ထိုင်းနိုင်ငံတွင် ရိုးရာ နှစ်သစ်ကူး Songkran ပွဲတော်အတွက် ပုံမှန် ပိတ်နေကျ အစိုးရ ရုံးပိတ်ရက် ၃ ရက် အပြင် အင်္ဂါနေ့က ထပ်မံ၍ ၂ ရက် တိုးမြှင့်လိုက်ကြောင်း ထိုင်း အစိုးရက ကြေညာလိုက်သည်။
ဘဏ်များနှင့် အခြားသော အဖွဲ့အစည်းများ အနေဖြင့် လာမည့် ကြာသပတေးနေ့နှင့် သောကြာနေ့များကို အလုပ်ပိတ်ရက်အနေဖြင့် သတ်မှတ်၊ မသတ်မှတ်ခြင်းမှာ ၎င်းတို့ဘာသာ ဆုံးဖြတ်နိုင်သည်ဟု ထိုင်းအစိုးရ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Panitan Wattanayagorn က ပြောဆိုလိုက်သည်။
ဆန္ဒပြမှုများကြောင့် အာစီယံထိပ်သီး စည်းဝေးပွဲကို ရပ်နားခဲ့ရသည့်အတွက် ပြီးခဲ့သည့် သောကြာနေ့ကလည်း ထိုင်းအာဏာပိုင်များအနေဖြင့် အားလပ်ရက် အဖြစ် ကြေညာခဲ့ရသဖြင့် ယခု ထပ်တိုးလိုက်သည့် ၂ ရက်နှင့် ပေါင်းလျှင် ထိုင်းနိုင်ငံသားတို့ အနေဖြင့် ပိတ်ရက် ၁၀ ရက် ဆက်တိုက် ရရှိကြမည် ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ် အဘီဆစ်အား နှုတ်ထွက်ရန် ဆန္ဒပြသူ တောင်းဆိုသူများအား ထိုင်းလုံခြုံရေးတပ်ဖွဲ့များက ဖြိုခွဲခဲ့ပြီးနောက်ဝယ် ၀န်ကြီးချုပ် အဘီဆစ်၏ ရုံးအား ၃ ပတ်ကြာ စီးနင်းခံထားခဲ့ရခြင်းမှလည်း သက်သာရာရခဲ့ပြီ ဖြစ်သည်။

No comments:
Post a Comment