Tuesday, May 19, 2009

သီရိလင်္ကာကျားသူပုန်များ အပြီးတိုင် ချေမှုန်းခံရ


Sri Lanka Armyလွတ်လပ်သော နယ်မြေရရှိရေးအတွက် ဆယ်စုနှစ်များစွာ လက်နက်ကိုင် တော်လှန်နေခဲ့သော သီရိလင်္ကာမှ တမီးလ်ကျားသူပုန်များကို အပြီးတိုင်ချေမှုန်းနိုင်ခဲ့ပြီး သူပုန်ခေါင်းဆောင်ဖြစ်သူလည်း ကျဆုံးခဲ့ပြီဟု သီရိလင်္ကာစစ်တပ်က ယနေ့ထုတ်ပြန် ကြေညာလိုက်သည်။

သီရိလင်္ကာစစ်တပ် အဆင့်မြင့်အရာရှိ ဗိုလ်မှူးချုပ် Sarath Fonseka က ကြေညာချက်ထုတ်ပြန်ရာတွင် “တိုက်ပွဲအားလုံး ပြီးဆုံးခဲ့ပြီ” ဟု ပြောဆိုခဲ့ပြီး တတိုင်းပြည်လုံးတွင် အကြမ်းဖက်သမားများ ကင်းစင်သွားပြီဟု ဖော်ပြပါရှိသည်။ နောက်ဆုံးပွဲသိမ်းတိုက်ပွဲတစ်ခုတည်းတွင်ပင် ကျားသူပုန်များဘက်မှ အင်အား ၂၅၀ ခန့်ကျဆုံးပြီး ကျဆုံးသူများထဲတွင် ခေါင်းဆောင်ဖြစ်သူ Velupillai Prabhakaran ၊ ၄င်း၏ သားဖြစ်သူ အသက် ၂၄ နှစ်အရွယ်ရှိ Charles Anthony ၊ လက်ထောက်အရာရှိကြီး ၂ ဦး၊ အခြားထင်ရှားသည့် ခေါင်းဆောင် ၂ ဦးတို့လည်း ပါဝင်သည်ဟု သိရသည်။

ကိုယ်ပိုင်တမီးလ်ဒေသ ခွဲထွက်ရေးအတွက် ၁၉၈၀ ပြည့်လွန်နှစ်များမှစ၍ အစိုးရနှင့် တိုက်ပွဲဆင်နွှဲလျက်ရှိသော ကျားသူပုန်များအဖွဲ့သည် အာရှဒေသအတွင်း နှစ်အကြာဆုံး ခွဲထွက်ရေးအုပ်စုဖြစ်ခဲ့သည်။ ထိုအချိန်မှ ယနေ့တိုင်အောင် ဖြစ်ပွားခဲ့သော တိုက်ပွဲများ၊ လုပ်ကြံမှုများ၊ အသေခံဗုံးခွဲမှုများကြောင့် သေဆုံးသူ ၇ သောင်းခန့်ရှိခဲ့သည်ဟု သိရသည်။

ကျားသူပုန်လိုလားသူများလွှင့်တင်ထားသည့် ဝက်ဘ်ဆိုက်ဒ်တစ်ခုက ကျားသူပုန်ခေါင်းဆောင်များသည် နိုင်ငံတကာ ကြက်ခြေနီတပ်ဖွဲ့များကို ဝင်ရောက်ကယ်တင်ပေးကြရန် တောင်းပန်ခဲ့သေးသည်ဟု ဖော်ပြထားသည်။ အဆိုပါဝက်ဘ်ဆိုက်ဒ်က ထုတ်ပြန်ချက်တွင် ၄င်းတို့၏ ကာလရှည်ကြာတိုက်ပွဲဝင်မှုသည် ခါးသီးစွာအဆုံးသတ်ခဲ့ရပြီဟုလည်း ရေးသားထားသည်။ ကုလသမဂ္ဂ၏ စာရင်းများအရ ယခုစစ်ပွဲကြောင့် ထောင်ပေါင်းများစွာသော ပြည်သူတို့ သေဆုံးခဲ့ကြရသည်ဟု သိရသည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာက သီရိလင်္ကာစစ်တပ်ကို သူပုန်များအား ချေမှုန်းရာတွင် အပြစ်မဲ့ပြည်သူများ ထိခိုက်သေကြေမှု မရှိစေရန် သတိထားဆောင်ရွက်သင့်ကြောင်း တိုက်တွန်းထားခဲ့ပြီးဖြစ်သည်။ စစ်ပွဲအတွင်း တာဝန်ထမ်းဆောင်ခွင့်ပြုထားသည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်သည့် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကြီးက “စိတ်တောင်မကူးဘူးတဲ့ လူတွေသေကြေမှုကြီးတစ်ခုပါပဲ” ဟု မှတ်ချက်ပြုသည်။

သီရိလင်္ကာတာဝန်ရှိသူများကမူ ပြည်သူများ သေဆုံးရခြင်းကို ငြင်းဆိုလိုက်ပြီး ပြည်သူအားလုံး စစ်ပွဲလွတ်ရာကို ထွက်လာနိုင်ခဲ့သည်ဟု ဆိုသည်။ လူ့အခွင့်အရေးဝန်ကြီး Mahinda Samarasinghe က “တချို့လူတွေ ပြောကြသလို သွေးချောင်းစီး သေဆုံးမှုတွေ မရှိခဲ့ပါဘူး။ အားလုံး လွတ်ကင်းရာကို ထွက်လာနိုင်ခဲ့ပြီး အစိုးရက စောင့်ရှောက်ထားပါတယ်” ဟု AFP သတင်းဌာနကို ပြောကြားခဲ့သည်။

Source : AFP

Photo : Aljazeera.net

No comments: