Saturday, May 02, 2009

နယ်သာလန်ဘုရင်မကြီးကို ကားဖြင့်တိုက်လုပ်ကြံမှုဖြစ်ပွား

Favoured : 2

Dutch Royal Family attackedနယ်သာလန် (ဟော်လန်) နိုင်ငံတွင် ဘုရင်မကြီးနှင့် တော်ဝင်မိသားစုများ “ဘုရင်မနေ့” အခမ်းအနားအတွက် မော်တော်ယာဉ်ဖြင့် လှည့်လည်နေစဉ် လူတစ်ဦးက ကားဖြင့် အပြင်းဝင်တိုက် လုပ်ကြံခဲ့ကြောင်း သိရပြီး ထိုကားမှာ တော်ဝင်မိသားစုများ လိုက်ပါလာသည့် ကားကို တစုံတရာ ထိခိုက်မိခြင်း မရှိသော်လည်း ဘုရင်မကြီးကို နှုတ်ဆက်ရန် ရောက်ရှိနေသော ပရိသတ်များကို ထိခိုက်သေကြေစေခဲ့သည်ဟု သတင်းများတွင် ပါရှိသည်။

အခင်းဖြစ်ပွားပုံမှာ ယနေ့ကျရောက်သော “နယ်သာလန် ဘုရင်မနေ့” အခမ်းအနားအတွက် Apeldoorn မြို့အတွင်း အမိုးပွင့် မော်တော်ယာဉ်ဖြင့် ဘုရင်မကြီး Beatrix ၊ အိမ်ရှေ့မင်းသား Willem Alexander နှင့် ကြင်ယာတော် အပါအဝင် တော်ဝင်မိသားစုဝင်များ စုံစုံညီညီ လှည့်လည်နေစဉ် အသက် (၃၈) နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက မော်တော်ကားကို ပရိသတ်များနောက်မှ အတင်းတိုးဖောက် မောင်းနှင်လာပြီး ဘုရင်မကြီး၏ ကားကို ဝင်ရောက်တိုက်မိရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ဘုရင်မကြီး၏ ကားကို ထိခိုက်မိခြင်းမရှိဘဲ အနားရှိ အထိမ်းအမှတ် ကျောက်တိုင်ကိုသာ ဝင်တိုက်မိကာ ထိုလုပ်ကြံသူမှာ ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။ ၄င်းက မကွယ်လွန်မီ အချိန်လေးတွင် ဘုရင်မကြီးကို လုပ်ကြံရန် ကြံစည်ခဲ့ကြောင်း ဝန်ခံသွားခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များက ၄င်း၏ နေအိမ်ကို စီးနင်းရှာဖွေရှာ အကြမ်းဖက်လုပ်ငန်းနှင့် သက်ဆိုင်သော အထောက်အထား၊ သမိုင်းနောက်ခံ တစုံတရာ မတွေ့ခဲ့ကြသလို စိတ်ကျန်းမာရေး ချို့ယွင်းဖူးသည့် သက်သေများလည်းမရှိဟု သိရသည်။



လုပ်ကြံသူ၏ Suzuki Swift အမျိုးအစား မော်တော်ကား အတင်းတိုးဝင် မောင်းနှင်မှုကြောင့် လူ ၄ ဦးသေဆုံးပြီး ၁၃ ဦးခန့် ဒဏ်ရာရရှိသွားသည်။ ဒဏ်ရာရရှိသူများအနက်မှ ၅ ဦးမှာ စိုးရိမ်ရသည့် အနေအထားတွင် ရှိသည်ဟု Apeldoorn မြို့တော်ဝန် Fred de Graaf က ဆိုသည်။ တော်ဝင်မိသားစုဝင်များသည် ထိုထိတ်လန့်ဖွယ်ရာမြင်ကွင်းကို အထူးမော်တော်ယာဉ်ပေါ်မှနေ၍ မြင်တွေ့ခဲ့ကြရသည်။ အဆိုပါဖြစ်ရပ်ကြောင့် ယနေ့ကျင်းပရန်ရှိသော ပျော်ပွဲရွှင်ပွဲများနှင့် အခမ်းအနားများအားလုံးကို ဖျက်သိမ်းခဲ့သည်။ Apeldoorn မြို့ရှိ နယ်သာလန် အလံများကိုလည်း ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တိုင်ဝက်လျှော့ချ လွှင့်ထူကြသည်။ နယ်သာလန် ဝန်ကြီးချုပ် Jan Peter Balkenende က “အထူးပင် တုန်လှုပ်မိပါသည်” ဟုဆိုခဲ့ပြီး ဝမ်းနည်းဖွယ်နေ့ပင်ဖြစ်သည်ဟု မှတ်ချက်ပြုသည်။ ဥရောပကော်မရှင်ဥက္ကဌ Jose Barroso ကလည်း “ယနေ့လို ဘုရင်မနေ့တွင် ယခုကဲ့သို့ စိတ်မချမ်းမြေ့ဖွယ် သတင်းဆိုးကြားရခြင်းအတွက် အထူးပင် အံ့သြဝမ်းနည်းမိပါသည်” ဟု ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

နယ်သာလန်နိုင်ငံတွင် ယနေ့ နှစ် ၁၀၀ ပြည့်မြောက်သည့် “ဘုရင်မနေ့” သည် လက်ရှိဘုရင်မကြီး၏ မိခင်ဖြစ်သူ ဘုရင်မကြီး Juliana ၏ မွေးနေ့အထိမ်းအမှတ်ဖြစ်ပြီး အစိုးရရုံးပိတ်ရက်ဖြစ်သည်။ ယခုဖြစ်ပွားခဲ့သည့် ဖြစ်ရပ်အတွက် စုံစမ်းဖော်ထုတ်ရေး အဖွဲ့ဝင် ၂၅၀ ခန့် အသုံးပြုသွားမည်ဟုသိရသည်။




http://www.thanlwin.com

No comments: