အမေရိကန်နှင့် မက္ကစီကိုနိုင်ငံများတွင် ဖြစ်ပွားနေသည့် H1N1 ဗိုင်းရပ်စ် ပြန့်နှံ့မှုသည် အဆိုးဝါးဆုံး အခြေအနေကို ရောက်ရှိခဲ့ပြီးနောက် ယခုအခါတွင် စတင်ထိန်းချုပ်နိုင်သည့် အနေအထားသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေး ဆိုင်ရာ အာဏာပိုင်များက ထုတ်ဖော်ပြောကြားလိုက်သည်။ သို့သော်လည်း ထိုဗိုင်းရပ်စ်ကို အမြစ်ဖြတ် ချေမှုန်းလိုက်နိုင်ပြီဟု မဆိုလိုဘဲ နောင်လာမည့် ဆောင်းဦးပေါက်ချိန်များတွင် တကျော့ပြန် ပေါ်ပေါက်လာ နိုင်သေး ကြောင်းလည်း ပညာရှင်များက သတိပေးထားသည်။ အထူးသဖြင့် အဆိုပါနှစ်နိုင်ငံသည် H1N1ကူးစက်မှုကို ပြင်းပြင်းထန်ထန် ကြုံတွေ့ထားရသဖြင့် ဂရုစိုက်သင့်ကြောင်း သိရသည်။ (၁၉၁၈-၁၉)ခုနှစ်များတွင် ပေါ်ပေါက်ခဲ့သည့် စပိန်တုပ်ကွေးသည် လူဦးရေသန်း(၅၀)ခန့်အား သေကြေပျက်စီးစေခဲ့ပြီး ၀က်တုပ်ကွေးမှာလည်း အလားတူ အခြေအနေမျိုး ဖြစ်လာနိုင်သည်ကို ပညာရှင်များက စိုးရိမ်နေ ဆဲဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)၏ အဆိုအရ ကမ္ဘာကိုခြိမ်းခြောက်ခဲ့သည့် H1N1ဗိုင်းရပ်စ်သည် လူမှအစပြုကာ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ ကြက်၊ငှက်တုပ်ကွေးရောဂါ ဗိုင်းရပ်စ်များနှင့် လူတွင်ဖြစ်ပွားတတ်သည့် သမားရိုးကျ ဗိုင်းရပ်စ်များ ပေါင်းစပ်ကာ ၀က်များထံသို့ ကူးစက်ခဲ့ခြင်း ဖြစ်ပြီး ရောဂါဖြစ်ပွားနေသည့်ဝက်မှ လူထံသို့ ပြန်လည်ကူးစက်လာချိန်တွင် ဗိုင်းရပ်စ်အသစ်တစ်မျိုးအဖြစ် ကူးစက်ခြင်းဖြစ်ကြောင်း WHOက ကြေညာ ခဲ့သည်။ မက္ကစီကို ကျန်းမာရေးဝန်ကြီး ဂျို့စ်အိန်ဂျယ်လ်ကာဒိုဗာက H1N1ပြန့်နှံ့မှု အဆိုးရွားဆုံး ဖြစ်ပွားခဲ့သည့် ကာလမှာ ဧပြီလ(၂၃)ရက်နေ့မှ (၂၈) ရက်နေ့အထိဖြစ်ပြီး ထိုကာခအတွင်းတွင် မက္ကစီကိုတွင် လူဦးရေ(၅၀၆)ဦး ကူးစက်ခံရကြောင်း အတည်ပြုနိုင်ခဲ့သည်။ H1N1ဖြင့် သေဆုံးရသည်ဟု ယူဆရသူဦးရေ (၁၆၀)ကျော်မျှရှိပြီး ၎င်းတို့အနက်မှ (၁၉)ဦးသည် H1N1ကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ခိုင်ခိုင်မာမာ ဖော်ထုတ်နိုင်ခဲ့သည်။
ယခင်က ထိုဗိုင်းရပ်စ်သည် ၀က်မှလူသို့ ကူးစက်ခဲ့သည်ဟု မှတ်ထင်ခဲ့ကြသော်လည်း နောက်ပိုင်းတွေ့ရှိမှုများအရ မွေးမြူရေးလုပ်သားများမှတဆင့် တုပ်ကွေးဗိုင်းရပ်စ်များ ၀က်တို့ထံကူးစက်ပြီး ထိုမှတဆင့် အနီးဝန်းကျင်မှ ကြက်၊ငှက်တုပ်ကွေး ဗိုင်းရပ်စ်ဖြစ်သော H5N1နှင့် ထပ်မံပေါင်းစည်းကာ ကမ္ဘာ ကို ကြီးကြီးမားမား ခြိမ်းခြောက်ခဲ့သည့် H1N1ဗိုင်းရပ်စ်အား ဖြစ်ပေါ်စေခဲ့ကြောင်း ပညာရှင်များက ယူဆထားကြသည်။ ကျွမ်းကျင်သူများ၏ အဆိုအရ သာမန်ဝက်တုပ်ကွေးရောဂါသည် လူကိုကူးစက်ရန် ခဲယဉ်းသလို အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ခြေမှာလည်း နည်းပါးလေ့ရှိသည့်တိုင် H1N1 သည် လူကိုကူးစက်မှု မြန်ဆန်သလို ကြောက်စရာလည်းကောင်းကြောင်း၊ ထိုသို့ဖြစ်ရခြင်းသည် မတူညီသော တုပ်ကွေးဗိုင်းရပ်စ် မျိုးဗီဇဆဲလ်များ ရောနှောပေါင်းစပ်နေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့်လည်း ထိုရောဂါပိုး ကူးစက်ခံရခြင်းသည် လူတွင်ဖြစ်လေ့ရှိသည့် တုပ်ကွေးအတိုင်း လေထုထဲမှတဆင့် ပြန့်နှံ့ခြင်းဖြစ်ပြီး ၀က်တုပ်ကွေးဖြင့် သေထားသည့်ဝက်သားကို စားလျင်ပင် ရောဂါကူးစက်ခံရမည့် အခြေအနေမရှိဟု ဆရာဝန်များက ပြောကြားခဲ့သည်။ ကြက်၊ငှက်တုပ်ကွေးသည် ရောဂါဖြစ်ပွားရာ ကြက်(သို့မဟုတ်) ငှက်၏ သွေးများ၊ ကိုယ်တွင်းအစိတ်အပိုင်းများ၊ တစ်သျှူးများအထိ ပြန့်နှံ့တတ်သော်လည်း သာမန်ဝက်တုပ်ကွေး တွင်မူ ရောဂါကူးစက်ခံရသည့်ဝက်၏ အသက်ရှူလမ်းကြောင်းသို့သာ ရောက်ရှိတတ်လေ့ရှိသည်။ ထို့ကြောင့်လည်း ၀က်တုပ်ကွေးသည် လူသို့ ကူးစက် ရာတွင် (၁၀)ဆမှ အဆ(၁၀၀၀)ခန့်အထိ ဖြစ်နိုင်ခြေလျော့နည်းလေ့ရှိသည်။ H1N1ကမူ ၀က်တုပ်ကွေးနှင့်မတူဘဲ ကူးစက်နှုန်းလျင်မြန်ကြောင်း တုပ်ကွေး ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ဒေါက်တာလူဘိုသာက ပြောဆိုခဲ့သည်။
ယခုအခါ H1N1၏ ကူးစက်မှုနှုန်းကို ထိန်းချုပ်နိုင်မည့် အနေအထားမျိုးရှိသည့်တိုင် အမေရိကန်နိုင်ငံ၊ ဥရောပတိုက်၊ လက်တင်အမေရိကဒေသနှင့် ကနေဒါ နိုင်ငံတို့မှ မက္ကစီကိုမှ ပြန့်နှံ့လာသည့် H1N1ကူးစက်မှုကို ခံခဲ့ရကြောင်း အတည်ပြုခဲ့သည်။ မေလ(၃)ရက်နေ့တွင် မက္ကစီကိုအစိုးရက ကျောင်း များနှင့် စီးပွားရေးလုပ်ငန်းများ ပြန်ဖွင့်ရန်စီစဉ်နေပြီဟု ကြေညာခဲ့သော်လည်း ဗြိတိန်နိုင်ငံနှင့် အခြားဥရောပ နိုင်ငံများကမူ အခြေအနေကို စောင့်ကြည့် နေဆဲဖြစ်သည်။ ကိုလံဘီယာနိုင်ငံသည် ထိုရောဂါဖြစ်ပွားမှု ကူးစက်ခံရသည့် ပထမဆုံး တောင်အမေရိကနိုင်ငံဖြစ်လာပြီး ကမ္ဘာတစ်ဝှမ်းရှိ လူဦးရေ (၁၀၀၀)ခန့်မှာ H1N1ကူးစက်မှု ခံခဲ့ရဖွယ်ရှိကြောင်း WHOက ကြေညာထားသည်။ အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေး ဗဟိုဌာနမှ ဒေါက်တာ ရစ်ချတ် ဘက်ဆာက H1N1တုပ်ကွေးသည် သာမန်တုပ်ကွေးကဲ့သို့ပင် ကူးစက်မှုလျင်မြန်နိုင်ခြင်းကို သတိပြုသင့်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း သတင်း ကောင်းမှာ ထိုရောဂါကို ထိန်းချုပ်နိုင်ပြီဟု ယူဆရသည့် အခြေအနေကောင်းများ ပေါ်ပေါက်နေခြင်းပင်ဖြစ်ကြောင်း ဘက်ဆာက ထပ်လောင်း ပြောကြားခဲ့သည်။ အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်(၃၅)ခုတွင် ထိုရောဂါကူးစက်ခံရသူ (၂၄၅)ဦးရှိကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။
သတင်း-MMIC

No comments:
Post a Comment