Sunday, May 10, 2009

ဒတ်ခ်ျဘုရင်မကြီးအား ကားတစ်စီးဖြင့် တိုက်မိသည့် လုပ်ကြံမှုကြောင့် လူ (၅)ဦး သေဆုံး

နယ်သာလန်၊ (ဟော်လန်)နိုင်ငံ လက်ရှိဘုရင်မကြီး ဘီးထရစ်၏ ကွယ်လွန်သူ မိခင်ဘုရင်မကြီး ဂျူလီယာနာ၏ မွေးနေ့ဖြစ်သော ဧပြီလ (၃၀)ရက်နေ့ကို ဘုရင်မမွေးနေ့ဟု သတ်မှတ်ကာ နှစ်စဉ် နှစ်တိုင်း အခမ်းအနား ကျင်းပလေ့ရှိသည်။ ယခုနှစ် (၂၀၀၉)ခုနှစ်၊ ဧပြီလ (၃၀)ရက် ကြာသပတေးနေ့တွင် ကျရောက်သော ဘုရင်မကြီးမွေးနေ့ အခမ်းအနားကို နယ်သာလန်တွင် ဘုရင်မကြီး ဘီးထရစ်က အမိုးပွင့်ကားရှည်ကြီးတွင် ထိုင်လျက် စီးနင်းလိုက် ပါကာ အများပြည်သူတို့၏ နှုတ်ဆက်ခြင်း ခံယူလာစဉ်၊ မော်တော်ကားတစ်စီးကို အရှိန်ပြင်းစွာ မောင်းနှင်လျက် လူအုပ်ကြီးကို ၀င်တိုက်ပြီးနောက် ဘုရင်မကြီး၏ကားကိုပါ ဆက်လက်ဝင် တိုက်ရန် ကြိုးပမ်းမှုကြောင့် ပွဲကြည့် ပြည်သူ ၅ဦး သေဆုံးပြီး ၁၂ ဒဏ်ရာရရှိခဲ့သည်။

အသက် ၃၈ နှစ်အရွယ်ရှိ ယခင်က လုံခြုံရေးဝန်ထမ်း အဖြစ် လုပ်ကိုင်ခဲ့ကာ ယခု အလုပ်လက်မဲ့ ဖြစ်နေသူ ဟော်လန် (နယ်သာလန်) နိုင်ငံသားက မကျေနပ်သဖြင့် ဘုရင်မကြီးအား ကားဖြင့်ဝင်တိုက်ကာ လုပ်ကြံသတ်ဖြတ်ရန် ၄င်း၏ကားကို အရှိန်ပြင်းစွာ မောင်းနှင်ကာ လမ်းဘေးမှ ရပ်ကြည့်နေသည့် လူအုပ်ကို ဖြတ်ကျော်ရန် ကြိုးပမ်းစဉ်၊ ထိန်းမရဘဲ လူအုပ်ကို တိုက်မိပြီး၊ အနီးရှိ အမှတ်တရ ကျောက်တိုင်တစ်ခုအား ဆောင့်မိပြီး ကားရပ်သွားခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့များ ရောက်ရှိလာသောအခါ ရပ်ကြည့်နေသော ပရိသတ် ထဲမှ ၅ဦး သေဆုံး၍ ၁၂ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ဘုရင်မကြီး၏ ကားကိုဝင်တိုက် ရန် ကြိုးပမ်းခဲ့သူမှာလည်း လုံခြုံရေး တာဝန်ရှိသူများ ရောက်ရှိလာသောအခါ သတိလစ် မေ့မျောနေပြီ ဆေးရုံ အရောက်တွင် သေဆုံးသွားသည်။

နယ်သာလန်နိုင်ငံ အာပဲဒွန်းမြို့မှာ မြို့တော် အမ်စတာဒမ်၏ အရှေ့ဘက် မိုင် ၆၀ (၉၆) ကီလိုမီတာအကွာတွင် တည်ရှိရာ အခင်းဖြစ်ကားနှင့် ၀င်ရောက်တိုက်သော မြင်ကွင်းကို ဘုရင်မကြီး ဘီထရစ် (အသက် ၇၁ နှစ်)က ၁၅ မီတာ (ကိုက်၅၀) အကွာမှ သဲထိတ် ရင်ဖိုဖွယ်ရာ အထင်းသား မြင်တွေ့ခဲ့ရသည် ဟု သတင်း၌ ဖော်ပြထားသည်။


သတင်း-MMIC

No comments: