Thursday, May 07, 2009

အလုပ်ခန့်ထားမည်ဟု ကြေညာပြီး ပုလိပ်ဖြင့် ဖမ်းခိုင်းသဖြင့် မြန်မာအလုပ်သမား တစ်ရာခန့် ဖမ်းဆီးခံရ

ဘန်ကောက်မြို့အနီး မဟာချိုင်၊ ထိုင်းယူနစ် အရပ်ရှိ ပုဇွန်ကုမ္ပဏီမှ အလုပ်သမားခေါ်ယူကြောင်း ကြေညာထားသဖြင့် မြန်မာအလုပ်သမားများ သွားရောက်အလုပ်လျှောက်ထားစဉ် ပုလိပ်ကို ခေါ်ပြီး ဖမ်းခိုင်းသောကြောင့် အများအပြား ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

ယနေ့နံနက် ၅နာရီခန့်က Thai Union Froozen Food Product Co, Ltd မှ နေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘတ်)မရှိသော အလုပ်သမားများအား အလုပ်ခန့်ထားမည်ဖြစ်ကြောင်းနှင့် လက်မှတ်(ဘတ်)လုပ်ပေးမည်ဖြစ်ကြောင်း ကြေညာထားသဖြင့် မဟာချိုင်ရှိ နေရာအနှံ့မှ မြန်မာအလုပ်သမားများ အများအပြားသွားရောက်ခဲ့စဉ် ကုမ္ပဏီမှ မန်နေဂျာအမျိုးသမီး ကျက်ယိုင်က ထိုင်းပုလိပ်များကို ဖုန်းဆက်ခေါ်လိုက်သဖြင့် မြန်မာအလုပ်သမား ရာနှင့်ချီ၍ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

မောင်လေးနှင့် ညီမလေး(၂)ဦးတို့အတွက် အလုပ်သွားလျှောက်ခဲ့စဉ် ဘတ်ရှိသဖြင့် ဖမ်းဆီးခြင်းမခံခဲ့ရသူ မသန်းတင်က “ကျမတို့ မနက်(၄)နာရီလောက်က သွားပြီးတန်းစီကြပါတယ်။ အလုပ်လည်းရမယ်။ ဘတ်လည်းရိုက်ပေးမယ်ဆိုတော့ လူတွေအများကြီးပဲလာကြတယ်။ အဲဒါ မန်နေဂျာမက ပုလိပ်ကို ဖုန်းဆက်ခေါ်လိုက်တယ်။ အလုပ်လည်း ခေါ်တာမဟုတ်ပဲနဲ့ လူတွေ အဖမ်းခံရတာပဲ အဖတ်တင်တယ်။ လူတယောက်ကို ဘတ်(၂၅၀၀)ပေးပြီး ရွေးနေကြတယ်ရှင့်။ မဟာချိုင်မှာ ဘတ်မရှိတဲ့လူတွေ အများကြီးပဲ” ဟုပြောသည်။

လူ(၁၅)ဦးခန့်ဆန့်သော ကား (၈)စီးဖြင့် ဖမ်းဆီးတင်ဆောင်သွားသဖြင့် လူတစ်ရာထက်မနည်း ရှိနိုင်ကြောင်း အဆိုပါ ကုမ္ပဏီနှင့်ကပ်လျှက် နေရာတွင် မြန်မာအလုပ်သမားများအား ဘာသာရပ်ဆိုင်ရာများ သင်ကြားပြသပေးနေသော အမည်မဖေါ်လိုသည့် မြန်မာကျောင်းဆရာတစ်ဦးက ပြောပြသည်။

အလုပ်ခေါ်ခြင်း မဟုတ်ပဲ ပုလိပ်များအတွက် စားကွက်ထွင်ခြင်း ဖြစ်ကြောင်းလည်း ၎င်းက အခုလို ဆက်ပြောပြသည်။

“အဲဒီအလုပ်ရုံက မန်နေဂျာမ ကျက်ယိုင်ဆိုတာ မဟာချိုင် ပုလိပ်အကြီးအကဲတစ်ယောက်ရဲ့ မယားပါ၊ အလုပ်မှာ လူလည်းမခေါ်ပဲနဲ့ သူတို့ပုလိပ်တွေ ဘတ်သိန်းချီရအောင် စားကွက်ထွင်လိုက်တာပဲဗျ။ ဘတ်မရှိတဲ့လူတွေကို တစ်စုတစ်ဝေးတည်း စုပေးလိုက်တဲ့သဘောပါ။ အဖမ်းခံရတဲ့ အလုပ်သမားတွေကို ရဲစခန်းကြီးကိုလည်းမခေါ်ဘူး။ လမ်းထောင့်၊ လမ်းမတွေမှာရှိတဲ့ ပုလိပ်ရုံး သေးသေးတို့၊ ဘုန်းကြီးကျောင်းတို့မှာ စုထားတာဗျ။ ပြီးတော့ မဟာချိုင်မှာ လူရွေးပေးတဲ့ ပွဲစားတွေရှိတယ်လေ။ သူတို့နဲ့ ရွေးရတာပေါ့။ မဟာချိုင်မှာရှိတဲ့ အင်ဂျီအိုတွေကလည်း ဘာမှမတတ်နိုင်ဘူး။ တော်တော်စိတ်မကောင်းစရာဗျာ။ တချို့ထွက်ပြေးလို့ ဒူးကွဲသူကွဲ၊ နှုတ်ခမ်းပေါက်သူပေါက်နဲ့ဗျာ။ လွတ်ရာလွတ်ကြောင်းပြေးကြတယ်”

မဟာချိုင်တွင် မြန်မာအလုပ်သမား သိန်းချီရှိပြီး၊ လူကုန်ကူးမှု၊ လုယက်မှုတို့အပြင်၊ ထိုင်းစကား ကျွမ်းကျင်စွာတတ်သော မြန်မာအလုပ်သမားများက အလုပ်ရုံများတွင် အလုပ်မလုပ်တော့ပဲ၊ ထိုင်းပုလိပ်များနှင့် ပေါင်း၍ မြန်မာအလုပ်သမားများကို ဖမ်းလိုက်၊ ရွေးလိုက်လုပ်စားနေကြသော နယ်မြေဖြစ်ကြောင်း အထူးနာမည်ကြီးသည်။


သတင်း-http://ghre.org/

No comments: