Friday, October 09, 2009

သိ၊ ကြားစေချင်နေသော အစိုးရ

၈-၁၀-၂၀၀၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ဆောင်းပါးရှင်း အောင်ရှင်းဆိုသူရဲ့ “ သိ၊ ကြားစေ သက်သေညွှန်း ” ဆောင်းပါးကို ဖတ်ရှု့လိုက်ရပါတယ်။ ကျွန်တော်က နိုင်ငံရေးဆောင်းပါးတွေ၊ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ စာပေတွေ၊ ဟောပြော ကြတာတွေကို စိတ်ဝင်စားလေ့သိပ်မရှိပါဘူး။ ဒါပေမဲ့ ဒီ “ သိ၊ ကြားစေ သက်သေညွှန်း ” ဆိုတဲ့ ဆောင်းပါးကို အစပိုင်းလောက် ဖတ်ကြည့်မိတော့ နိုင်ငံရေးထက် အမျိုးသားရေးလို့ဆိုရမယ့် မူးယစ်ဆေးဝါးနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေကိုအသားပေးပြီး ရေးထားတာ တွေ့ရတော့ အဆုံးထိဆက်ဖတ်မိပါတယ်။ မူးယစ်ဆေးဝါး ဆိုတာက ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေ၊ ကျွန်တော်တို့တတွေကို ခေတ်အဆက်ဆက်ဒုက္ခပေးခဲ့တဲ့၊ ကျွန်တော်တို့ရဲ့မျိုးဆက်တွေကို ဒုက္ခပေးနေဦးမယ့် အန္တရာယ်ဆိုးကြီးတစ်ခုပဲလေ။

“ ကျွန်တော်တို့ မြန်မာနိုင်ငံလို ကိုလိုနီစနစ်ရဲ့ နောက်ဆက်တွဲ ပြည်တွင်းသောင်းကျန်းမှုအမွေဆိုးကို ခံစားခဲ့ရတဲ့ နိုင်ငံငယ်ကလေးအနေနဲ့ စီးပွားရေး ပိတ်ဆို့မှုကြောင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှာလည်း ထပ်ဆင့်ထိခိုက်နေရပါတယ်။ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခြင်းနှင့်အတူ ခက်ခဲနက်နဲပြီး ကြိုးပမ်းအားထုတ် ဖြေရှင်းနေရဆဲဖြစ်တဲ့ မူးယစ်ဆေးဝါးပြဿနာအပေါ်မှာလည်း တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိနေပါတယ် ”

ဒါကတော့ ဆောင်းပါးထဲက ကောက်နုတ်ထားတာလေးတွေပါ။ ဟုတ်ပါတယ်။ ကျွန်တော့်အမြင်မှာလည်း ဒီအတိုင်းပဲလက်ခံထားမိပါတယ်။ အာလုံးသိကြတဲ့ အတိုင်းပဲ မူးယစ်ဆေးဝါးနဲ့ဆက်စပ်ပတ်သက်နေတဲ့ အဓိကလုပ်ငန်း အားလုံးဟာ နယ်စပ်ဒေသတွေမှာ အခြေခံထားပြီး လုပ်ကိုင်နေကြတာပါ။ ဒီနယ်စပ်ဒေသတွေမဖွံ့ဖြိုး မတိုးတက်သရွေ့၊ ငွေရလွယ်တဲ့ မူးယစ်ဆေးဝါးလုပ်ငန်းတွေနေရာမှာ အစားထိုးပေးနိုင်မဲ့ တရားဝင်လုပ်ငန်းတွေ၊ အခြေအနေတွေ ဖန်တီးမပေးနိုင်သရွေ့ကတော့ မူးယစ်ဆေးဝါးဆိုတဲ့ ပြဿနာကြီးဟာ ကျွန်တော်တို့နိုင်ငံမှာ အမြစ်တွယ်နေအုံးမှာပါဘဲ။ ဒီလိုဒေသတွေဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရာမှာလည်း ခိုင်မာတောင့်တင်းတဲ့ ဘဏ္ဍာရေးတစ်ရပ် လိုအပ်တယ်ဆိုတာလဲ သိသာထင်ရှားပါတယ်။

နောက်ပြီးတော့ စာပိုဒ်တစ်ပိုဒ်ကိုလည်း သတိထားပြီးဖတ်မိလိုက်ပါတယ် “ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုကို ခံနေရသည့်တိုင်အောင် မိမိမှာရှိတဲ့အရင်းအမြစ်အားလုံးကို စွမ်းအားကုန်အသုံးချပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စေရေးအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ချစ်ကြည်ရင်းနှီးစွာ ချိတ်ဆက်လက်တွဲပြီး အပြည့်အ၀ပူးပေါင်းလုပ်ကိုင်နေတာ အများအမြင်ပဲ ဖြစ်ပါတယ်။ သာဓကတွေပြရရင်တော့ မဲခေါင်ဒေသ ငါးနိုင်ငံနဲ့ United Nations Office on Drugs and Crime (UNODD) တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုမှာ တက်ကြွစွာလှုပ်ရှားမှုရှိတဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ် မြင်တွေ့နိုင်သလို တရုတ်၊ ထိုင်း၊ လာအို၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ရုရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင် စတဲ့နိုင်ငံတွေနဲ့ မုးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆိုင်ရာ သဘောတူစာချုပ်များ၊ နားနည်မှုစာချွန်လွှာများ၊ နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးပြီး လက်တွေ့ကျကျ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နေတာကိုလည်း အားလုံးဘဲ မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။´´ ဆိုတဲ့စာပိုဒ်ပါ၊ ဆောင်းပါးရှင်ရေးထားသလို စွမ်းအားကုန် အသုံးချလား မချလားဆိုတာတော့ ကျွန်တော်လည်း အတိအကျမသိနိုင်ပါဘူး။ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိတဲ့ သတင်းတွေ၊ သံတမန်တွေခေါ်ပြီး မီးရှို့ဖျက်ဆီးပြတဲ့ သတင်းတွေကိုတော့ မကြာမကြာ တွေ့မိပါတယ်။ အိမ်နီးချင်းနိုင်ငံတွေ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာကိုတော့ သဘောကျမိပါတယ်။ မူးယစ်ဆေးဝါးပြဿနာဆိုတာကလည်း ကိုယ့်နိုင်ငံတစ်ခုတည်း အတွင်းကျိတ် ဖြေရှင်းရတာထက်စာရင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ပြီး လုပ်ကိုင်ကြတာဟာ ပိုအောင်မြင် နိုင်မယ်လို့လဲထင်ပါတယ်။ ဒီကိစ္စကြီးက လူသားမျိုးနွယ်တစ်ရပ်လုံးနဲ့ ဆိုင်တဲ့ ကိစ္စကြီးဖြစ်နေတာကိုး။

တရုတ်နဲ့အာဆီယံပူးပေါင်းအဖွဲ့ဖြစ်တဲ့ ACCORD (ASEAN and China Cooperative Operations in Response to Dangerous Drugs) အဖွဲ့နဲ့ပူးပေါင်းပြီး လှုပ်ရှားဆောင်ရွက်တာတွေ၊ အိမ်နီးချင်း တရုတ်၊ ထိုင်းနိုင်ငံ တွေနဲ့ပူးပေါင်းပြီး မူးယစ်ရာဇာတွေကို ဖမ်းမိတာတွေ၊ မူးယစ်ဆေးဝါးဖမ်းဆီးရမိတဲ့ အရေအတွက်တွေကိုလည်း ဆောင်းပါးမှာ ရေးသားထားပါတယ်။ ဆောင်းပါးရှင်ကတော့ တရုတ်နဲ့ပူးပေါင်း ဆောင်ရွက်နေတဲ့ လုပ်ရပ်တွေမှာ အောင်မြင်မှုတွေ ရနေကြောင်း မသိမသာ ပြောခြင်တဲ့ပုံပါပဲ။

အဆုံးသတ်ပိုင်းကြတော့မှ ဆောင်းပါးရှင်က မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေမှာ အားကြိုးမာန်တက်ဆောာင်ရွက်နေကြောင်း၊ အောင်မြင်မှုတွေလဲရနေကြောင်း၊ ဒါပေမဲ့ နိုင်ငံရေးနဲ့ဆက်နွယ်နေတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ဖြစ်နေရကြောင်း မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းအောင်မြင်မှုတွေကို အသိအမှတ်မပြုဘဲ တစ်ဖက်သတ်ပြောဆိုခြင်းများ မပြုလုပ်သင့်ကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ဆောင်ရွက်နေတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပိုမိုအောင်မြင်နိုင်ရေးအတွက် နိုင်ငံတကာအနေနဲ့ (အထူးသဖြင့် အမေရိကန်လို့ ယူဆနိုင်ဖွယ်ရာရှိပါတယ်) နည်းပညာပိုင်းဆိုင်ရာ၊ ငွေကြေးကဏ္ဍ ပိုင်းဆိုင်ရာတွေမှာ ပံ့ပိုးကူညီ ပေးသင့်ကြောင်း တိုင်တည်ပြောဆို သွားခဲ့ပါတယ်။

အစိုးရက တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ နားလည်မှုရယူပြီး အထူးဒေသတွေ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေ ထူထောင်ခဲ့တာ အားလုံးအသိဖြစ်ပါတယ်။ နယ်စပ်ဒေသတွေအတော်အသင့် ဖွံ့ဖြိုးတိုးတက်လာခဲ့ပေမယ့်၊ တိုင်းရင်းသားတွေရဲ့ မိရိုးဖလာလုပ်ငန်းလိုဖြစ်နေတဲ့ ဘိန်းစိုက်ခြင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းလုပ်ငန်း တွေကိုတော့ လုံးဝအမြစ်ပြတ်အောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးတဲ့ပုံပါပဲ။ ခိုင်မာတဲ့ စီးပွားရေးအခြေခံအဆောက်အအုံ မဖန်တီးပေးနိုင်သေးလို့ အချို့သော ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေရဲ့ မူးယစ်ဆေးဝါးလုပ်ငန်းတွေကို မသိကျိုးကျွန်ပြုပေးနေရပုံပါပဲ။ အခုနောက်ပိုင်းတော့ အစိုးရက ကိုယ်တိုင်ပါဝင်ပက်သတ်နေပါတယ်ဆိုပြီး ခဏခဏနာမည်ပျက်နေရတဲ့ မူးယစ်ဆေးဝါးပြဿနာကို ထိထိရောက်ရောက် ရှင်းလင်းချင်နေတယ်နဲ့တူပါတယ်။ ဒီလိုအရင်းအနှီးအင်မတန်ကြီးမားမယ့် ကိစ္စရပ်ကြီးတစ်ခုမှာ နိုင်ငံကြီးတွေရဲ့ အကူအညီတွေကိုလဲ ရယူလိုပုံပါပဲ။ “၀” အပါအ၀င် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသ တစ်လျှောက်က တချို့တချို့သော တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ မူးယစ်ဆေးဝါးလုပ်ငန်းတွေကို အမြစ်ပျက်သုတ်သင်မယ် ဆိုရင်တော့ နိုင်ငံတကာ အကူအညီကို မလွဲမသွေရယူမှာပါပဲ။ ဒါ့ကြောင့်လဲ တရုတ်နဲ့ အမြဲလိုလို ပြိုင်ဘက်ပုံစံဖြစ်နေတဲ့ အမေရိကန်ကို ဟောဒီမှာ တရုတ်နိုင်ငံနဲ့ လက်တွဲဆောင်ရွက်ထားတဲ့ အောင်မြင်မှုတွေ၊ ခင်ဗျားတို့ တစ်တွေရော၊ ဘယ်လိုလဲ . . . ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးရင်ကောင်းမှာပဲဆိုတဲ့ပုံစံမျိုး ပြောချင်နေပုံပါပဲ။

တစ်ဖက်ကလည်း ဦးခွန်ဆာတို့လို တစ်ကယ့်မူးယစ်ရာဇာတွေဟာ သူတို့ရဲ့မူးယစ်ဆေးဝါးလုပ်ငန်းတွေကို စွန့်လွှတ်ပြီး အစိုးရထံလက်နက်ချတဲ့အခါမှာ အစိုးရအနေနဲ့ အစစအရာရာ တာဝန်ယူပြီး ထိန်းသိမ်းခဲ့တာကိုတွေ့ခဲ့ရပါတယ်။ မကြာသေးမီကတော့ အစိုးရရဲ့ကမ်းလှမ်းချက်တွေကို လက်မခဲခဲ့ဘူးလို့ယူဆရတဲ့ ဦးဖုန်းကြားရှင်မိသားစုကတော့ မူးယစ်ရာဇာတွေ၊ လက်နက်မှောင်ခိုသမားတွေအဖြစ်နဲ့ ဇာတ်သိမ်းခဲ့ရတာကို မြင်တွေ့ကြရပြီးဖြစ်ပါတယ်။ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေရှိနေသေးတဲ့ မိုင်ဂျာယန်၊ ၀ ၊ မိုင်းလား၊ နမ့်တစ်၊ စင်ကျိုင်၊ ဆမာဟောင်၊ မိုင်းမော တို့လို့ ဒေသတွေမှာရှိတဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်း ခေါင်းဆောင်တွေကိုတော့ အစိုးရအနေနဲ့ ဘယ်လိုဆက်ပြီး ဆောင်ရွက်မလဲဆိုတာ စောင့်ကြည့်ရမှာပါပဲ။

နိဂုံးချုပ်ပြောရရင်တော့ အစိုးရအနေနဲ့ ၂၀၁၀ မတိုင်ခင် မူးယစ်ဆေးဝါးနဲ့ဆိုင်တဲ့ ပြဿနာတွေကိုဖြေရှင်းချင်တယ်၊ အဲ့ဒီလိုဖြေရှင်းဖို့ကလည်း နိုင်ငံတကာရဲ့ပံ့ပိုးကူညီမှုတွေ မလွဲမသွေ လိုအပ်နေပါတယ်။ လက်တွေ့မှာကြတော့လည်း နိုင်ငံရေးနဲ့နွယ်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် အခက်အခဲတွေက တစ်ခုပြီးတစ်ခု ဖြစ်နေပါတယ်။ ကျန်တဲ့ကိစ္စတွေမှာ အသာထားလို့ ဒီမူးယစ်ဆေးဝါးကိစ္စတွေမှာတော့ Sanction တွေရဲ့ Key Player လို ဖြစ်နေတဲ့ အမေရိကန်နိုင်ငံရဲ့ အကူအညီတွေကို ရနိုင်သလောက် ယူချင်နေပုံပါပဲ။ အမေရိကန်က ကူညီချင်လာအောင်လည်း တရုတ်နဲ့တွဲပြီးလုပ်ခဲ့တဲ့ အောင်မြင်မှုတွေကို ပြောပြနေပုံပါပဲ။ ဒီတော့ ၂၀၁၀ ရွေးကောက်ပွဲ၊ နိုင်ငံရေးပြဿနာများ၊ စီးပွားရေးပိတ်ဆို့မှုများ၊ အသွင် ကူးပြောင်းရေးပြဿနာများနဲ့ ၀န်းရံနေတဲ့ အစိုးရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စတွေမှာ အမေရိကန်အနေနဲ့ ကူညီနိုင်တဲ့လမ်းကြောင်းတွေက ကူညီပါ့မလားဆိုတာကို စောင့်မျှော်ကြည့်ရှု့ကြရတာပေါ့ဗျာ။

No comments: