အမေရိကန်ပြည်ထောင်စုက အီရန်နိုင်ငံနှင့် တွေ့ဆုံ ဆွေးနွေး ရေးကို ပြောကြား လျက်ရှိစဉ် အစ္စရေးက အခြားရွေးချယ်မှု တစ်ခုအတွက် ပြင်ဆင်နေဟန်ရှိသည်။ အစ္စရေး လေတပ်၏ လေယာဉ်များက မကြာမီအတွင်း အစ္စရေးနှင့် စပိန်နိုင်ငံတောင်ပိုင်းအနီးရှိ ဗြိတိသျှ ကိုလိုနီဂျီဘရော်လ်တာ တို့အကြားတွင် နည်းဗျူဟာလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ပြင်သစ် အပတ်စဉ်ထုတ် ဂျာနယ် L'Express ကယခုအပတ်ကုန်တွင် ရေးသားခဲ့သည်။ သတင်း၏ အဆိုအရ စစ်ရေးလေ့ကျင့်မှုကို သိမ်းပိုက်ထားသည့် ပါလက်စတိုင်းနယ်မြေများမှ ကီလိုမီတာ (၃၈၀၀) ဝေးကွာသည့် နေရာတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ရာ အစ္စရေးသိမ်းပိုက်ရေး တပ်သည် အီရန်နိုင်ငံ၏ နျူကလီးယားနှင့် အရေးကြီးသော နေရာများကို တိုက်ခိုက်ရန် စီမံနေကြောင်း သက်သေပြလျက်ရှိသည် ဟုဆိုသည်။ ထိုအချိန်တွင် အဲရိုးနှင့် ပက်ထရီယော့ ဒုံးပျံစနစ်များကို ကိုင်တွယ်ရသူ လေတပ်၏ အရံတပ်သားများမှာ ကျွမ်းကျင်မှု ထက်မြက်စေရန် တစ်ပတ်လျင် တစ်ရက်ကျ စတင်လေ့ကျင့် လျှက်ရှိကြရာ တိုက်ခိုက်မှုများ ဖြစ်လာလျှင် အီရန်မှ အစ္စရေးသို့ ပစ်ခတ်မည့် တာဝေးပစ် ဒုံးပျံများအား စိုးရိမ်မှုကြောင့် ဖြစ်ကြောင်း ဂျေရုဆင်ပို့စ် သတင်းစာက ရေးသားခဲ့သည်။ ကျွန်ုပ် တို့အီရန်ခြိမ်းခြောက်မှု အတွက် ကြိုးစား၍ အသင့်ပြင်လျက်ရှိရာ ဒုံးပျံများစုပြုံ ပစ်ခတ်ခြင်း ထိပ်ဖူးများ ခွဲထွက်လာခြင်းနှင့် အခြားမမျှော်လင့်သည့် ကိစ္စများအတွက် အရံတပ်သားများ အပါအ၀င် တစ်ဦးချင်း လုပ်ဆောင်နိုင်မှုကြောင့် မြင့်မားရန် ထိန်းသိမ်းရေး လိုအပ်ကြောင်း အစ္စရေးလေတပ် အရာရှိတစ်ဦးက ပြောကြားသည်။ လေ့ကျင့်မှုတွင် နိုင်ငံအသီးသီးမှ အစ္စရေးသို့ တစ်ပြိုင်နက် ဒုံပျံများစွာ ပစ်ခတ်မှု အပါအ၀င် မည်သည့် ဒုံးပျံအား မည်သည့် အဆင့်တွင် ကြားဖြတ်တိုက်ခိုက်ရမည်ကို ဆုံးဖြတ်ရေးများ ပါဝင်သည်။ ဒုံးပျံကာကွယ်ရေးနှင့် ပတ်သက်လာလျှင် ခုခံသူများ အနေဖြင့် ခက်ခဲသည့် ဝေခွဲမရမှုများ ရှိကြောင်း အဆိုပါ အရာရှိက ပြောကြားသည်။
ပြီးခဲ့သည့်လက အစ္စရေးလေတပ်က အဲရိုး-၂ ကြားဖြတ်တိုက်ခိုက်ရေး ဒုံးပျံကို (၁၇) ကြိမ်မြောက် စမ်းသပ်ခဲ့ရာ အီရန်လုပ်ရှီဟက် ဒုံးပျံအား အတုယူထားသည့် ဒုံးပျံအား ပစ်ချနိုင်ခဲ့သည်။ ယ္ခုနှစ်အတွင်းမှာပင် အစ္စရေးလေတပ်က မကြုံဘူးအောင် ထုထည်ကြီးမား သည့် စစ်ရေးလေ့ကျင့်မှုကို အမေရိကန် စစ်ဘက်နှင့် ပူးပေါင်းလေ့ကျင့်မည် ဖြစ်ရာ မတူညီ သော ဒုံးပျံစနစ်သုံခုကို စမ်းသပ်မည် ဖြစ်သည်။ ၄င်းတို့မှာ အစ္စရေးလုပ် အဲရိုးနှင့် အမေရိကန် ၏ THAAD ခေါ် အမြင့် ဒုံးပျံကာကွယ်ရေးစနစ်နှင့် အေဂျီစ် ဒုံးပျံစနစ်များ ပါဝင်မည်ဖြစ်ရာ လေ့ကျင့်ရေး အတွက် အစ္စရေးသို့ အထူးယူဆောင် လာမည်ဖြစ်သည်။ သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်၏ နှုတ်ဆက်လက်ဆောင်ဖြစ်သည့် ၂၀၀၈ ခုနှစ်နှောင်းပိုင်းတွင် နီဂေ့ဗ်သဲကန္တာရ အတွင်းချထားခဲ့သော စွမ်းအားမြင့် X-Band ရေဒါကြီးက မကြာမီက ပြုလုပ်ခဲ့သည့် အဲရိုးဒုံးပျံစမ်းသပ်မှုတွင် ပါဝင်ခဲ့ပြီး ၀င်ရောက်လာသည်။ ပစ်မှတ်ကို ခြေရာခံခဲ့သည်။ ၄င်းသည် အီရန်မှ ဒုံးပျံစတင်ပစ်လွှတ် သည်မှစ၍ မိနစ်များစွာ ကြိုတင်သတိပေးနိုင်ကြောင်း စစ်ဘက်သတင်းများက ဆိုသည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်ကမူ အီရန်နျူကလီးယား အဆောက်အအုံများအား စစ်ရေးအရ တိုက်ခိုက်ခြင်းမှာ အချိန်ဆွဲရုံသာ ဖြစ်နိုင်သည်။ အီရန်နိုင်ငံအာ ပိုမိုလုံခြုံစွာ လုပ်ဆောင်ရေး တွန်းအားပေးမည်။ အီရန်နိုင်ငံ၏ နျူကလီးယား လက်နက်ရရှိရေး သန္နိဋ္ဌာန် စိတ်ကို ဖယ်ရှားရန်မှာ ကုလသမဂ္ဂ၏ ပြစ်ဒဏ်များသာလျှင် နည်းလမ်းဖြစ်ကြောင်း ဂိတ်က ပြောကြားသည်။
လွန်ခဲ့သည့် နှစ်နှစ်က အစ္စရေးစစ်ဘက်သည် အီရန်နိုင်ငံ၏ နျူကလီးယား အဆောက်အအုံများအား အစိုးရသစ်မှ မီးစိမ်းပြသည်နှင့် ရက်ပိုင်းအတွင်း ၀င်ရောက် တိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိကြောင်း လန်ဒန်တိုင်း သတင်းစာမှ ရေးသားခဲ့သည်။ အစ္စရေး သည် ခွင့်ပြုမိန့်ရပါက အီရန်အား ရက်ပိုင်းအတွင်း နာရီပိုင်းအတွင်းတွင် ၄င်း၏ တပ်ဖွဲ့များက တိုက်ခိုက်နိုင်ခြင်း ရှိမရှိသိလျက်ရှိသည်။ ဤကိစ္စအတွက် အဆင့်တိုင်းတွင် ပြင်ဆင်လျက် ရှိသည်ဟု ကာကွယ်ရေးဌာန၏ အထက်တန်း အရာရှိတစ်ဦးကို ကိုးကား၍ ရေးသားခဲ့သည်။
စွန့်စားမှုအန္တရာယ်များပြား၍ တိကျစွာ လေကြောင်းမှ တိုက်ခိုက်ရေးအတွက် အသင့်ပြင်မှုများတွင် လေထု အတွင်းမှ သတိပေးခြင်းထိန်းချုပ်ခြင်း တို့ပြုလုပ်နိုင်သည့် AWAC လေယာဉ်သုံးစင်း ၀ယ်ယူခြင်းနှင့် ဒေသအတွင်း အစမ်းလေ့ကျင့်မှုများ ပါဝင်ကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။ ဆူဒန်နိုင်ငံအတွင်းမှ ဂါဇာကမ်းမြှောင် ဒေသသို့ သွားရောက် လျက်ရှိသော လက်နက်များ သယ်ဆောင်လာသည့် မော်တော်ယာဉ်တန်းအား အစ္စရေး လေတပ်က တိုက်ခိုက်ခဲ့ခြင်းမှာ မကြာမီ အတွင်းက ပြုလုပ်ခဲ့သည့် ပြင်ဆင်မှုများတွင် ပါဝင်ကြောင်း လန်ဒန်တိုင်း သတင်းစာကြီးက ရေးသားခဲ့သည်။
သတင်း-MMIC
No comments:
Post a Comment