟန် တူပေသည်။ (ဤဖော်ပြချက်ကို ထိုင်းက တူးမြောင်းတူးမည်ဟူသော သတင်းများကြောင့် ထည့်သွင်းဖော်ပြခြင်း ဖြစ်ပေသည်။ သတင်းအတိအကျနှင့် သတင်း source ကိုတော့ မမှတ်မိတော့ပါ။)
စာရေးသူ အနေနှင့် လက်ရှိသုံးသပ်ချက်တွင် မြန်မာနိုင်ငံ၏ သယံဇာတအရင်းအမြစ် ပေါကြွယ်ဝမှုအပြင် ပထ၀ီနိုင်ငံရေးနှင့် စီးပွားရေး အချက်အခြာကျမှုတို့ကို အရင်းခံပြီး မိမိနိုင်ငံ၏တန်ဖိုးကို ဖော်ထုတ်လိုသောကြောင့်သာ ဤကဲ့သို့သော ဖော်ပြချက်များဖြင့် သုံးသပ်တင်ပြ ခြင်း ဖြစ်ပေသည်။ လက်ရှိအစိုးရကိုသော်လည်းကောင်း၊ အတိုက်အခံများကိုသော်လည်းကောင်း ထည့်သွင်းစဉ်းစားခြင်းမပြုလိုပါ။ မိမိ နိုင်ငံ၏ တန်ဖိုးကိုသိပြီး တန်ဖိုးထားထိန်းသိမ်းသင့်သော၊ သွေးစည်းညီညွတ်သင့်သောအမြင်၊ အမျိုးသားနိုင်ငံရေးအမြင်ဖြင့် တင်ပြလိုက် ပါသည်။ ထို့ကြောင့် မည်သို့သောအခက်အခဲ မည်သို့သော အခြေအနေများတွင်ဖြစ်စေ မြန်မာဟာ အမြဲ ရွှေမြန်မာပင် ဖြစ်နေရပေမည်၊ တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်စွာဖြင့် ရင်းရင်းနှီးနှီး အတူတကွနေထိုင်ရင်း ရွှေမြန်မာ၏ တည်တံ့မှုနှင့် ခန့်ထည်တည်ကြည်မှု၊ မြင့်မြတ်သော ဘာသာရေးဖြစ်ထွန်းတည်ရှိမှုတို့ကို ကမ္ဘာတည်သရွေ့ မြန်မာအားလုံး (တိုင်းရင်းသားအားလုံးကို ဆိုလိုသည်) က နိုင်ငံရေး အမြင်၊ စီးပွားရေးအမြင်၊ စစ်ရေးအမြင်တို့ဖြင့် ထိန်းသိမ်းသွားသင့်ပေသည်ဟု တင်ပြလိုက်ရပေသည်။

အီမေးလ် ဆောင်းပါး
သတင်း- နေ့သစ်ဆိုဒ်မှကူးယူဖော်ပြပါသည်

No comments:
Post a Comment