Wednesday, May 20, 2009

အမေစု နှင့် ကိုမိုးသီး ရဲ့ ရာဇဝင်

မျိုးချစ်မြန်မာ မှကူးယူဖော်ပြပါသည်-----


ဦးနေဝင်းရဲ့ ဆိုရှယ်လစ်စနစ်ချုပ်ငြိမ်းပြီး ၈၈ အရေးအခင်းလွန်ကာလ မှာမြန်မာ့ဒီမိုကရေစီအရေးအတွက် ရှေ့ဆုံးကဦးဆောင်ပါဝင်ခဲ့သူများကတော့ အနတီစု နဲ့ ကိုမျိုးသန်းထွဋ် ပဲဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီရေး လှုပ် ရှားမှုမှာတော့ ကိုမျိုးသန်းထွဋ် ကပိုစောပါတယ်။ ကိုမျိုးသန်းထွဋ် ကတော့ ၁၉၈၈ ခုနှစ် မတ်လ ကျောင်းသားလှုပ်ရှားမှုမှာ စတင်ပါဝင်ခဲ့ပါတယ်။ ၂၁.၆.၈၈ ရက်နေ့ အဓိပတိလမ်းမပေါ်မှာ မျက်နှာအ၀တ်မစည်းပဲ ဟောပြောရာကနေ နာမည်ရလာပါတယ်။ သူရေးတဲ့ ``မိုးသီးဇွန် ´´ ဟူသော ကဗျာခေါင်စဉ်ကို အမည်ဝှက်လုပ်ရာကနေ မိုးသီးဇွန် အဖြစ်လူသိများလာတာပါ။ အန်တီစု ကတော့စစ်အုပ်ချုပ်ရေး ရုပ်သိမ်းပြီး သြဂုတ် ၂၆ ကျမှ ရွှေတိဂုံ အနောက်မုခ် ဟောပြောပွဲနဲ့ စင်ပေါ် တက်လာတာပါ။ ကိုမျိုးသန်းထွဋ် က ကျောင်းသားလှုပ်ရှားမှုကို ခေါင်းဆောင်သူတွေထဲက တစ်ဦးဖြစ်ပြီး ဒေါ်စုကိုတော့ နိုင်ငံရေး သမားဟောင်း ( ၀ဲ၊ ယာအားလုံး) က တင်ပေးလိုက် တဲ့သူလို့ ဆိုနိုင်ပါတယ်။ အဲဒီလိုနဲ့ ပါတီတွေ ဖွဲ့ခွင့်ရတော့ ကိုမျိုးသန်းထွဋ်က လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဆိုပြီး ထောင်ပါတယ်။ အန်တီစု ကတော့ အောင်စုတင်ကနေ ပေါ်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူး ဖြစ်လာပါတယ်။ အန်တီစုရဲ့ ခရီးစဉ်တွေမှာ မိုးသီးဇွန် လိုက်ပါလေ့ရှိသလို အန်တီစုကလဲ နယ်မြို့တွေ ရောက်ရင် လူ့ဘောင်သစ်ရုံးတွေကို သွားပြီး လူငယ်တွေနဲ့ တွေ့လေ့ရှိပါတယ်။ အဲဒီတုံးက နှစ်ဘက် သဘောတူ ထားတာကတော့ ဒီချုပ်ကို လူ့ဘောင်သစ်က ၀န်းရံပေးရမယ်။ ရွေးကောက်ပွဲကျရင် ဒီမိုကရေစီဘက်က မဲတွေ ကွဲမသွားအောင် လုပ်ရမယ် ဆိုတာပါပဲ။ ၁၉၄၅- ၄၆ တုန်းက ဖဆပလကို ဦးဆောင်နေတဲ့ သခင်သန်းထွန်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို နိုင်ငံခြား သတင်းစာတွေက ဆန်းနဲ့ သန်း လို့ ရေးသလို အဲဒီတုံးကလဲ စုနဲ့ မိုး ခေတ်ပါပဲ။

၈၈ လေးလုံးမှာ တောင်းဆိုကြွေးကျော်ခဲ့တဲ့ ကြားဖြတ်အစိုးရဖွဲ့ စည်းပေးရေး ကလည်း တဖြည်းဖြည်းမေ့ပျောက်လာပြီး ရွေးကောက်ပွဲဘက် အာရုံကျသွားကြပါတယ်။ ကိုမျိုးသန်းထွဋ် ရဲ့ အယူအဆက ပါတီဖွဲ့တာဟာ န၀တ လက်အောက်မှာ နိုင်ငံရေး လုပ်နိုင်ဖို့ပဲ ဖြစ်တယ်။ ဒီအခွင့်အရေးကို ယူပြီး ကြားဖြတ်အစိုးရဖွဲ့၊ ကြားဖြတ်အစိုးရက ရွေးကောက်ပွဲ လုပ်ပေးရမယ် ဆိုတာပါ။ ဒါကလဲ ဗကပ ၄၈၂၈ ကော်မတီ ကိုသက်ခိုင်တို့ ချပေးတဲ့လိုင်း ဖြစ်ပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ၀ါးစည်းပြေသလို စည်းလုံးမှု ပျက်ပြားလာခဲ့ ပါတယ်။

အန်တီစု တောင်ကြီးဘက်တွင် နယ်ဆင်းနေပြီး ရန်ကုန်မှာမရှိခိုက် ၁၉၈၉ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ကိုမျိုးသန်းထွဋ် လက်မှတ်ထိုးထားတဲ့ `` လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီရဲ့ အမျိုးသား နိုင်ငံရေး လှုပ်ရှားမှုနှင့် အောင်ဆန်း စုကြည်အပေါ် သုံးသပ်ချက် ´´ ဆိုတဲ့ စာတမ်း ထွက်လာပါတယ်။ အန်တီစု ရှမ်းပြည်က ပြန်ရောက်တော့ ဒီချုပ် ခေါင်းဆောင်များနဲ့ လူ့ဘောင်သစ် ခေါင်းဆောင်များ ဆွေးနွေးတဲ့အခါမှာ လည်း ကိုမျိုးသန်းထွဋ် မပါဝင်ခဲ့ပါဘူး။ ဧပြီလထဲမှာ လူ့ဘောင်သစ် အတွင်းရေးမှူး မိုးဟိန်းနဲ့ တွဲဘက် အတွင်းရေးမှူး ရဲနိုင်အောင်တို့က ကိုမျိုးသန်းထွဋ်ကို ဝေဖန်ထားတဲ့ ``မိုးသီးဇွန် သို့မဟုတ် ကြိုးမဲ့လေတံခွန် ´´ဆိုတဲ့ စာတမ်း ရေးသားခဲ့ကြပါတယ်။ ဒီလိုနဲ့ လူ့ဘောင်သစ် ပြိုကွဲပြီး ဧပြီလ ကုန်ခါနီးမှာ ပထမ အကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံခေါ်ပြီး အမှုဆောင် အသစ်တွေ ရွေးခဲ့ရပါတယ်။ နောက်တော့ ကိုမျိုးသန်းထွဋ်လည်း နယ်စပ် ထွက်သွား၊ လူ့ဘောင်သစ်လဲ ကိုမိုးဟိန်း ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ ကိုအောင်ဇေယျ ခေါင်းဆောင်တဲ့ အဖွဲ့ဆိုပြီး နှစ်ခြမ်းကွဲ သွားပါတယ်။ နောက်ဆုံး ၁၉၉၁ ဒီဇင်ဘာ ကျတော့ အထွေထွေ အတွင်းရေးမှူး လုပ်နေတဲ့ ကိုအောင်မိုးဇော် က နယ်စပ် ထွက်သွားပြီး ဒေါက်တာ စိန်ဝင်းတို့နဲ့ သွားပေါင်းတာကို အကြောင်းပြပြီး န၀တက လူ့ဘောင်သစ်ကို ဖျက်သိမ်း လိုက်ပါတယ်။

အခုလည်းသံသရာတစ်ပတ် လည်လာပြီလို့ ပြောရမလို ဖြစ်နေပါ တယ်။ ၂၀၁၀ ရွေးကောက်ပွဲဝင်ရေး/မ၀င်ရေး နဲ့ ပတ်သက်ပြီး အချင်းချင်း သဘောထားတွေကွဲလွဲ နေကြပါတယ်။ ဧပြီလက ``ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင် ဆင်ရေးစာတမ်း´´ ကို ဦးသိန်းညွန့် ၊ ``စည်းရုံးရေးစာတမ်း´´ကို ဦးအုန်းကြိုင် နှင့် ``နိုင်ငံရေးစာတမ်း´´ကို ဒေါက်တာ သန်းငြိမ်းတို့ က ရေးသားခဲ့ကြပါတယ်။ စာမူ ကြမ်းရေးနေချိန်မှာပဲ မကွေးတိုင်း ကိုယ်စားလှယ် များဖြစ်တဲ့ ဦးစိုးမြင့်နဲ့ ဦးမြင့်သိန်း တို့က ကန့်ကွက်ခဲ့တဲ့အတွက် NLD ရုံးချုပ်မှ ခေါ်ယူတွေ့ဆုံ ခဲ့ရပါ တယ်။ ဦးမြတ်လှ တောင်းဆိုတဲ့ NLD-CEC ၂ ဦးနုတ်ထွက်ပေးရေးကလည်း NLD အတွင်း အတော်ဂယက်ရိုက်ခတ် သွားပါတယ်။ အစည်းအဝေးတက် ရောက်ခိုင်းပြီး ဆွေးနွေးခွင့်မရသူများက မကျေနပ်ဖြစ်နေကြပါတယ်။ ရွှေဂုံတိုင်ကြေညာချက်ပင်လျင် စာသားများ လွဲမှားနေသောကြောင့် ပြဿနာ တက်ခဲ့ကြပြီး ဦးတင်ဦး၊ အန်တီစု၊ ဦးဝင်းတင် နှင့် ဦးခင်မောင်ဆွေ တို့မှအပ ကျန်CEC အဖွဲ့ဝင်များကို ပါတီမှ အနားယူပေးရန်တောင်းဆိုထားကြောင်း သိရပါသည်။

လွန်ခဲ့သော နှစ် ၂၀ ကျော်က ကိုမျိုးသန်းထွဋ် ရေးခဲ့သော စာတမ်းသည် နိုင်ငံရေးအလှည့်အပြောင်းတစ်ခု ကို ဖန်တီးနိုင်ခဲ့ပြီး လူ့ဘောင် သစ်ပါတီ ကို ပျက်သုန်းပျောက်ကွယ်သွားစေခဲ့ပါသည်။ အခု တင်သွင်းသော စာတမ်း ၃ စောင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မြန်မာပြည်သူများအား မည်သို့ အကျိုးခံစားရမည်ကို အချိန်ကအဆုံးအဖြတ်ပေးမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။


အောက်ပါစာသည် မိုးသီးဇွန်၏ အမျိုးသားနိုင်ငံရေးလှုပ်ရှားမှု နှင့် အောင်ဆန်းစုကြည် အပေါ်သုံးသပ်ချက် စာတမ်းဖြစ်ပါသည်။

moethizon >

No comments: