Thursday, April 30, 2009

မြန်မာကျောက်မျက်ကုန်သည် ၁ ဦး အသတ်ခံရ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Selayang ဈေးတွင် အင်္ဂါနေ့ နံနက် ၁၀ နာရီခန့်က အသက် ၃၁ နှစ် အရွယ် မြန်မာကျောက်မျက်ကုန်သည် ၁ ဦး သေဆုံးနေသည်ကို တွေ့ရပြီး ၎င်းမှာ အသတ်ခံရခြင်း ဖြစ်မည်ဟု မလေးရှားရဲတပ်ဖွဲ့က ယူဆကြသည်။

အဆိုပါဒေသမှ မလေးရှားရဲအုပ်ဖြစ်သူ Abdul Rahim Abdullah က ထိုဈေးရှိ လုပ်သားအချို့က သွေးအိုင်ထဲတွင် လဲနေသည့်သူ ၁ ဦးကို တွေ့ရသည့်အတွက် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့သည်ဟု ပြောဆိုသည်။

၎င်းက ဘာနားမား သတင်းဌာနသို့ ပြောကြားရာ၌ “ကနဦး စစ်ဆေးတွေ့ရှိချက်တွေအရ မြန်မာ အမျိုးသား ၄ ဦးက သတ်ခဲ့တာလို့ ယူဆလို့ ရပါတယ်။ တရားခံတွေအနက် ၁ ဦးက ဓားမြောင်ကိုင်သုံးပြီး ကျန်သူများက စတီးနှင့် သစ်သားတုတ်များ ကိုင်ဆောင်ကာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်” ဟု ဆိုသည်။

၎င်းက ဆက်လက်၍ အဘယ်သို့သော အကြောင်းကြောင့် ထိုသို့ တိုက်ခိုက်ခဲ့သည်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက် ရှိပြီး လူသတ်မှုအနေဖြင့် အမှုဖွင့်ထားသည်ဟု ပြောဆိုခဲ့သည်။

သေဆုံးသူ၏ ဇနီးဖြစ်သည့် အသက် ၂၄ နှစ်အရွယ် မလေးရှားနိုင်ငံသား ဖြစ်သူ Julia Che Mya က သေဆုံးသူ၏ အလောင်းမှာ ၎င်း၏ ခင်ပွန်းဖြစ်ကြောင်း အတည်ပြုပေးခဲ့သည်ဟု ထပ်လောင်း ပြောကြားသည်။

သေဆုံးသူ၏ အလောင်းအား ကွာလာလမ်ပူ ဆေးရုံသို့ ပို့ဆောင်လိုက်သည်ဟု သိရသည်။

Source- http://www.thanlwin.com

No comments: