Monday, September 21, 2009

ယခုနှစ်အတွင်း အစ္စရေး-အီရန်စစ်ပွဲ ဖြစ်လာမည်လား


အစ္စရေးအနေနှင့် အီရန်အား ယခုနှစ်အတွင်းပင် တိုက်ခိုက်လာဖွယ်ရှိကြောင်း အရှေ့အလယ်ပိုင်း စစ်ရေးမဟာဗျူဟာ လေ့လာသူများက သုံးသပ်ခဲ့သည်။ အီရန်က ၎င်းတို့၏ နျူကလီးယား လက်နက်စီမံကိန်းများကို အရှိန်မပျက် ဆက်လက်အကောင်အထည် ဖော်နေပြီး အမေရိကန်နှင့် အနောက်အုပ်စု နိုင်ငံများက လက်ရှိပုံစံအတိုင်း အရေးယူရန် နှောင့်နှေးနေပါက အစ္စရေး၏ ထိုးစစ်သည် အချိန်မရွေး ပေါ်ပေါက်လာနိုင်ကြောင်း နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာန (IISS)မှ ကျွမ်းကျင်သူ မတ်ခ် ဖစ်ဇ်ပါးထရစ်ကဆိုသည်။ ၎င်းသည် အီရန်အရေးတွင် နာမည်ရ ကျွမ်းကျင်သူ တစ်ဦးလည်းဖြစ်သည်။ “အီရန်လက်ထဲမှာ နျူကလီးယားဗုံး ကိုင်ထားတာကို အစ္စရေးက ငြိမ်ပြီးကြည့်နေဖို့ မဖြစ်နိုင်ပါဘူး”ဟု ပါးထရစ်က ထောက်ပြခဲ့သည်။ ထို့အပြင် ထိုစစ်ပွဲ ဖြစ်ပွားလာမှုသည် ကမ္ဘာ့ငြိမ်းချမ်းရေးကို အကြီးအကျယ် ထိပါးလာစေဖွယ် ရှိနေကြောင်း ပါးထရစ်က ဆက်လက်ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဘာရတ်အိုဘားမားသည် အီရန်၏ နျူကလီးယားလက်နက် စီမံကိန်းကို ဟန့်တားနိုင်မည်ဟု ယုံကြည်နေသော်လည်း အစ္စရေးကမူ ကွဲလွဲသောအမြင်မျိုး ရှိနေနိုင်ကြောင်း ပြောကြားခဲ့သည်။ ထို့အတူ ဂျွန်ချစ်ပ်မန်း အမည်ရှိ ပညာရှင်ကလည်း အာဖဂန်နစ္စတန်ဘက်သို့ အာရုံစိုက်နေရသည့် အမေရိကန်၏ တုံ့နှေးနှေး လုပ်ရပ်များသည် အစ္စရေးအတွက် စိတ်ရှည်မည်မထင်ကြောင်း ၀န်ခံခဲ့သည်။ အီရန်သာ နျူကလီးယား လက်နက်များ စတင်ပိုင်ဆိုင်တော့မည်ဆိုလျင် ဒေသတွင်း မဟာရန်ဘက် အစ္စရေးအတွက် အကြီးအကျယ် မလုံခြုံသည့် အနေအထားသို့ ဦးတည်သွားနိုင်သဖြင့် ထိုအခြေအနေကို အစ္စရေးက အဖြစ်ခံမည်မဟုတ်ဟု ချစ်ပ်မန်းကဆိုသည်။ ထို့ကြောင့် အီရန်၏ နျူကလီးယား စီမံကိန်းများ ဆက်လက်လည်ပတ်နေပါက အစ္စရေး၏ ဗုံးကြဲလေယာဉ်များသည် တီဟီရန်မြို့တော်သို့ အချိန်မရွေး ပျံသန်းရောက်ရှိလာနိုင်ကြောင်း ပညာရှင်များက သုံးသပ်ပြောဆိုသွားကြသည်။

No comments: