Tuesday, May 19, 2009

ကမ္ဘာကျော် ဘရာဇီးလူသတ်မှုတရားခံအား စီရင်ချက်ချမှတ်


ကမ္ဘာကျော် မှုခင်းတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သော ဘရာဇီးလ်နိုင်ငံ အ၀တ်သေတ္တာ လူသတ်မှုအတွက် တရားခံကို ဘရာဇီးလ်နိုင်ငံ ဗဟိုတရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်ပြီဖြစ်သည်။ ယမန်နှစ် ဇူလိုင်လအတွင်းက ၎င်းအနေနှင့် ၎င်း၏ချစ်သူ ဗြိတိန်သူ အသက်(၁၇)နှစ်အရွယ် ကာလာမာရီယာဘရုခ်ကို သတ်ဖြတ်ခဲ့ကြောင်း ဘရာဇီးလ်နိုင်ငံသား မိုဟာမက်ဒီအလီ ကာဗယ်လ်ဟို ဆန်းတို့စ် က ၀န်ခံခဲ့ပြီးနောက် မေလ(၁၅)ရက်နေ့တွင် ထောင်ဒဏ်(၂၁)နှစ် ကျခံစေရန် တရားရုံးက စီရင်ချက် ချမှတ်လိုက်သည်။ ထို့ကြောင့် အသက်(၂၁)နှစ်ရှိ ဆန်းတို့စ်အနေနှင့် ၎င်းနေထိုင်ခဲ့သော သက်တမ်း နှင့်ညီမျှသည့် ကာလတစ်ခုကို သံတိုင်များနောက်တွင် ကုန်လွန်ရတော့မည်ဖြစ်သည်။

ဂွိုင်အိုနီးယားမြို့တော်အနီး မြစ်ကမ်းဘေးတွင် သောင်တင်နေသည့် အ၀တ်သေတ္တာအတွင်း ဘရုခ်၏ ခုတ်ထစ်ဖြတ်တောက်ခံထားရသည့် ရင်ဘတ်ပိုင်းကို ဇူလိုင်လ (၂၈)ရက်နေ့တွင် ရဲများက ရှာတွေ့ခဲ့ပြီးနောက် ဆန်းတို့စ်အား ဇူလိုင်လ (၃၁)ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သည်။ လန်ဒန်အခြေစိုက် ချယ်လ်ဆီးဘောလုံးအသင်း၏ အမျိုးသမီး ကစားသမား တစ်ဦးလည်း ဖြစ်ခဲ့ဖူးသည့် ဘရုခ် ၏အလောင်းကို လန်ဒန်တောင်ပိုင်းတွင် နေထိုင်သည့် မိခင်က အတည်ပြုပေးခဲ့ပြီးနောက် သူမ၏ ကြွင်းကျန်နေသော ရုပ်အလောင်း အပိုင်းအစများကို ဆက်လက်ရှာဖွေခဲ့ကြသည်။

ဆန်းတို့စ်က ၎င်းသည် ဘရုခ်နှင့် လန်ဒန်တွင် တွေ့ဆုံခဲ့ကြောင်း၊ ၎င်းဘရာဇီးလ်သို့ ပြန်လာခဲ့ချိန်တွင် ဘရုခ်အား လက်ထပ်ကြမည်ဟုဆိုကာ ဘရာဇီးလ်သို့ လိုက်လာရန် လှမ်းခေါ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ ထို့နောက်ပိုင်းတွင် ၎င်းနှင့်ဘရုခ်တို့ကြား မူးယစ်ဆေးဝါး မျှဝေသုံးစွဲမှုများ ရှိခဲ့သလို ဘရုခ်နှင့်လည်း စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ဘရုခ်အား သတ်ဖြတ်မှုကို ၎င်းပင် ကျူးလွန် ခဲ့ကြောင်း ဆန်းတို့စ်ကဆိုသည်။ ဇူလိုင်လ(၂၆)ရက်နေ့က မီးဖိုချောင်သုံး ဓားတစ်လက်ဖြင့် ဘရုခ်အား ထိုးသတ်ခဲ့ကြောင်း၊ ထို့နောက် အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ခုတ်ထစ်ဖြတ်ပိုင်းပြီး အ၀တ် သေတ္တာထဲထည့်ကာ ရေထဲတွင်မျှောပြီး အလောင်းကို ဖျောက်ဖျက်ပစ်ခဲ့ကြောင်း ဆန်းတို့စ်က ၀န်ခံခဲ့သည်။ အပြီးသတ် စီရင်ချက်ကို ချမှတ်ခဲ့ပြီးနောက် သူမ၏သမီးအတွက် ကြေကွဲငိုကြွေး နေသည့် မိခင်ဖြစ်သူ အန်နာက ထောင်ဒဏ်(၂၁)နှစ်သည် ဆန်းတို့စ်ကျူးလွန်ခဲ့သည့် ပြစ်ဒဏ်နှင့်စာလျင် နည်းပါးသေးကြောင်း ပြောဆိုခဲ့သည်။ ဆန်းတို့စ်က ၎င်းသည် ဘရုခ်အား သတ်ဖြတ် ခဲ့သည်မှာ အမှန်ဖြစ်ကြောင်း၊ ဘရုခ်အား မည်သည့်နေရာသို့ ဓားနှင့်ထိုးခဲ့သည်ကိုပင် မမှတ်မိတော့ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည်။ အချိန်အားဖြင့် (၉)လခွဲမျှကြာအောင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဘရာဇီးလ်နိုင်ငံ ဗဟိုတရားသူကြီး ဂျက်ဆဲလ် ကယ်လ်ဟို ဒီအဲလ်ကန်တာရာက ဆန်းတို့စ်၏ ပြစ်ဒဏ်ကို အတည်ပြု ချမှတ်လိုက်ခြင်းဖြစ်ပြီး နောက်ဆုံးစီရင်ချက် ချမှတ်ချိန်တွင် တရားရုံးသို့ လူပေါင်း(၁၅၀၀)ခန့် လာရောက်ကြားနာခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်း-MMIC

No comments: