Saturday, April 18, 2009

ဝတပ်ဖွဲ့က ကိုယ်ပိုင်ဒေသကြီး ထူထောင်ခြင်းနှင့် နှစ် ၂၀ ပြည့်အခမ်းအနားပုံများ

စည်းလုံး ညီညွတ်သည့် ဝတိုင်းရင်းသားတို့၏ ဒေသကြီး ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းသွား မည်ဟု ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)က ယနေ့ ပြုလုပ်သည့် “ငြိမ်းချမ်းရေး တည်ဆောက်မှု အနှစ် (၂ဝ) ပြည့်” အခမ်းအနားတွင် ပြောကြားလိုက် ကြောင်း တရုတ်မြန်မာနယ်စပ် သတင်းများအရ သိရသည်။

ပရိသတ် နှစ်သောင်းဝန်းကျင် တက်ရောက်သည့် အဆိုပါ အခမ်းအနားတွင် ပြောကြားသည့် UWSA အကြီးအကဲ ဦးပေါက်ယူချန်း၏ မိန့်ခွန်းတွင် မြန်မာအစိုးရနှင့် အမြင်မတူသည့် အချက်များကို ညှိနှိုင်း ဖြေရှင်းသွားမည်ဟုလည်း ပါရှိသည်။

အနှစ် ၂ဝ ပြည့် အထိမ်းအမှတ်ပွဲကို UWSA ဌာနချုပ် တည်ရှိရာ ရှမ်းပြည်နယ်၊ ပန်ဆန်းမြို့တွင် ယနေ့ နံနက်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ UWSA တပ်ဖွဲ့ဝင် ၂၄ဝဝ ခန့် ပါဝင်သည့် စစ်ရေးပြ အခမ်းအနား တခုလည်း ပါဝင်သည်ဟု ဆိုသည်။

ဝ တပ်ဖွဲ့များက ဗမာပြည် ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင် အင်အားစုအဖြစ်မှ ၁၉၈၉ ခုနှစ်တွင် ခွဲထွက်ခဲ့ပြီးနောက် UWSA အဖြစ် ဖွဲ့စည်း ရပ်တည်ခဲ့ခြင်း ဖြစ်သည်။ UWSA တွင် စစ်သည်အင်အား နှစ်သောင်း ဝန်းကျင်ရှိမည်ဟု အကဲခတ်များက ယူဆကြသည်။ UWSA ၁ဝ နှစ်ပြည့်ခဲ့စဉ်ကလည်း ကွန်မြူနစ်ပါတီမှ ခွဲထွက်သည့် အထိမ်းအမှတ်အဖြစ် အခမ်းအနား ပြုလုပ်ခဲ့သည်။ ယခု အနှစ် ၂ဝ ပြည့် အခမ်းအနားကိုမူ ဝ ဒေသ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှု ဟူသော ဝေါဟာရကို အသုံးပြုထားသည်။

ဝဒေသ တည်ဆောက်ရေးအတွက် အကူအညီပေးခဲ့သည့် ညီနောင် ငြိမ်းချမ်းရေး တပ်ဖွဲ့များ၊ တရုတ်နိုင်ငံ၊ မူးယစ်ဆေး တိုက်ဖျက်ရေး လုပ်ငန်းများတွင် ကူညီခဲ့သော ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့တို့ကို ကျေးဇူးတင်ကြောင်း ဦးပေါက်ယူချန်းက ယနေ့ ပြောကြားသွားသည်ဟု သိရသည်။

သို့သော်လည်း မြန်မာပြည် နိုင်ငံရေး လောကတွင် အငြင်းပွားဖွယ် ဖြစ်နေသော ၂ဝ၁ဝ ရွေးကောက်ပွဲ နှင့် ပတ်သက်ပြီး ထည့်သွင်း ပြောဆိုခြင်း မရှိဟု ဆိုသည်။

အခမ်းအနားကို အပစ် အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များ၊ ယခင် ဗကပ တပ်ဖွဲ့ဝင် အရာရှိများ၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ခရိုင်အဆင့် အစိုးရ အရာရှိများလည်း တက်ရောက်ကြသည်ဟု သိရသည်။



သတင်း-သာဓု

No comments: