Wednesday, May 13, 2009

တင်ပို့ဆန်ဝယ်ယူ မှုများကြောင့် ဆန်ဈေး တရိပ်ရိပ်မြှင့်တက်လာ

မြန်မာနိုင်ငံတွင် ပြည်ပသို့ ဆန်တင်ပို့ရန် ပုဂ္ဂ္ဂလိက ကုမ္ပ္ပဏီများက လိုက်လံဝယ်ယူမှုကြောင့် ဆန်ဈေးများ တဖြည်းဖြည်းမြှင့် တက်လာကြောင်း ကရင်နီပြည် (ကယား)၊ ဒီမောဆိုမြို့နေ ဆန်ကုန်သည်တစ်ဦးက ပြောသည်။

၎င်းက “ အခုဆန်ဈေး တက်လာတယ်၊ အရင်တုန်းကဆို ဆန်တစ်အိတ်ကို ၁၃၀၀၀ ကျပ်၊ အခု ၁၄၅၀၀ ကျပ် စားလို့ ဖြစ်တဲ့ ဟာတွေပေါ့၊ အညံ့စားတွေတော့ ရှိပါတယ်။ ဒါထက် ဈေးနည်းနည်း သက်သာပါတယ်၊ ပွဲစားတွေက စပါးတွေ ၀ယ်နေကြပါတယ်၊ စပါးတွေကို မြို့ထဲက ပွဲရုံတွေဆီ ပြန်သွင်းကြပါတယ်၊ ဆန်စပါးတွေကို ပြည်ပကိုပို့ဖို့ ၀ယ်နေကြတာ” ဟုပြောသည်။

ဆန်ဈေးတက်ခြင်းကြောင့် ဒေသခံ သာမန်ပြည်သူ မိသားစုများအတွက်က အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်ဟု ဒေသခံကျောင်းဆရာမ ပင်စင်စားတစ်ဦးက ပြောသည်။

သူက ဆက်ပြီး “ အခုလို ဆန်ဈေးတက်တာ ကျမတို့လို လယ်မရှိ ယာမရှိတဲ့ အစိုးရ ပင်စင်စားတွေ ဆန်ဝယ်စားဖို့ အတော်စိတ်ညစ်ရပါတယ်၊ အခက်အခဲတော့ အများကြီးရှိတယ်၊ ကျမ လုပ်သက် ၁၉ နှစ်နဲ့ ဆေးပင်စင် လစာ ၂၀၀၀ ကျပ်ရပါတယ်၊ ဆန်ဝယ်စားနိုင်ဖို့ မနည်း ရုန်းကန်ရပါတယ် ” ဟု ပြောသည်။

စပါးပေါ်ချိန်တွင် စပါးဈေး၊ ဆန်ဈေး အလွန်အမင်း ကျဆင်းနေသည့် အချိန်မှစပြီး ဆန်ကို နိုင်ငံခြားတင်ပို့ခွင့်ပြုခဲ့ကာ သတ်မှတ်ထားသည့် စည်းကမ်းချက်နှင့်ကိုက်ညီပါက မည်သူမဆို ဆန်တင်ပို့ခွင့် ပါမစ်ချပေးမည်ဟု ကြေညာခဲ့ကြောင်း ဘုရင့်နောင် ဆန်ပွဲရုံ ကုန်သည်ကြီးတစ်ဦးက ပြောသည်။

လက်တွေ့တွင်မူ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဦးတေဇပိုင် ထူးကုမ္ပဏီနှင့် စပါးကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးအောင်သန်းဦး တို့ကဲ့သို့ စစ်အစိုးရ အာဏာပိုင်များနှင့် နီးစပ်သူများသာ ပါမစ် လွယ်လွယ်ကူကူ ရရှိပြီး အလျင်အမြန် တင်ပို့နိုင်ကာ အကျိုးအမြတ်များစွာ ရရှိခဲ့ကြောင်း ကုန်သည်ကြီးများက ပြောသည်။


သတင်း-Kantarawaddy times

No comments: